Wednesday, April 1, 2015

" အရွယ်ရောက်ပြီး အမျိုးသားများနှင့် ကျန်းမာရေး "

" အရွယ်ရောက်ပြီး အမျိုးသားများနှင့် ကျန်းမာရေး "

L0y0la University မှ လေ့လာမှုအရ အသက်ကြီးလာသော အမျိုးသားများတွင် မဖြစ်မနေ ဂရုစိုက်သင့်သော ရောဂါများမှာ နှလုံးရောဂါ၊ ဟောက်ခြင်း၊ သွေးတိုး၊ သွေးတွင်း အဆီများခြင်းနှင့် အူမကြီးကင်ဆာတို့ဖြစ်ကြောင်း ၎င်းရောဂါတို့အား မည်ကဲ့သို့ ကာကွယ်ရမည့် အကြောင်းအား ယခုကဲ့သို့ ဖော်ပြခဲ့သည်။

(၁) နှလုံးရောဂါ- အမျိုးသားများမှာ သဘာဝတရား အရပင်လျင် အမျိုးသမီးများထက် နှလုံးကြွက်သား ဒဏ်ရာရနိုင်ခြေပိုများပြီး၊ မိသားစုအတွင်း၌ နှလုံးသွေးကြောကျဉ်းဖူးပါက ပို၍ အခွင့်အလမ်း ပိုများကြောင်း တွေ့ရသည်။ အကယ်၍ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုသွေးချိုနှင့် သွေးတွင်း အဆီများမှုတို့နှင့် တွဲနေပါက ပို၍ နှလုံးသွေးကြောကျဉ်းနိုင်ခြေ ပိုများသည်။ လေ့ကျင့်ခန်းနှင့် အစားအစာတို့က ယင်းရောဂါ အပေါ်တွင် များစွာသက်ရောက်မှုရှိသည်။

(၂) ဟောက်ခြင်း- လေ့လာမှုများအရ အမေရိကန်၌ လူဦးရေ ၁၈ သန်းခန့်မှာ ဟောက်သည့်လက္ခဏာ (sleep apnea) ကို ခံစားနေရပြီး၊ အများစုမှာ စမ်းသပ်စစ်ဆေးမှုမရှိပေ။ Sleep apnea ၏ လက္ခဏာများတွင် ဟောက်ခြင်း၊ မကြာခဏနိုးခြင်း၊ မကြာခဏသေးထပေါက်ခြင်း၊ အိပ်ယာနိုးစတွင် ခေါင်းကိုက်ခြင်း၊ အိပ်ယာနိုးစတွင် ခံတွင်းခြောက်ခြင်း စသည်တို့ ပါဝင်သည်။ အကယ်၍ Sleep apnea အား ကောင်းမွန်စွာ မထိန်းနိုင်ပါက သွေးတိုး၊ နှလုံးရောဂါ၊ နှလုံးကြွက်သားပုတ်ခြင်းနှင့် လေဖြတ်ခြင်းတို့ ကြုံတွေ့ရနိုင်ပြီး၊ ကိုယ်အလေးချိန်ချခြင်းက အကောင်းဆုံး ကာကွယ်မှုတစ်ခု ဖြစ်လေသည်။ Sleep apnea Test က ရောဂါ စစ်ဆေးရန် အကောင်းဆုံး နည်းဖြစ်သည်။

(၃) အ၀လွန်ခြင်း- မိသားစုအတွင်း မျိုးရိုးရှိခြင်းနှင့် အ၀လွန်ခြင်း နှစ်ခု ပေါင်းပါက သွေးတိုးရောဂါ ဖြစ်စေသော အဓိကအကြောင်းအရင်းဖြစ်သည်။ ကိုယ်အလေးချိန်ချခြင်းက ယင်းပြဿနာများမှ ကင်းဝေးစေနိုင်ပြီး၊ သွေးတိုးအား တိုက်ဖျက်ရာ၌ ဆိုဒီယမ်နည်းသော အစားအစာများ ရှောင်ကြဉ်ခြင်းက ကဏ္ဍတစ်ခုအနေဖြင့် အထောက်အကူပြုလေသည်။

(၄) သွေးတွင်းအဆီများခြင်း- သွေးတွင်း အဆီများခြင်းက မျိုးရိုးဗီဇနှင့် ကြီးမားသောဆက်နွယ်မှု ရှိလေသည်။ သို့သော် အမျိုးသားတစ်ယောက် အနေဖြင့် မိသားစုအတွင်း ဖြစ်ဖူးခြင်းမရှိသော်လည်း သွေးတွင်း အဆီများနိုင်သည်။ အစားအစာနှင့် လေ့ကျင့်ခန်းက အကောင်းဆုံး အဖော်မွန်ဖြစ်သည်။ အကယ်၍ မိသားစုတွင်း သွေးထဲ၌ အဆီများသောရလဒ် တွေ့ရှိရပါက ငါးစားခြင်း သို့မဟုတ် ငါးကြီးဆီအခြေပြု ဖြည့်စွက်စာများ စားခြင်းက ယင်းရလဒ်ကို ကာကွယ်ပေးနိုင်သည်။

(၅) အူမကြီးကင်ဆာ- အူမကြီးကင်ဆာအား ကုသရာတွင် စောစီးစွာ စမ်းသပ်တွေ့ရှိခြင်းက အရေးပါသော ကဏ္ဍမှ ပါဝင်လေသည်။ ထို့ကြောင့် အသက် ၅၀ နောက်ပိုင်း အမျိုးသားများ၌ ၁၀ နှစ် တစ်ခါ အူမကြီးအတွင်း မှန်ပြောင်းဖြင့် ကြည့်သင့်သည်။ အကယ်၍ မိသားစုထဲ၌ ဖြစ်ဖူးပါက ယင်းထက်စော၍ စစ်ဆေးမှုများ ပြု လုပ်သင့်သည်။ ယင်းကဲ့သို့ စစ်ဆေခြင်းမှာ ခံရခက်စေပေမယ့် အသက်ကယ်နိုင်ရန် အခွင့်အလန်းများသည့် အတွက် လုပ်ဆောင်သင့်ကြောင်း အကြံပြုခဲ့သည်။

ဖိုးသောကြာ
Ref;Medindia
Health Updates Journal



lutawlupyaw

No comments:

Post a Comment