Wednesday, June 3, 2015

"အလကားလူ"


"အလကားလူ"

အားလပ်ချိန်တစ်ချိန်တွင် SkyNet ရုပ်သံက ထုတ်လွှင့်ပြသသော Catch Me If You Can ဆိုသည့် ရုပ်ရှင်ဇာတ်ကားကို ကြည့်လိုက်မိပါသည်။ ဇာတ်ကားက လူငယ်လေးတစ်ယောက် အကြောင်းဖြစ်သည်။ လူငယ်လေး ဆိုခြင်းထက် အလွန်တော်သော လူငယ်လေး တစ်ယောက်ဖြစ်သည်။ သို့သော် သူသည် အကောင်းဘက်တွင် တော်ခြင်းထက် အဆိုးဘက်တွင် တော်နေခြင်း ဖြစ်သည်။ အထူးသဖြင့် ချက်လက်မှတ် အတုလုပ်ရာတွင် အလွန်တော်သော လူငယ်တစ်ယောက် ဖြစ်နေခြင်းပင်။

သူသည် အတုလုပ်ရာတွင် အလွန်ပြောင်မြောက်သူ ဖြစ်သောကြောင့် လက်မှတ်အတုများ လုပ်ပြီး သူဖြစ်ချင်သည့် ဘဝများကို လိုက်လုပ်သည်။ ဥပမာ- လေယာဉ်မောင်း လုပ်ချင်လျှင် လက်မှတ်အတုဖြင့် ဝင်လုပ်လိုက်သည်။ ထိုနည်းတူ ဆရာဝန်၊ ရှေ့နေ လောကအားလုံး သူဝင်ပြီး အတုအယောင်ဘဝဖြင့် ကျင်လည်သည်။ ဘာမျှမတတ်သော်လည်း ဟိတ်ဟန်အလွန်ကောင်းသဖြင့် ဟုတ်သယောင် ထိုအသိုင်းအဝိုင်းများက လက်ခံကြသည်။ လူငယ်ဖြစ်သောကြောင့် စိတ်မငြိမ်။ ဖြစ်ချင်ရာ လျှောက်လုပ်ပြီး ဘဝကို ထင်ရာစိုင်းသည်။ မိဘများကလည်း အိမ်ထောင်ကွဲပြီး သူ့ဘဝကို ရေစုန်မျှောထားသော လူငယ်တစ်ယောက် ဖြစ်နေသည်။ မည်သို့ဆိုစေ သူသည် ဘဝတွင်လည်း အတုများဖြင့် နေထိုင်ခြင်း အတတ်ပညာကို လွန်စွာကျွမ်းကျင်သူ တစ်ယောက်ဟု ဆိုရမည် ဖြစ်သည်။

နောက်ဆုံး ရာဇဝတ်ဘေး ပြေးမလွတ် ဆိုသည့်အတိုင်း သူအဖမ်းခံလိုက်ရသည်။ အသက်မပြည့်သေးသည့် လူငယ်တစ်ယောက် ဖြစ်သော်လည်း ငွေဒေါ်လာ သန်းပေါင်းများစွာကို ချက်လက်မှတ်အတုများဖြင့် ထုတ်ယူသုံးစွဲမှု၊ အခြားအယောင်ဆောင် လိမ်လည်မှုများဖြင့် သူအဖမ်းခံရခြင်း ဖြစ်သဖြင့် တိုင်းပြည်အတွက် အန္တရာယ်ရှိသည်ဟု သတ်မှတ်ကာ သူ့ကို ထောင်ဒဏ် ၁၂ နှစ်ချပြီး တိုက်ပိတ်ဒဏ်ခံစေခဲ့သည်။

ဇာတ်လမ်းလေးက ဤနေရာတွင် ပြီးသွားပြီဆိုလျှင် ကျွန်တော်မကြိုက်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ထောင်ကျနေစဉ် ကာလအတွင်း သူ့ကိုဖမ်းခဲ့သည့် ရဲအရာရှိအား ချက်လက်မှတ်အတုများ ဖော်ထုတ်ပေးနိုင်ခဲ့သောကြောင့် FBI က အတုကိစ္စတိုင်းတွင် သူ့ကိုလာပြီး ဖော်ထုတ်ခိုင်းကာ အကြံဉာဏ်ယူသည်အထိ ဖြစ်လာသည်။ နောက်ပိုင်း သူ့ကို ထောင်မှထုတ်ကာ FBI တွင် ငွေတု၊ ချက်လက်မှတ်အတုများ ဖော်ထုတ်ပေးသည့် အရာရှိတစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံလိုက်ရသည်။ ထောင်ကျနေစဉ် ကာလအတွင်း ထောင်ကထုတ်ကာ အရာရှိအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

ထောင်ထွက်ဘဝဖြင့် တည်တံ့စွာ အလုပ်လုပ်ရင်းက ဘဏ်များတွင် ချက်လက်မှတ်များ အတုမပေါ်ပေါက်စေရေးအတွက် အကြံပေးအဖြစ် လုပ်ကိုင်ကာ နှစ်စဉ်ဒေါ်လာသန်းချီရသော အတိုင်ပင်ခံကြီး ဖြစ်လာသည်။ နောက်ပိုင်း ဘဝတစ်ခုလုံးကို အိမ်ထောင်ပြုပြီး သားသမီးများနှင့် ကောင်းစွာနေထိုင်သွားခဲ့ကြောင်း ဇာတ်လမ်းက နိဂုံးချုပ်ထားသည်။

ဇာတ်လမ်းဦးတည်ချက်သည် မကောင်းမှု လုပ်သော်လည်း အပြောင်မြောက်ဆုံး လုပ်နိုင်သည့်အတွက် နောက်ဆုံးတွင် အကျိုးတရားကို ခံစားသွားရသည် ဆိုသောဘက်သို့ ရောက်သွားသည်။ မကောင်းမှုနှင့် ကြီးပွားသွားသည် ဆိုခြင်းမှာ ဂုဏ်ယူအားကျစရာ မဟုတ်သော်လည်း ဘာလုပ်လုပ် အကောင်းဆုံးလုပ်၊ အတော်ဆုံးဖြစ်အောင် ကြိုးစား၊ အပီပြင်ဆုံး ဆောင်ရွက်၊ အလုပ်အပေါ် အလေးထားလျှင် ကြီးပွားတိုးတက်နိုင်သည် ဆိုသောဘက်က ကြည့်လျှင်တော့ ယူတတ်လျှင် ရနိုင်သည့် သဘောရှိပါသည်။

လောကတွင် ဘာလုပ်လုပ် စူးစိုက်ပြီး အလုပ်တွင် နှစ်မြှုပ်ထားလျှင် အလုပ်အကြောင်း ကောင်းကောင်း နားလည်သိရှိနိုင်ပါသည်။ ကိုယ်လုပ်ရသည့် အလုပ်အပေါ် အသေးစိတ် နားလည်ထားခြင်းကလည်း ကြီးပွားအောင်မြင်ရခြင်း၏ လမ်းစဖြစ်ပါသည်။

ဤနေရာတွင် ဆရာတော် အရှင်ဇနကာဘိဝံသ၏ ဆုံးမစကားတစ်ခုကို တင်ပြလိုပါသည်။ ဆရာတော်ကြီးက-
“စိတ်ကို ရွံစရာမလုပ်ကြပါနဲ့။ ကောင်းတာဘက်လုပ်ရင် စိတ်ပါလက်ပါ လုပ်ပါ။ အရှိန်ရလာတော့ ပျော်လာပြီး မပျင်းတော့ပါဘူး။ စိတ်ကရင့်လာတော့ ကိုယ်ကလည်း မြင့်မြတ်ကြီးမားလာတယ်။ ကိုယ့်ကိုယ်ကိုယ် မြှင့်တင်ပြကြပါ။ ခုဘဝ ကြီးပွားတာဟာ နောင်ဘဝမပါဘူး။ အားမကျကြပါနဲ့။ စိတ်ကို ထိန်းပေးကြပါ။ စိတ်ကိုမနုပါစေနဲ့။ ရင့်ပါစေ။ ကိုယ့်စိတ်မကောင်းတာကို သူများပြင်လို့ မရပါဘူး။ ကိုယ်တိုင်ပြုပြင်ယူမှ ရပါတယ်။ အစစအရာရာ ပြုပြင်ပေးကြပါ” ဟု ဆုံးမခဲ့ ပါသည်။ ဘာသာတရားဘက်က ကြည့်လျှင်တော့ အကောင်းစိတ်မွေး၊ အကောင်းတွေးခြင်းဖြင့် မိမိဘဝကို ပြုပြင်ထိန်းကျောင်းနိုင်သည်ဟု ဆိုရမည်သာ ဖြစ်သည်။

လူငယ်များသည် ဖြစ်ချင်စိတ်တွေ များတတ်ပါသည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဆင်ခြင်နိုင်ရန်မှာ ပညာသာ ဖြစ်သည်။ တကယ့်ပညာဆိုသည်မှာ ဦးနှောက်ရော နှလုံးသားကိုပါ သင်ကြားပေးနိုင်ခြင်း ဖြစ်ပါသည်။ ပညာမတတ်သည့် သူခိုးတစ်ယောက်သည် ကုန်တင်ကားကြီး တစ်စီးလောက်သာ ခိုးနိုင်ပါလိမ့်မည်၊ ပညာတတ်သော သူခိုးမှာ မီးရထားလမ်းကြီး တစ်လမ်းလုံးကို ခိုးနိုင်သည်ဟု ဆိုရိုးစကားတစ်ခု ရှိသည်။

ပညာရှာရာတွင် ကြားမြင်သုတ မည်မျှရှိကြောင်း၊ မည်မျှ ဆင်ခြင်စဉ်းစားနိုင်ကြောင်း၊ ယဉ်ကျေးသိမ်မွေ့ကြောင်း ပြိုင်ကြရန် ဖြစ်ပါသည်။ အတန်းများ၊ ဘွဲ့များ၊ အဆင့်များသည် အရေးပါသော ကိစ္စများမဟုတ်ပေ။ အသိဆိုသည်မှာ ပကတိအရှိတရားနှင့် တည်ဆောက်သွားရန်သာ ဖြစ်သည်။ ပညာဆိုသည်မှာ အသိနှင့် အရှိကိုပေါင်းစပ်ထားခြင်းဖြစ်ပြီး ဘွဲ့ရတိုင်း ပညာတတ် မဟုတ်ကြောင်းကို နားလည်ထားရန် လိုပါသည်။ ပညာသာရှိပြီး ကိုယ်ကျင့်တရားမရှိသူမှာ လောကတွင် အချည်းနှီးလူ (အလကားလူ) သာ ဖြစ်ပေလိမ့်မည်။

ကျော်ဗလ

No comments:

Post a Comment