"ကလေးများတွင် အဖြစ်များသော သတိပြုရမည့် ဦးနှောက်အမြှေးရောင် ရောဂါ"
ဦးနှောက် အမြှေးရောင်ရောဂါသည် အသက် ၁၅ နှစ်အောက် ကလေးများတွင် အများဆုံး ဖြစ်ပွားသော်လည်း ယခုအချိန်တွင် အသက် ငါးနှစ်အောက် ကလေးများတွင် ပို၍ အဖြစ်များလာကြောင်း သိရသည်။
ထိုသို့သော အသက်အရွယ်များတွင် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုသည် အရေးကြီးဆုံးအချိန် ဖြစ်သောကြောင့် အထူးဂရုစိုက်ရမည် ဖြစ်သည်။ ထိုရောဂါမှာ အချိန်မီ ကုသမှုမရှိခဲ့ပါက ဉာဏ်ရည်မမီသည့် ကလေးငယ်များ အဖြစ် ပြောင်းလဲသွားနိုင်သောကြောင့် ယခုအချိန်တွင် ထိုဦးနှောက် အမြှေးရောင်ရောဂါသည် ကလေးငယ်များအတွက် အထူး ကြောက်စရာကောင်းသော ရောဂါတစ်ခု ဖြစ်နေသည်။
ဦးနှောက် အမြှေးရောင်ရောဂါတွင် ဗိုင်းရပ်စ်ပိုး အမျိုးပေါင်း ၄ဝ နှင့် ၅ဝ ကြားတွင် ရှိနေကြောင်း သိရသည်။ ခြင်မှတစ်ဆင့် ကူးစက်နိုင်သကဲ့သို့ အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်မှုများလည်း ရှိသည်။
မြန်မာနိုင်ငံ၌ လက်ရှိအချိန်တွင် ဦးနှောက်အမြှေးရောင် ရောဂါသည် အဖြစ်အများဆုံး ရောဂါတွင် ပါဝင်နေသည်။ အဆင့်မြင့် နည်းပညာတချို့လိုအပ်ချက်များ ရှိနေသေးသောကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုးများ၏ အခြေခံကို နိုင်ငံတကာ၌ ရှာဖွေ မတွေ့ရှိသေးသလို မြန်မာနိုင်ငံ၌လည်း တိကျသေချာစွာ မသိနိုင်သေးသဖြင့် ဆေးဝါးများ ပေးအပ်ရာတွင် လိုအပ်သည့် ဆေးအပြင် မလိုအပ်သည့် ဆေးများကိုပါ တွဲဖက် ပေးနေရကြောင်း သိရသည်။
ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်လာပါက နှစ်ရက်၊ သုံးရက် အဖျားတာရှည်နေပြီး တက်ခြင်း၊ သတိလစ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုများ ဖြစ်လာတတ်သည်။ မတက်ဘဲ အကြောဆွဲခြင်း၊ အကြောများ တောင့်တင်းလာခြင်းများလည်း ဖြစ်လာလေ့ရှိသည်။
ထိုသို့ ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများဟု သံသယရှိပါက ဆေးဝါးကုသမှုကို အချိန်မီ ခံယူရမည်။ အသက် ကိုးလနှင့် တစ်နှစ်အရွယ် ကလေးများသည် ၄င်းတို့၏ ဝေဒနာကို သေချာစွာ ပြောမပြနိုင်သောကြောင့် နောက်ဆက်တွဲ ဖြစ်ပွားနိုင်သည့် မသန်စွမ်းသော ကလေးများအဖြစ်သို့ ပြောင်းလဲသွားကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် မိဘများ အနေဖြင့် ငယ်ရွယ်သော ကလေးများ ဖျားပြီဆိုပါက ဆေးရုံ၊ ဆေးခန်းများသို့ ဂရုတစိုက် အချိန်မီ သွားရောက် ကုသသင့်သည်။
ဦးနှောက် အမြှေးရောင်ရောဂါ ဆိုသည်မှာ ဗဟိုအာရုံကြော ဖွဲ့စည်းမှုစနစ် ရုတ်တရက် ပြင်းထန်စွာ ရောင်ရမ်းခြင်းကြောင့် ဆက်စပ်နေသည့် ဦးနှောက်နှင့် အာရုံကြောများ၏ ပုံမှန်လုပ်ငန်းစဉ်များ ပျက်သွားခြင်းဖြစ်ပြီး ဦးနှောက်မှာ မူမမှန်တော့ဘဲ မသန်စွမ်း ကလေးများ အဖြစ်သို့ ပြောင်းသွားသည်။ ဦးနှောက် အမြှေးရောင်ရောဂါသည် ကူးစက်တတ်သော ရောဂါလည်း ဖြစ်သည်။ အရှေ့တောင်အာရှ ဒေသတွင်းရှိ ကလေးများ ဆေးရုံတက်ခြင်းနှင့် သေဆုံးခြင်းတို့မှာ ဦးနှောက် အမြှေးရောင် ရောဂါကြောင့် အများဆုံး ဖြစ်နေသည်။
''ဦးနှောက်အမြှေးရောင် ရောဂါက ဖြစ်ဖြစ်ချင်း လက္ခဏာ ပြတယ်။ ဒီရောဂါက အရမ်းမြန်ပါတယ်။ အသက်ဆုံးရင်လည်း တစ်ပတ်အတွင်းမှာပဲ ဆုံးတာများတယ်။ ကလေးတွေမှာ ဦးနှောက်အမြှေးရောင် ရောဂါက ဗိုင်းရပ်စ်က တစ်ဆင့် ကူးစက်တာကြောင့် ဒီရောဂါ ဖြစ်လာရင် သေဆုံးနှုန်းကလည်း မြင့်မားသလို မသေခဲ့ရင်လည်း နောက်ဆက်တွဲ ကျန်ခဲ့တဲ့ ဆိုးကျိုးတွေက အများကြီး ရှိပါတယ်။ ဒါကြောင့် အချိန်မီ အမြန်ဆုံး ကုသသင့်ပါတယ်'' ဟု ဦးနှောက်နှင့် အာရုံကြော အထူးကု ဆရာဝန် ဒေါက်တာကျော်လင်း က ပြောသည်။
မြန်မာတစ်နိုင်ငံလုံး၌ ဦးနှောက်အမြှေးရောင် ရောဂါသည် နယ်စပ်ဒေသများ ဖြစ်သည့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့၌ အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ အထူးသဖြင့် ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါပိုးသည် နည်းမျိုးစုံဖြင့် ကူးစက်နေသည်။ အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် ကူးစက်မှု အများဆုံး ဖြစ်သည်။ ထို့ကြောင့် ဂျပန် ဦးနှောက်အမြှေးရောင် ရောဂါအတွက် ကာကွယ်ဆေးများ ထုတ်လုပ်ပြီး အသက် ငါးနှစ်အောက် နှင့် မွေးကင်းစ ကလေးများကို စတင်ထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိသည်။
ယခင် ကာကွယ်ဆေး ထိုးနှံမှုများတွင် အဆိုပါ ဂျပန်ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးကို ထပ်မံ အသစ်တိုး၍ ထိုးနှံပေးနေကြောင်း သိရသည်။
ထို့ကြောင့် ဦးနှောက်အမြှေးရောင် ရောဂါလက္ခဏာဟု သံသယရှိပါက ဆေးရုံ၊ ဆေးပေးခန်းများသို့ အမြန်ဆုံး သွားရောက်၍ လိုအပ်သည့် ဆေးဝါးများကို အချိန်မီ ကုသမှု ခံယူသင့်ကြောင်း တင်ပြအပ်ပါသည်။
သီရိ
#Themyawadydaily
lutawlupyaw
No comments:
Post a Comment