"ကြက်သွန်ဖြူသည် အိုမင်းခြင်းနှင့် ဦးနှောက်ရောဂါများကို အကာအကွယ်ပေးနိုင် ဟုဆို"
ကြက်သွန်ဖြူများ စားသုံးခြင်းသည် အိုမင်းရင့်ရော်ခြင်းကို အကာအကွယ် ပေးနိုင်ရုံမက ဦးနှောက်နှင့်ဆက်စပ်သည့် ရောဂါများဖြစ်သော အယ်လ်ဇိုင်းမားနှင့် ပါကင်ဆန်ရောဂါဝေဒနာ များကိုလည်း ပျောက်ကင်းစေနိုင်ကြောင်း အမေရိကန်ပြည်ထောင်စု၊ မစ်ဇူရီ တက္ကသိုလ်မှ သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားကြောင်း Daily Mail သတင်းတွင် ဖော်ပြထားသည်။
ကြသ်သွန်ဖြူကို လူတိုင်းသည် နေ့စဉ်စားသုံးသည့် အစားအစာများထဲတွင် မဖြစ်မနေထည့်သွင်း စားသုံးသင့်ကြောင်း၊ ကြက်သွန်ဖြူကို ဝမ်းမီးကောင်းစေရေးနှင့် သွေးလှည့်ပတ်မှု ကောင်းစေရေးလောက်သာ လူတိုင်းက သိကြသော်လည်း ကြက်သွန်ဖြူ စားသုံးသူများသည် အိုမင်းရင့်ရော်ခြင်းအပြင် ဦးနှောက်နှင့် ဆက်စပ်ပြီး ဖြစ်တတ်သည့် ရောဂါများကိုပါ ကာကွယ်ပေးနိုင်ခြင်းကို သိသူနည်းလှကြောင်း ယင်းတက္ကသိုလ်မှ တွဲဘက်ပါမောက္ခ ဇီဇန်းဂူက ပြောကြားသည်။
လူ့ကိုယ်ခန္ဓာတွင် ကြက်သွန်ဖြူ စားသုံးခြင်းသည် မည်မျှသက်ရောက်မှု ရှိကြောင်းကို လေ့လာစူးစမ်း ဆဲဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကာဘိုဟိုက်ဒြိတ် ဓာတ်ပြောင်းလဲမှု စောင့်ကြည့်နေကြကြောင်း၊ FruArg ဟု ခေါ်သည့် အဟာရနှင့်ဓာတ် ပြောင်းလဲမှုသည် ကိုယ်ခန္ဓာကို များစွာ အကာအကွယ်ပြုနေကြောင်း ယင်းက ဆိုသည်။
ဦးနှောက်ဆဲလ်များသည် လူတစ်ယောက်၏ စိတ်ဖိစီးမှုကြောင့်လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကြောင့် လည်းကောင်း အချိန်မရွေး ပျက်စီးမှုများရှိနေရာ၊ ယင်းရိုက်ခတ်မှုသည် လူကို အိုမင်းရင့်ရော်စေခြင်းများ ဖြစ်စေနိုင်ကြောင်း၊ လေထုညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း တို့ကြောင့်လည်း ဦးနှောက်ဆဲလ်များကို ထိခိုက်စေနိုင်ကြောင်း၊ ကြက်သွန်ဖြူထဲရှိ Microglia ဓာတ်သည် ဦးနှောက်ဆဲလ်များကို အကာအကွယ်ပေးရာတွင် အထိရောက်ဆုံးဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။
http://www.maukkha.org
lutawlupyaw
No comments:
Post a Comment