Friday, April 3, 2015

"မိခင်နို့ရည်လှူဒါန်းခြင်းသည် သွေးလှူဒါန်းသည်ကဲ့သို့ ဇီဝိတဒါနဖြစ်မြောက်"

"မိခင်နို့ရည်လှူဒါန်းခြင်းသည် သွေးလှူဒါန်းသည်ကဲ့သို့ ဇီဝိတဒါနဖြစ်မြောက်"

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဇေးမြို့တွင် မိခင်နို့ရည်ဘဏ်ကို ဖွင့်လှစ်ထားပြီး သားသည်မိခင်များ ပိုလျံသော မိခင်နို့ကို သိုလှောင်ထားရှိကာ မိခင်နို့ သောက်စို့ခွင့်မရသော ကလေးငယ်များ၊ နို့ရည်ခမ်းခြောက်ပြီး မိမိရင်သွေးကို နို့ဝအောင် မတိုက်နိုင်သော မိခင်များကို ထောက်ပံ့ကူညီပေးနေပြီး မိခင်နို့ရည် လှူဒါန်းခြင်းသည် သွေးလှူဒါန်းခြင်းကဲ့သို့ပင် ဇီဝိတဒါန မြောက်ကြောင်း ၄င်းတို့က ခံယူထားသည်ဟု သိရသည်။

ကျွန်မ ပထမဆုံးကလေး မွေးတုန်းက နေ့စဉ်ပိုလျံတဲ့ နို့ကို ရေခဲသေတ္တာထဲ သိမ်းထားတာ အောင်စပေါင်း ရာနဲ့ချီ ရရှိခဲ့ပါတယ်။ ကျွန်မရဲ့ပိုလျံတဲ့ နို့ရည်ကို ဆာလောင်နေတဲ့ မွေးကင်းစလေးတွေကို တိုက်ကျွေးရတာ အလွန်ပဲ ပီတိဖြစ်ပါတယ်။ နောက်ကလေးတွေမွေးလာတော့ ကျွန်မရဲ့ ပိုလျံနို့ရည်တွေကို မိခင်နို့ရည်ဘဏ်ကို အပ်နှံခဲ့ပါတယ်။ ဘဏ်ဝန်ထမ်းက နေ့စဉ် ကျွန်မဆီလာပြီး ကျွန်မလှူဒါန်းတဲ့ နို့ရည်ကို ယူသွားလေ့ ရှိပါတယ်ဟု ကလေး ၃ ဦး မွေးဖွားခဲ့သည်အထိ နို့ရည်ကို လှူဒါန်းခဲ့သူ မိခင်တစ်ဦးက ပြောပြသည်။

မိခင်တွေက လှူဒါန်းထားတဲ့ နို့ရည်ကို ကျွန်မတို့ အခကြေးငွေနဲ့ ရောင်းချနေတာ မဟုတ်ပါဘူး။ နို့ရည် သယ်ယူပို့ဆောင်ခ၊ ထိန်းသိမ်းစောင့်ရှောက်ခ တွေကိုပဲ အလှူခံမယ့်သူတွေက မျှဝေကျခံရတာဖြစ်ပါတယ် ဟု နို့ရည်လိုအပ်လျှင် ဆေးရုံအရောက် သွားရောက်ပို့ဆောင်ပေးသော မိခင်နို့ရည် ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပြသည်။ မိခင်နို့ရည်အလှူခံရာတွင် မိခင်ဖြစ်သူကို သွေးစစ်ခြင်း၊ ရောဂါကူးစက်ခံထားရမှု ရှိ၊ မရှိစစ်ဆေးခြင်း၊ နို့ရည်မှတဆင့် ကူးစက်နိုင်သော ရောဂါရှိ၊ မရှိ သွေးစစ်အဖြေရှာခြင်းတို့ကို ပြုလုပ်ရကြောင်း သိရသည်။

ကလေးတွေအတွက် ၂ မျိုး အကျိုးရှိပါတယ်။ တစ်ခုကတော့ မိခင်တွေ လှူဒါန်းထားတဲ့နို့ရည်နဲ့ အသက် ဆက်နိုင်ကြတာပေါ့။ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ မိခင်နို့ရည်ကို များများသောက်ခွင့်ရလေ IQ မြင့်လေပဲ ဖြစ်တဲ့အတွက် မွေးကင်းစ ကလေးငယ်တိုင်း မိခင်နို့ရည် သောက်ခွင့်ရအောင် အခုလို မိခင်နို့ရည် ဘဏ်တွေဖွင့်ပြီး ကူညီပေးနေတာဖြစ်ပါတယ် ဟု ဆန်ဟိုဇေး မိခင်နို့ရည်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

Lashio News Diary



lutawlupyaw

No comments:

Post a Comment