Wednesday, July 15, 2015
"တာမွေနဲ့ ရွာသာကြီး အမေအိုမေတ္တာကြောင့် နီးပါတယ်" "ရှစ်ဆယ့်ငါးနှစ်ကျော် အဘွားအိုရဲ့ မဆုံးနိုင်တဲ့ မေတ္တာ"
"တာမွေနဲ့ ရွာသာကြီး အမေအိုမေတ္တာကြောင့် နီးပါတယ်"
"ရှစ်ဆယ့်ငါးနှစ်ကျော် အဘွားအိုရဲ့ မဆုံးနိုင်တဲ့ မေတ္တာ"
စိတ်ကျန်းမာရေးဆေးရုံ (ရွာသာကြီး) အမျိုးသားလူနာဆောင်တစ်ခုရဲ့ လူနာတွေကြည့်ဖို့ နေရာပေးထားတဲ့ နေရာလွတ်တွေမှာ ဟိုတစ်စု ဒီတစ်စု လူနာလာကြည့်တဲ့ သူတွေနဲ့ ဆေးရုံဝန်ထမ်းတွေ သွားလာလှုပ်ရှားနေပါတယ်။ သူတို့ရဲ့အနောက်ဖက်မှာတော့ သံပန်းနဲ့ကာရံထားတဲ့ အခန်းလေးတွေထဲမှာ အရွယ်စုံလူ (၅၀) ကျော်ဟာ သံဇကာတွေရဲ့ အပြင်ဖက်ကို လှမ်းမျှော်ကြည့်ရင်း မိသားစုဝင်တွေကို လှမ်းမျှော်ကြည့်နေကြပါတယ်။
လှေကားထစ်လေးတွေပေါ်ကို အသက် (၈၀) ကျော်အရွယ် ပိန်ပိန်ပါးပါး အဘွားအိုတစ်ယောက် တရွေ့ရွေ့တက်လာတယ်။ ဆံထုံးသေးသေးမှာ ဖြူဖွေးနေတဲ့ ဆံပင်လေးတွေ စုစည်းထားတယ်။ အညိုရောင်ထမိန်၊ အင်္ကျီအဖြူ လက်တိုလေး ၀တ်ဆင်ထားတဲ့ အဘွားအိုဟာ ခန္ဓာကိုယ် တ၀က်ခန့်ကိုတောင်ကျော်ပြီး ကုန်းနေတဲ့ကျောပြင်ကို တောင်ဝှေးတစ်ချောင်းနဲ့ ထောက်ကန်ကာ ကျွတ်ကျွတ်အိတ်တစ်လုံးကို တစ်ဖက်က ဆွဲလာတယ်။
သူ့ခန္ဓာကိုယ်နဲ့ မလိုက်ဖက်တဲ့ အိတ်ကြီးထဲမှာတော့ ကော်ရေပုံးလေး နှစ်ပုံး ရှိနေပါတယ်။ အပေါ်ထပ်ကို ရောက်ချိန်မှာတော့ ဘေးဘီကိုတစ်ချက် ဝှေ့ကြည့်ပြီး လူနာကြည့်သူတွေထိုင်ရမယ့် ထိုင်ခုံလေးပေါ်ကို ခပ်ဖြေးဖြေး ထိုင်ချလိုက်ပါတယ်။
နှစ်မိနစ်ခန့် အနားယူပြီးချိန်မှာတော့ ပါလာတဲ့အိတ်ထဲက ပုံးလေးတွေကို အပြင်ထုတ်ပြီး ဖွင့်လိုက်တယ်။ ပုံးတစ်ပုံးထဲမှာတော့ ကော်ဘူးဝိုင်း အသေးစားလေးတွေနဲ့ ထည့်လာတဲ့ ဖက်ကြမ်း (၅) လိပ် ခန့်ပါတဲ့ဘူး၊ ကွမ်းယာလေးတွေ အစီအရီထည့်ထားတဲ့ တစ်ဘူး၊ ဂျင်းနှပ်ပြီး ထည့်ထားတဲ့ဘူးလေးတစ်ဘူး၊ လက်ဖက်နှပ် ထည့်ထားတဲ့ဘူးလေးတစ်ဘူး အပါအ၀င် ကော်ဖီမစ်ထုတ်၊ မိုင်လိုထုပ်အသေးစားလေးနှစ်ထုပ် ထည့်ထားပါတယ်။ နောက်ထပ် ကော်ဘူးလေးမျာတော့ ထမင်းထည့်ထားတဲ့ ထမင်းချိုင့် တစ်ဆင့်ချိုင့်တစ်လုံး၊ ဖန်ခွက်တစ်လုံး၊ ကော်ခွက်တစ်လုံး၊ ပုံဂံပြားတစ်ပြား၊ ဟင်းထည့်ထားတဲ့ချိုင့် အသေးလေးနှစ်ချိုင့် ပါဝင်ပါတယ်။ ပုဆိုး၊ အင်္ကျီ၊ စွပ်ကျယ်တွေ ထည့်ထားတဲ့ အ၀တ်တစ်ထုပ်၊ သရက်သီးမှည့်တွေကို ခွဲစိတ်ပြီး ထည့်ထားတဲ့ ဘူးကလေးတစ်ဘူး ပါဝင်ပါတယ်။
ပါလာတဲ့ပစ္စည်းတွေကို ဧည့်သည်တွေထိုင်ဖို့ ထားထားတဲ့ခုံလေးပေါ်သို့ အစီအရီ စီပြီးတာနဲ့တစ်ပြိုင်နက် အဖွားအိုဟာ တောက်ပတဲ့မျက်ဝန်းတွေနဲ့ ဆရာဝန်တွေ၊ သူနာပြုဆရာမတွေ နားနေတဲ့အခန်းကလေးထဲသို့ ၀င်သွားပါတယ်။ ထို့နောက် ဓါတ်ဘူးတစ်လုံး ကိုင်ဆောင်ပြီး ပြန်လည် ထွက်ခွာလာပါတယ်။ ဒီအချိန်မှာပဲ ဆေးရုံဝန်ထမ်းတစ်ဦးက လူနာတွေထားတဲ့ အခန်းဝမှနေပြီး အထဲကို လှမ်းပြီးပြောလိုက်ပါတယ်။ မောင်ဦး မင်းအမေရောက်ပြီ ထွက်ခဲ့တော့ ဟု ဆိုကာ ခတ်ထားတဲ့သော့ကို ဖွင့်လိုက်ပါတယ်။
ငါ့အမေလာပြီ
အခန်းထဲမှ အရက် ၅ပေ ၈လက်မခန့် အသက် (၄၅) နှစ်ကျော် အရွယ်ရှိသူတစ်ဦး ထွက်လာပြီး အားကိုးရောက်လာပြီဆိုတဲ့ အကြည့်နဲ့ အခန်းထဲမှာရှိတဲ့ ဘ၀တူ စိတ်မကျန်းမာဖြစ်နေတဲ့သူတွေကို လှမ်းပြီးပြောလိုက်ပါတယ်။ "ငါ့အမေရောက်လာပြီ ငါအပြင်ထွက်ဦးမယ် တာ့တာ" ဆိုပြီး ခုနက အဘွားအိုရှိရာနေရာလေးကို လျောက်လာပါတယ်။
အဖွားအိုဟာ သားဖြစ်သူရဲ့မျက်နှာကို တွေ့လိုက်တာနဲ့ သား စား မင်းကြိုက်တဲ့ကော်ပြန့်ကြော် အမေ၀ယ်လာတယ်။ ဟင်းကလဲကြက်သားဟင်း။ လာစားချေလူလေး လို့ ကြင်ကြင်နာနာနဲ့ ပြောလိုက်ပါတယ်။
သားဖြစ်သူကလဲ မိခင်ဖြစ်သူ ပြင်ဆင်ထားတဲ့ စားသောက်ဖွယ်ရာတွေကို မြိန်ရည်ယှက်ရည် စားသောက်နေပါတယ်။ စားပြီးနောက် သားဖြစ်သူဟာ ပါလာတဲ့ကော်ပြန့်ကြော်လေးကို ယူစားပြီး… ပူလဲမပူတော့ဘူး၊ အမေ့ဟာကအေးနေပြီ လို့ ပြောပြီး ကော်ပြန့်ကြော်နှစ်ခုကို ဆက်တိုက် ကောက်စားလိုက်ပါတယ်။
အဖွားအိုက သားဖြစ်သူကို ကြည့်ပြီးမှ မင့်နှယ်ကွယ် တာမွေကနေဒီအထိ နှစ်နာရီကျော် ကားစီးလာရတာလေ။ အေးကုန်ပြီးပေါ့ လို့ ပြန်ပြောလိုက်ပါတယ်။ မိခင်ဖြစ်သူက ပါလာတဲ့ အ၀တ်ထုတ်ထဲမှ အ၀တ်တစ်စုံ ထုတ်လိုက်ပါတယ်။ ပြီးနောက် ရှေ့ကို ညွှတ်ကိုင်းနေပြီဖြစ်တဲ့ ခန္ဒာကိုယ်ကို တောင်ဝှေးမပါဘဲ သားဖြစ်သူနားကို ကပ်လိုက်ပြီး အ၀တ်တွေပေနေပြီသားရယ် လဲရအောင်နော် လို့ ပြောလိုက်ပါတယ်။ သားဖြစ်သူ ခန္ဒာကိုယ်ရဲ့ တစ်ဝက်မက နိမ့်ပါးနေပေမယ့် သားဖြစ်သူကို အင်္ကျီချွတ်ပေးပါတယ်။ သားဖြစ်သူက အ၀တ်မလဲချင်ဘူး။ ကော်ဖီအရင်ဖျော်ပေး မိုင်လိုနဲ့ရောဖျော်နော် ဒါသောက်ပီးမှ အ၀တ်လဲမယ်လို့ ပူဆာပါတယ်။
မိခင်ဖြစ်တဲ့ အဖွားအိုဟာ ချက်ချင်းပင် နောက်ပြန်လှည့်လိုက်ပြီး ပါလာတဲ့ ကော်ဖီမစ် အထုတ်သေးတစ်ထုပ် မိုင်လိုထုပ်တစ်ထုပ်ကို ဖောက်ပြီး ခွက်ထဲကိုထည့် ရေနွေးထည့်ပြီး သေးကွေးတဲ့လက်နဲ့ တစ်ဖက်တစ်ချက်စီကို ခွက်ကလေးကိုင်ကာ လက်ဖက်ရည်ဆိုင်မှာ ဖျော်ပေးနေတဲ့ အဖျော်ဆရာတစ်ယောက်လို ဒီခွက်ထဲကကော်ဖီကို အခြားတစ်ခွက်သို့ ရ ကြိမ် ၈ ကြိမ်ခန့် ပြောင်းလိုက်နဲ့ အအေးခံပေးပြီးမှ ကော်ဖီခွက်ကို သူ့သားလက်ထဲကို ထည့်လိုက်ပါတယ်။
ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံ ဒုတိယရဲ့ အပြင်ဘက် ဧည့်တွေ့တဲ့နေရာမှာ ဒီမြင်ကွင်းကို နေ့စဉ် မြင်တွေ့နေသူတွေဟာ အဖွားအိုကို ဂရုဏာသက်ကြပါတယ်။ နေ့စဉ်မပျက်
မမြင်ဘူးတဲ့သူတွေကတော့ အထူးအဆန်းလို ကြည့်တာ ခံရပေမယ့် ဆေးရုံမှ ဆရာဝန်တွေနဲ့ ၀န်ထမ်းတွေကတော့ အဆန်းတကျယ်လုပ်ပြီး ကြည့်မနေတော့ပဲ ရောက်ပြီလား အဖွားလို့ ပြန်လည် နှုတ်ဆက်ပြီး လုပ်စရာရှိတာကို သမရိုးကျ လုပ်နေတဲ့အလုပ်တစ်ခုလိုပဲ နှုတ်ဆက်ကြပါတယ်။ အဖွားအို သူ့သားကို တနေ့မှမပျက်ကွက်ဘဲ လာတွေ့တာ အနှစ် ၂၀ ကျော် ရှိပြီဖြစ်တယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးဖြစ်သူက ပြောပါတယ်။
သူက "အဖွားအိုဟာ သားဖြစ်တဲ့သူ စိတ်ရောဂါခံစားနေရတဲ့ သူ့ကို ညနေတိုင်း ထမင်းလာရောက်ကျွေးနေကြပါ" ရွာသားကြီးမဖွင့်ခင် တံတားလေးမှာကတည်းက သားဖြစ်သူကို တစ်ရက်မပျက် ထမင်းလာကျွေးနေတဲ့ မိခင်တဦးဖြစ်တယ်လို့ ပြောပါတယ်။
ကျွန်တော် ဒီဆေးရုံမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်း ၂၅ နှစ်ရှိပြီ ကျွန်တော်ရောက်ပြီး မကြာခင်မှာပဲ သူတို့သားအမိကို စသိတာပါ။ သားဖြစ်တဲ့သူက အရက်လွန်ပြီးကြောင်သွားလို့ ဒီနေရာကို မိခင်ဖြစ်သူကိုယ်တိုင် လာရောက် အပ်နှံခဲ့ရတာလို့ ပြောပါတယ်။
သားဖြစ်သူဟာ အသက်လေးဆယ်ကျော်ပြီဖြစ်ပြီး ဆေးရုံကပြန်ဆင်းရင်လည်း အရင်ပုံစံမျိုးပဲ ပြန်ဖြစ်လာတယ်။ အရက်ကြောင်ပြီး စိတ်ဖောက်ပြန်တာတွေ၊ အိမ်ရှိပစ္စည်းတွေကို ရိုက်ခွဲတာ၊ ပတ်ဝန်းကျင်ကိုရန်ရှာတာ၊ မိခင်ဖြစ်သူကို ရန်ပြုလာတယ်။ စိတ်ရိုင်းတွေ ဝင်လာခဲ့တာကြောင့် အိမ်မှာထားလို့မရတာကြောင့် စိတ်ကျန်းမာရေးဆေးရုံမှာပဲ နေထိုင်နေရတာ ဖြစ်ပါတယ်။
အသက် ရှစ်ဆယ်ငါးနှစ်နီးပါးရှိပြီဖြစ်တဲ့ အဖွားအိုမှာ သားနှစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူဆုံးသွားတာ အနှစ် ၂၀ ကျော်ကြာပြီ၊ သားတစ်ယောက်ကလည်း ဆုံးပါးသွားလို့ သူ ဒီမှာ သားတစ်ယောက်တည်း တွယ်တာစရာရှိတယ်။ စိတ်မကျန်းမမာဖြစ်နေတဲ့ သားဖြစ်သူကို နေ့စဉ် ကျောက်မြောင်းတာမွေမှနေပြီး ရွာသာကြီးဆေးရုံကို နေ့စဉ် လာရောက် ထမင်းကျွေးပါတယ်။ သူ့အတွက်တော့ နေ့စဉ် ကားသုံးဆင့်စီးပြီး လာရတဲ့ခရီးဟာ သားမျက်နှာကို မြင်တွေ့ရလို့ မမောဘူးဆိုတာကို အရေးအကြောင်းတွေ ထနေပေမယ့် ကြည်လင်နေတဲ့ မျက်နှာက ဖော်ပြနေပါတယ်။
အနာဂတ်အစီအမံ
တာမွေဈေးပိုင်း မနက်ပိုင်းဈေးရောင်းပြီးရသမျှ စုဆောင်းပြီး သူ သေဆုံးသွားတဲ့အခါမှာ သူ့သားကို ဆေးရုံကဆက်ပြီး စောင့်ရှောက်နိုင်အောင်လို့ ဆေးရုံကို လှူဒါန်းထားပါတယ်။ မနက်ပိုင်းဈေးရောင်းပြီး ရတဲ့ငွေနဲ့ အိမ်ပြန်ထမင်းချက် ပြီးတာနဲ့ သူ့သားရှိရာ ရွာသာကြီးဆေးရုံကို နေ့စဉ် သွားပါတယ်။ ကျောက်မြောင်းမှာ သူ့တူမနဲ့ နေတယ်လို့ပြောပေမယ့် သူနဲ့အတူ ဆေးရုံကိုလာတာ တစ်ခါမှ ဘယ်သူမှ မတွေ့ဖူးပါဘူး။
သားဖြစ်သူက ပါလာတဲ့အစားအသောက်တွေကို စားသောက်ပြီးတာနဲ့ ဖျော်ပေးထားတဲ့ ကော်ဖီကိုသောက် အ၀တ်လဲပြီးနောက် အမေ ဆေးလိပ်ကော လို့ လှမ်းပြောလိုက်ပါတယ်။ မိခင်ဖြစ်တဲ့ အဖွားအိုဟာ ဆေးလိပ်ကိုလှမ်းပေးရင်း ချွတ်ထားတဲ့ အ၀တ်ဟောင်းလေးတွေကို ကျွတ်ကျွတ်အိတ်နဲ့ ခေါက်ထည့်နေပါတယ်။ ပြီးနောက် ရော့ သရက်သီးလေးစားအုန်း စိန်တလုံးသရက်သီးလေး ချိုနေတာပဲ လို့ ပြောပြီး သားဖြစ်သူကို ကျွေးပါတယ်။ သားဖြစ်တဲ့သူက မစားချင်ဘူး မချစ်စုသရက်သီးပဲကြိုက်တာ။ မစားဘူး လို့ ပြောလိုက်ပါတယ်။ မိခင်ဖြစ်တဲ့သူက တစ်လုံး ၅၀၀ တောင်ပေးရတာ စားပါသားရဲ့ ရာသီပေါ်တဲ့ အချိန်မှ စားရတာ စားပါလို ချော့ပြီးကျွေးနေပါတယ်။
ဒီအခါမှ သားဖြစ်သူက ၁၀ နှစ်သားလေးလို အငမ်းမရစားသောက်ပြီး ရော့ကုန်ပြီဆိုပြီး ထည့်ထားတဲ့ ဘူးလေးကိုလှမ်းပေးလိုက်ပါတယ်။
မိခင်ဖြစ်တဲ့ အဘွားအိုဟာ သားဖြစ်သူ စားသောက်ပြီး ချိုင့်တွေကို သေချာဆင့်ပြီးနောက် ပါလာတဲ့ဘူးတွေကိုပြန်ပိတ်ပြီး ထည့်လာတဲ့ ကော်ပုံးထဲကို တစ်ခုခြင်း စနစ်တကျ ပြန်ထည့်နေပါတယ်။ ပြီးနောက် ဝန်ထမ်းတွေနားနေတဲ့ အခန်းဘက်ကို ဓါတ်ဘူးလေးကိုင်ဆောင်ကာ သာမန်ထက်ပိုကုန်းနေတဲ့ ခန္ဓာကိုယ်လေးနဲ့ တစ်ရွေ့ရွေ့ ထွက်ခွာလာပါတယ်။
ဒီမြင်ကွင်းကိုကြည့်နေတဲ့ အခြားလူနာရှင် အမျိုးသမီးတစ်ဦးက အဖွားပေး ကျွန်မလုပ်ပေးမယ်လို့ လှမ်းပြီး တော့ပြောလိုက်ပါတယ်။ အဖွားအိုက မလိုပါဘူးအေ၊ ကျုပ် ဒီလိုလုပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော် မကတော့ဘူး။ လုပ်နေကြပါ။ ကိုယ့်လူနာကို ဂရုစိုက်ကြပါ။ ဒီနေရာကို ဘယ်သူမှ မရောက်ချင်ကြဘူးလေ သူတို့ကိုပဲဂရုစိုက်လိုက်ပါလို့ ပြောပြီး အခုနက ယူဆောင်လာတဲ့ ဓါတ်ဘူးလေးကို ၀န်ထမ်းတွေ နားနေရာအခန်းလေးဆီသို့ တရွေ့ရွေ့သွားနေပါတယ်။
ပြီးနောက် ဆေးကြောစရာရှိတာတွေကို ကိုယ်တိုင်ကိုယ်ကျ ဆေးကြောပြီးနောက် လူနာဆောင်ဖက်ကို တစ်ချက် ဝေ့ကြည့်လိုက်ပါတယ်။ သားဖြစ်သူကလည်း စားသောက်ပြီး ဆေးလိပ်၂ လိပ်ခန့်ကို သောက်ပြီးချိန်မှာ လက်ထဲမှာ နောက်နေ့မနက်သောက်မယ့် ဆေးလိပ်နဲ့ ကွမ်းယာထုပ်ကလေးကို ကိုင်ကာ မိခင်ဖြစ်တဲ့သူရှိရာသို့ ရောက်လာပါတယ်။
မနက်ဖြန်ဘာစားမလဲ
ကဲ အမေပြန်မယ်သား နောက်ကျရင် လိုင်းကားတွေက သိပ်ခက်တယ်။ ကားမရလို့ တိုင်စီ စီးမယ်ဆိုရင် မသက်သာဘူး၊ မနက်ဖြန်ဘာစားမလဲ လို့ ကြင်နာစွာနဲ့ မေးမြန်းနေပါတယ်။
လူနာလာပို့တဲ့ ဧည့်သည်တွေဟာ အရွယ်နဲ့မမျှအောင် သားဖြစ်သူကို နေ့စဉ် ဘယ်လိုလာကြည့်တာလဲ မေးမြန်းပါတယ်။ သူက "ငါ မိဘတာဝန် ကျေချင်တယ် သူ့မှာ အားကိုးစရာ ငါတစ်ယောက်ပဲရှိတယ်။ ကလေးကို ငါမသေခင်ပဲ လုပ်ပေးရတာ၊ သူ့ခမြာ သနားစရာအေ ဒီလိုနေရာမျိုးမှာ နှစ်ပေါင်း နှစ်ဆယ်ကျော် နေနေရတာ ပြင်ပကိုလဲ ထိတွေ့မှုမရှိဘူး၊ ငါမလာတွေ့ရင် နေ့တိုင်း သူ ဟိုအခန်းထဲမှာပဲ နေရမှာ” လို့ ပြောပါတယ်။
သူ့ကျွတ်ကျွတ်တွေကို သိမ်းပြီးတာနဲ့ သူ့သား သူ့အမေကို မနှုတ်ဆက်ဘဲ သူ့ရဲ့ ဆေးရုံအခန်းထဲကို ပြန်ဝင်သွားပါတယ်။ အဖွားအိုဟာ ညနေစောင်းတာနဲ့ ပါလာတဲ့ ကျွတ်ကျွတ်အိတ်ကလေးကို စွဲလျှက် တောင်ဝှေးလေးကိုကိုင်ကာ ဆေးရုံလှေကားလေးဆီသို့ ဖြေးဖြေးချင်း ဆင်းသွားပါတယ်။
ဆေးရုံအဆောက်အဦးရဲ့ ရှေ့ရောက်တဲ့အချိန်မှာတော့ အသင့်စောင့်ကြိုနေတဲ့ ဆိုင်ကယ် တိုင်စီ သမားလေးက အထုပ်ကလေးကို လှမ်းယူလိုက်ပါတယ်။ ပြီးတာနဲ့ အဖွားအိုကို ဆိုင်ကယ်ပေါ် ပွေ့ချီပြီး တင်လိုက်ပါတယ်။
ဆေးရုံဝင်းထဲကနေ ဆိုင်ကယ်ကို မောင်းထွက်ပြီး ကားဂိတ်ရှိရာကို မောင်းနှင်ထွက်ခွာလာပါတယ်။ ဆေးရုံဝင်းနဲ့ ကားဂိတ်ဟာ အတော်အတန်လှမ်းပြီး ကားစီးပါက ၇ မှတ်တိုင်လောက် ဆိုင်ကယ်စီးနေရပါတယ်။
ဆိုင်ကယ်က လေးထောင့်ကန်လမ်းမကြီး သပြေခြံမှတ်တိုင် ရောက်တဲ့နေရာမှာ ရပ်တန့်ပြီး အဖွားအိုကို ဆိုင်ကယ်ပေါ်မှ ပွေ့ချလျက် အနားမှာရှိတဲ့ နေရာလွတ်တစ်ခုပေါ်သို့ ချလိုက်ပါတယ်။
ဒီအချိန်မှာ မိုးကတစ်ဖွဲဖွဲကျနေတာကြောင့် အဖွားအိုဟာ ပါလာတဲ့ မိုးကာအင်းကျီလေးကို ကောက်ဝတ်ပြီး လှည်းကူးဘက်မှ လာတဲ့ ကားတွေကို မျှော်နေပါတယ်။ ဒီအချိန်မှာပဲ ဘေးမှာရှိနေတဲ့ အဌားယာဉ်မောင်သူတစ်ဦးက အဖွား ကားမရှိတော့ဘူးနဲ့တူတယ် တက်စီငှား ပြန်လိုက်ပါလား လို့ ပြောတော့
“တတ်စီ စီးလိုက်ရင် နောက်နေ့ သားအတွက် ကြက်သားဟင်း မချက်နိုင်တော့ပဲနေမယ်" လို့ မိုးရေထဲမှာရပ်နေတဲ့ အဖွားအိုက ခပ်ဖြေးဖြေး ပြန်ပြောပါတယ်။
ကုန်းနေတဲ့ ခန္ဒာကိုယ် အသေးလေးနဲ့ မလိုက်ဖက်စွာ အထုပ်ကို ကောက်ပြီး လမ်းဘက်ကို မျှော်ကြည့်လိုက်ပါတယ်။ ထိုအချိန်မှာပဲ လေးထောင့်ကန်လမ်းဘက်မှ လာတဲ့ ခရီးသည်တင် ဒိုင်နာကားတစ်စီးဟာ ရပ်စောင့်နေတဲ့ ခရီးသည်တွေရဲ့ရှေ့မှာ ထိုးရပ်လိုက်ပါတယ်.
ကားပေါ်တက်ပြီ
အဖွားအိုဟာ အထုပ်ကိုကောက်ပြီး တက်ဖို့ကြိုးစားရာမှာ ကားနဲ့ခန္ဒာကိုယ်ဟာ မမျှတပဲဖြစ်နေပါတယ်။ ကားရဲ့ တက်မယ့်ခြေနင်းခုံဟာ ကုန်းနေတဲ့ သူ့ဦးခေါင်းနဲ့ ညီမျှတဲ့အမြင့် ရှိနေလို့ပါ။ ဒီအချိန်မှာပဲ ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ သူတစ်ယောက်က ခန္ဒာကိုယ်ကို ပွေ့တင်ပြီး ကားပေါ် တင်ပေးလိုက်ပါတယ်။ ထို့နောက် အဖွားအိုဟာ သူရဲ့ လက်စွဲတော် တောင်ဝှေးကို ကားထိုင်ခုံအောက်မှာ၊ ပါလာတဲ့အထုပ်ကို ခြေထောက်အနီးမှာချပြီး သေးကွေးနေတဲ့လက်တစ်ဖက်ကို ကားဘေးနားက တန်းကို တင်းကျပ်စွာ ကိုင်ထားပြီး စပယ်ယာကို ခဏစောင့်လိုက်ပါဦး ဆေးရုံထဲမှာ ပြန်မယ့်လူနာတွေ ရှိနေသေးတယ်။ ကားတစ်စီးနဲ့တစ်စီးက သိပ်ကြာတော့ သူတို့ကို မှီစေချင်တယ်လို့ ပြောနေပါတယ်။
ကားစပယ်ယာကတော့ လူတွေကိုဝှေ့ပတ်ကြည့်ပြီးတော့ ဆွဲတော့ ဆရာ ဆိုပြီး မောင်းသွားပါတော့တယ်။ ကားက လေးထောင့်ကန်လမ်းမကြီးအတိုင်း မောင်းနေပါတယ်။ သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်ရှေ့ရောက်ချိန်မှာတော့ ကားဟာ ဂိတ်ဆုံးသွားခဲ့ပါပြီ၊ လူတစ်ယောက်မှ မကျန်တော့မှ အဖွားအိုဟာ ကားပေါ်မှ ဆင်းဖို့ ရွေ့လျားလာနေပါတယ်။ စပယ်ယာက သူ့ကို ပွေ့ချလိုက်ပါတယ်။ ထို့နောက် သူဟာ တောင်ဝှေးကိုအားပြုပြီး အိမ်ပြန်ဖို့ နောက်ထပ် ကားတစ်ဆင့်စီးဖို့ ပြင်ဆင်နေပါတယ်။ လုံချည်ကိုတင်းကျပ်စွာဝတ်ပြီး တုတ်ကို မြေပြင်ပေါ်မှာ တစ်ဒေါက်ဒေါက်ထောက်လျက် စံပြဈေးမှ တာမွေသွားမယ့် ဘတ်စ်ကားဂိတ်ကို တရွေ့ရွေ့ထွက်ခွာသွားနေပါတော့တယ်။
Author အေးအေးအောင်
၁၄.၇.၂၀၁၅ ထုတ် ကုမုဒြာဂျာနယ် မှ ဆောင်းပါး
Kumudra
Subscribe to:
Post Comments (Atom)
No comments:
Post a Comment