Friday, July 10, 2015

"ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်ခဲ့ပေမယ့် မမေ့နိုင်ဆဲ ဒွေး"


"ကွယ်လွန်ခြင်း ရှစ်နှစ်ပြည့်ခဲ့ပေမယ့် မမေ့နိုင်ဆဲ ဒွေး"

 ဇူလိုင် ၁၁ ရက်တွင် ပြည်သူ့အချစ်တော် သရုပ်ဆောင်  ဒွေးကွယ်လွန်ခဲ့သည်မှာ ရှစ်နှစ်ပြည့်ပြီဖြစ်သော်လည်း ပရိသတ်များ၏ရင်ထဲတွင် ဒွေးဆိုသည့် မင်းသားတစ်ယောက် နေရာယူထားဆဲဖြစ်သည်။

ဒွေးကွယ်လွန်ခဲ့သည့်ရက် နှစ်ပတ်လည် နီးကပ်လာသည်နှင့်အမျှ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် ဒွေးပုံများကို ပရိုဖိုင်အဖြစ်ပြောင်းခြင်း၊ ဒွေးကို နှမြောတသလွမ်းဆွတ်သည့် အကြောင်းအရာများ ရေးသားခြင်း စသည့် ဒွေးအောက်မေ့ဖွယ် အမှတ်တရများကို ၎င်း၏ ပရိသတ်အချို့က ပြုလုပ်ခဲ့ကြသည်။

‘‘သူ့ကားတွေ ပြန်လွှင့်ရင်လည်း ကြိုက်တယ်။ သူက မိတ်ကပ်လည်းမလိမ်းတော့ သဘာဝ ကျတယ်။ မျက်လုံးနဲ့ သရုပ်ဆောင်တာကို ကြိုက်တယ်’’ ဟု ဒွေး၏ ပရိသတ်တစ်ဦးက ပြောသည်။

ယခုခေတ်သရုပ်ဆောင်များသည် အလှအပကို ဦးစားပေး၍ သရုပ်ဆောင်နေသည်ဟုထင်ပြီး ဒွေး၏ သရုပ်ဆောင်မှုများမှာ ၎င်း သရုပ်ဆောင်ရသည့် ဇာတ်ရုပ်များကို ဝတ်စားဆင်ယင်မှုပိုင်းမှ စ၍ လိုက်ဖက်အောင် ဝတ်ဆင်လေ့ရှိသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကွယ်လွန်သွားသည်မှာ ရှစ်နှစ်ပြည့်ပြီဖြစ်သော်လည်း ယခုအချိန်ထိ ပရိသတ်များ၏ ရင် ထဲတွင် နေရာယူထားနိုင်ခြင်းမှာ ပရိသတ်များကို ဒွေးက ချစ်သောကြောင့် ပရိသတ်များကလည်း ယခုအချိန်ထိ ဒွေးကို ချစ်နေခြင်း ဖြစ်နိုင်ကြောင်း ဒွေး၏ညီ သားညီက ပြောသည်။

‘‘မှော်ဘီက သာသနာ့ဝန်ဆောင် ကျောင်းမှာ ဒီနေ့ (ဇူလိုင် ၁၀ ရက်) မနက်မှာ ဆွမ်းသွား ကပ်တယ်။ အဲဒီမှာက နှစ်တိုင်း ဆွမ်းကပ်ဖြစ်တယ်။ မနက်ဖြန် (ဇူလိုင် ၁၁ ရက်) မှာတော့ မိသားစုက သူ့အုတ်ဂူကိုသွားပြီး ပန်းစည်းချမယ်။ သန့်ရှင်းရေးလုပ်မယ်။ နောက်ပြီး သူ့အတွက် ဘုရားမှာ ရွှေသင်္ကန်းကပ်ပေး မယ်’’ ဟု သားညီက ပြောသည်။

ယခုနှစ်တွင် ရှစ်နှစ်ပြည့် အမှတ်တရအနေဖြင့် ၎င်းနှင့်အတူ နှစ်ယောက်တွဲထွက်ရှိထားသည့် ‘တစ်ယောက် တစ်ဝက်’ တေးစီးရီးအတွက် ရိုက်ကူးထားသည့် သီချင်းဒီဗီဒီကို ပရိသတ် များထံဝေပေးရန် စီစဉ်ခဲ့သော်လည်း အလုပ်များနေသောကြောင့် အကောင်အထည်မဖော် နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ဆယ်နှစ်ပြည့်ကိုတော့ ပွဲလုပ်ဖြစ်ဖို့များတယ်။ ကျွန်တော် တစ်ယောက်တည်းကျတော့လည်း မနိုင်ဘူးလေ။ အကုန်လုံး ဝိုင်းပြီး အကူအညီတောင်းပြီးလုပ်မယ်။ တကယ်လို့ ပွဲမလုပ်နိုင်ရင်တောင် သူ့ရဲ့မှတ်တမ်းဇာတ်ကား လေး ပြနိုင်အောင် အခုကတည်းက ပြင်ဆင်ရမယ်’’ ဟု သားညီက ပြောသည်။

ကွယ်လွန်သူဒွေး၏နေရာကို ဆက်ခံနိုင်သော  သရုပ်ဆောင်ကောင်းသည့် မင်းသား ယနေ့အထိ မရှိသေးကြောင်း ရုပ်ရှင်ချစ်ပရိသတ်အချို့က ပြောသည်။

‘‘အခုနောက်ပိုင်းမှာ သေသေချာချာလုပ်ခွင့်ရတဲ့ ဇာတ်တွေ မရိုက်ဖြစ်ကြဘူး။ မရိုက်ဖြစ်တာကလည်း ဈေးကွက်က ဟာသကိုလက်ခံတယ်။ ဖန်စီတွေကို လက်ခံတယ်။ အဲဒီတော့ အလှပြပြီး ပြောဟယ်ဆိုဟယ်နဲ့ တွစ်လေးတွေက ခပ်ပါးပါးလေးတွေနဲ့ပဲ သွားတာ။ အရင်တုန်းကလို ဟဲဗီးဇာတ်တွေ သရုပ်ဆောင်ခွင့်ရရင် ဒီနေ့ကလေးတွေလည်း ကြိုးစား ကြမှာ’’ ဟု ယနေ့ခေတ်သရုပ်ဆောင်များတွင် ဒွေးကိုမီသူမရှိ ဆိုသည့် ပရိသတ်များ၏ မှတ်ချက် အပေါ် ဒွေးနှင့်ဇာတ်ကားများစွာ လိုက်ဖက်ညီညီ သရုပ်ဆောင်ခဲ့သူ ထွန်းအိန္ဒြာဗိုက သုံးသပ်သည်။

သရုပ်ဆောင်ဒွေးသည် အနေအေးသလို စကားများများပြောလေ့ရှိသူ မဟုတ်သောကြောင့် ၎င်းနှင့်ပတ်သက်၍ အမှတ်တရ များစွာမရှိသော်လည်း ရိုက်ကူးရေးတစ်ခုတွင် ဒေါက်ဖိနပ်ဖြင့်လဲကျရမည်ကို ဒွေးက ဆွဲခဲ့သောကြောင့် ထိခိုက်မှုမရှိခဲ့ခြင်းဖြစ်သည်ဟု ဒွေးနှင့်ပတ်သက်သည့် အမှတ်တရတစ်ခုကို ထွန်းအိန္ဒြာဗိုက ပြောသည်။

‘‘အများပြည်သူတွေအားလုံး ကြိုက်တဲ့ သူ့ရဲ့သရုပ်ဆောင်မှုကို ကျွန်မလည်းကြိုက်ပါတယ်။ တကယ်ဈာန်ဝင်စားနိုင်တာ၊ ခံစားနိုင်တာ၊ ဥပမာ သူဝမ်းနည်းလို့ ငိုမယ်ဆိုရင် ကြည့်တဲ့ပရိသတ်က လိုက်ငိုချင်အောင် သရုပ်ဆောင် နိုင်တယ်’’ ဟု ၎င်းက ပြောသည်။

ဒွေး၏ မိသားစုက ဇူလိုင် ၁၁ ရက် သို့ရောက်တိုင်း အလှူဒါနများ ပြုလုပ်ပေးလေ့ရှိသလို ဒွေး၏မန်နေဂျာ ကိုစတီးလ်ကလည်း ဇူလိုင်၁၁ ရက် ရောက်တိုင်း အလှူဒါနများ ပြုလုပ်ပေးလေ့ရှိသည်။ ယခုနှစ်တွင်လည်း ရှုခင်းသာဘက်မှ ဘုန်းကြီးကျောင်း၌ နံနက်အရုဏ်ဆွမ်းကပ်ကာ သန်လျင်ရှိ သဘာဝရိပ်သာသို့ သွားရောက် လှူဒါန်းမည်ဟု ကိုစတီးလ်က ပြောသည်။

‘‘ပရိသတ်ကို သူလုံးဝ မစော်ကားဘူး။ အနုပညာနဲ့ပတ်သက်ပြီးလည်း မစော်ကားဘူး။ ပုဂ္ဂိုလ်ရေးအရလည်း မစော်ကားဘူး။ ပါးစပ်ကနေ ပရိသတ်ကို ချစ်ပါတယ်၊ ချစ်ပါတယ်မပြောဘူး။ ရင်ထဲမှာထားတာ။ အဲဒါကြောင့်လည်း ဒီနေ့ထက်ထိ ပိုက်ဆံရှိတဲ့ သူဌေးကနေ အောက်ခြေလူတန်းစားအထိ ဒွေးကိုမကြိုက်တဲ့လူ မရှိဘူး။ ဆုံးတာ ရှစ်နှစ်ရှိပြီ။ အခုထက်ထိလည်း သတိရနေကြတုန်း’’ ဟု ကိုစတီးလ်က မှတ်ချက်ပြုသည်။

ဒွေးသည် ၂၀၀၇ ဇူလိုင် ၁၁ ရက် အသက် (၄၂) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး  ဗီဒီယိုနှင့် ရုပ်ရှင်ဇာတ်ကား ၁၀၀ ကျော် ရိုက်ကူးခဲ့ကာ ၁၉၉၇ တွင် အမေ့ခြေရာ ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သည်။


Credit: 7day daily

No comments:

Post a Comment