Wednesday, July 29, 2015
"လက်မပါတဲ့ ပထမဆုံးလေယာဉ်မှူးနဲ့ တွေ့ဆုံခဲ့တဲ့ ဘ၀တူကောင်မလေး"
"လက်မပါတဲ့ ပထမဆုံးလေယာဉ်မှူးနဲ့ တွေ့ဆုံခဲ့တဲ့ ဘ၀တူကောင်မလေး"
အသက် ၃ နှစ်သာ ရှိသေးတဲ့ အမေရိကန်နိုင်ငံက ရုဗ်အီဗလင်းပရန်ကီဆိုတဲ့ ကောင်မလေးဟာ မွေးဖွားလာကတည်းက လက်နှစ်ဖက်စလုံး မပါဘဲ မွေးဖွားလာသူလေး ဖြစ်ပါတယ်။ ဒါပေမယ့် ရုဗ်ဟာ သူမလိုပဲ ဘ၀ကို ကြံ့ကြံ့ခံဖြတ်သန်းပြီး အောင်မြင်နေတဲ့ ကမ္ဘာပေါ်က လက်မပါတဲ့ ပထဆုံးအမျိုးသမီးလေယာဉ်မှူး ဂျက်စီကာကော့စ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ရုဗ်ကို သူမရဲ့မိခင်က သူတို့နေထိုင်တဲ့ စိန့်ပေါ်လီကနေ လေယာဉ်စီးပြီး ဂျက်စီကာနေထိုင်တဲ့ မင်နီဆိုတာပြည်နယ်ဆီ ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂျက်စီကာဟာ လက်နှစ်ဖက်စလုံး မပါဘဲ ခြေထောက်တွေနဲ့ မောင်းနှင်နိုင်တဲ့ လေယာဉ်မှူးအဖြစ် ဂရင်းနစ်စံချိန် တင်ထားသူဖြစ်သလို တတိယအဆင့် တိုက်ကွမ်ဒိုခါးပတ်အနက် (ဆန်းဒန်) ရရှိသလို မသန်စွမ်းတွေအရေး လှုပ်ရှားသူနဲ့ စိတ်ဓါတ်ခွန်အား တက်ကြွရေးဆိုင်ရာ ဟောပြောသူတစ်ယောက်လည်း ဖြစ်ပါတယ်။
“ကျွန်မတို့အနေနဲ့ လက်မပါတာ ဒါမှမဟုတ် တစ်ခုခု ချွတ်ယွင်းနေရင်လည်း ဘ၀မှာ ပြဿနာမရှိဘူးဆိုတာ လူတွေကို ပြသခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ရုဗ်ရဲ့မိခင်ဖြစ်သူ ကာလင်းက ဆိုပါတယ်။ ကာလင်းဟာ ရုဗ်ကို ကိုယ်ဝန်ဆောင်ပြီး သီတင်းပတ် ၂၀ အကြာမှာပဲ သမီးလေးဟာ လက်နှစ်ဖက်စလုံးမပါဘဲ မွေးဖွားလာမယ်ဆိုတာ သိခဲ့ရပြီး လက်နှစ်ဖက်မပါပေမယ့် ပုံမှန်လူတွေထက်တောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဂျက်စီကာအကြောင်းကို ဖတ်ရပြီး စိတ်ဓါတ်ခွန်အားတွေ တိုးခဲ့ရတယ်လို့ ဆိုပါတယ်။
ဂျက်စီကာကလည်း သူမနဲ့ ရုဗ်တို့ အပြန်အလှန်ပွေ့ဖက်ခဲ့ကြတာကို ကြည့်ရင် လက်မပါတာဟာ တခြားသူတွေနဲ့ ခြားနားနေတာမျိုးမဟုတ်ဘဲ အတူတူပဲဆိုတာ သိနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ရုဗ်ရဲ့မိခင်ဖြစ်သူ ကာလင်းကတော့ လက်နှစ်ဖက်မရှိပေမယ့် လေယာဉ်မောင်းနှင်၊ တိုက်ကွမ်ဒိုကစားနိုင်၊ ရေကူးနိုင်၊ ကားမောင်းနိုင်တဲ့ ဂျက်စီကာလိုပဲ သမီးဖြစ်သူကို ပြုစုပျိုးထောင်သွားဖို့ ရည်မှန်းနေပါတယ်။
Ref – Mirror
Credit: Planet
Subscribe to:
Post Comments (Atom)
No comments:
Post a Comment