Thursday, July 16, 2015
"ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့"
"ခေါင်းချွေးထွက်ရောဂါ သက်သာစေဖို့"
ခေါင်းချွေးထွက်သူများသည် ပူသော ရာသီတွင်ဖြစ်စေ၊ အေးသော ရာသီတွင်ဖြစ်စေ ချွေးရွှဲနေအောင် ထွက်လေ့ရှိကြသည်။ အချို့သည် ဆောင်းတွင်းမှာပင် ခေါင်းချွေးများ ထွက်လျက် မကြာခဏ သုတ်ပေးနေရသည်ကို တွေ့ရသည်။ အထူးသဖြင့် ဆံပင်ကျွတ်ပြီး ထိပ်ပြောင်သူများသည် ပို၍ ဖြစ်သည်ကို တွေ့ရှိရသည်။
လေမျိုး ၈ဝ တွင် ကိုယ်တွင်း လှည့်လည်နေသော လေရှိသည်။ ထိုလေသည် အထက်သို့ဆန်လိုက်၊ အောက်သို့စုန်လိုက် လှည့်လည်နေသည်။ ပုံမှန် လှည့်လည်နေရာမှ လေပူဖြစ်ပြီး အထက်သို့ အဆန်များလာခြင်း၊ အောက်သို့ အစုန်နည်းလာခြင်း ဖြစ်တတ်သည်။ ထို အထက်သို့ ဆန်သော လေပူကြောင့် ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်ခြင်း၊ ခေါင်းချွေးထွက်ခြင်းများ ဖြစ်ရပေသည်။
အချို့သူများသည် အပူ၊ အစပ်၊ ငရုတ်သီးအစပ်၊ ငရုတ်ကောင်း ခတ်ထားသော ဟင်းချိုရည် သောက်သောအခါမှ အစပ်ကြောင့် လေပူသည် အစာအိမ်မှ အထက်သို့ ရောက်၍ဖြစ်စေ၊ သွေးကြောများအတွင်းမှ တစ်ဆင့်ဖြစ်စေ အာကာသ ဓာတ်ပွင့်၍ ရုတ်တရက် ချွေးပြန်လာသည်။ ဤသို့ ခေါင်းချွေး ပြန်ခြင်းသည် ရောဂါမဟုတ်ပေ။ ခေတ္တခဏ တုံ့ပြန်မှုသာဖြစ်သည်။ ခဏကြာ၍ အစပ်ကို ဖြေလိုက်လျှင် ပြန်ပျောက်သွားမည် ဖြစ်သည်။
သွေးတိုးရောဂါရှိသူ၊ အလုပ်ပင်ပန်းလျှင် သွေးပေါင်ချိန် မြင့်တက်တတ်သူများတွင် ခေါင်းချွေးထွက် များလေ့ရှိသည်။ အချို့ ဆီးချိုရောဂါ ရှိသူများ ညအိပ်ပျော်သောအခါ ခေါင်းချွေး ထွက်တတ်သည်။ ခေါင်းချွေး အထွက်များလျှင် အာခေါင်ခြောက်ပြီး ရေငတ်၍ လန့်နိုးလာတတ်သည်။ ဆီးချို၊ သွေးချို ရှိသူများသည် ညအိပ်ရာဝင် ရေများများ သောက်ရန်လိုသည်။ အိပ်ရာဘေးတွင် ရေပုလင်းထားပြီး အိပ်ပါက ညတစ်ရေးနိုး ရေငတ်လျှင် ထသောက်နိုင်သည်။
စာရေးသူ၏ မိတ်ဆွေ တစ်ဦးသည် အသက် ၄၅ နှစ်ကျော် ၅ဝ တွင်း ရောက်လာပြီးမှ သွေးတိုး အနည်းငယ်ဝင်လာပြီး ညအိပ်လျှင် ခေါင်းချွေးထွက်သော ရောဂါ ဖြစ်လာသည်။ ဆီးချိုရောဂါ မရှိသေးသော်လည်း မျိုးရိုးရှိသည်။ သူ၏ မိခင်မျိုးရိုးမှာ ဆီးချိုရှိသည်။ အသားစားများသောရက်၊ ဧည့်ခံပွဲရှိ၍ အရက်၊ ဘီယာ သောက်မိသော ရက်များတွင် ပို၍ ခေါင်းချွေးရွှဲနေအောင် ထွက်လေ့ရှိသည်ကို သတိထားမိသည်ဟု ဆိုသည်။
ခေါင်းချွေး ပြန်ခြင်း၊ ခေါင်းချွေး အထွက်များခြင်းအတွက် သက်သာစေနိုင်သော နည်းလမ်းမှာ ခြေဖဝါးကို ဆားပွတ်ပြီး ညအိပ်ရာဝင်ခါနီး အချိန်တွင် ဒူးဆစ်အထက်မှ အောက်သို့ ရေလောင်း ခြေဆေးခြင်း ဖြစ်သည်။ ဤနည်းကို မှန်မှန် ပြုလုပ်ခြင်းဖြင့် ခေါင်းချွေးထွက် သက်သာသည့်အပြင် အညောင်းအကိုက်များခြင်း၊ ခြေသလုံးကြွက်တက်ခြင်း၊ ခြေဖဝါး ချွေးမထွက် အက်ကွဲခြင်းများပါ သက်သာစေနိုင်သည်။
ဆားပွတ်ရာတွင် ခြေနှစ်ဖက်ဆင်း အိပ်ပြီး ခြေဖဝါးအောက်တွင် အဝတ်ဟောင်း တစ်ခုခု ခံထားပါ။ အင်တုံငယ် တစ်ခုတွင် ဆားထည့်ပါ။ ဟင်းခတ် အိုင်အိုဒင်းပါသော ဆားမသုံးပါနှင့်။ ဆားကြမ်းကို အသုံးပြုလျှင် ပိုကောင်းပါသည်။ အဝတ်ရေစိုဖြင့် ခြေဖဝါးကို သန့်စင်အောင် ပွတ်ပေးပါ။ ထို့နောက် ဆားကြမ်းဖြင့်ပွတ်ပါ။ ပြီးလျှင် ရေဝတ်ဖြင့် ပြန်ပွတ်ပါ။ ဤနည်းအတိုင်း တစ်လှည့်စီ ပြုလုပ်ပေးပါ။ ဆားပွတ်ချိန်သည် ၁၅ မိနစ်မှ နာရီဝက် အတွင်းသာ ကြာသည်။ ဆားပွတ်ပေး၍ ၁ဝ မိနစ် ခန့်ကြာလျှင် ခြေဖဝါးမှ အပူများ ထွက်လာပါလိမ့်မည်။ ဦးခေါင်းချွေးများလေ ခြေဖဝါးအပူထွက်လေ ဖြစ်သည်။
ဤကဲ့သို့ ဆားပွတ်ခြင်းကို ညနေစောင်းတွင် ပြုလုပ်လျှင် ခြေမဆေးပါနှင့်။ ညအိပ်ရာဝင်ချိန်မှ ပြုလုပ်ပါက ပြုလုပ်ပြီးလျှင် ဒူးအောက် ခြေနှစ်ဖက် ရေဆေးပါ။ ကျောက်ကပ်ရောဂါ၊ ခါးနာရောဂါများ၊ မျက်စိမကြည်၊ မျက်မှန် ဒီဂရီတိုးသည့် ရောဂါများပါ သက်သာ စေနိုင်သည်။
ကြည်မြင့်လွင် (မုဒြာ)
#Yadanarpondaily
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment