"သင်ခန်းစာ"
ရွာတစ်ရွာမှာ အရမ်းချမ်းသာပြီး ကပ်စီးနဲတဲ့ လူတစ်ယောက်ရှိတယ်... သူ့ကို ရွာသားတွေက အမှန်တကယ် မနှစ်မြို့ကြဘူး...
တစ်နေ့မှာ သူက ရွာသားတွေကို “ခင်ဗျားတို့က ကျွန်တော့်ကို မနာလိုဖြစ်နေတာ ဒါမှမဟုတ် ကျွန်တော့်ကို နားမလည်တာပဲ… ခင်ဗျားတို့ ကျွန်တော့်ကို မကြိုက်ကြဘူး… ဒါပေမယ့် ခင်ဗျားတို့ သိထားရမှာက ကျွန်တော်သေရင် ကျွန်တော့်ပစ္စည်းတွေကို ယူသွားလို့ ရတာမဟုတ်ဘူး… တခြားလူတွေအတွက် ကျွန်တော် ထားခဲ့မှာ… ကျွန်တော် သေတမ်းစာတစ်စောင် ရေးခဲ့မယ်… ပြီးတော့ ကျွန်တော်ပိုင်ဆိုင်သမျှကို လူမှုရေး အဖွဲ့အစည်းတွေကို လှူခဲ့မှာ… အဲဒီအခါ အားလုံး ဝမ်းသာကြလိမ့်မယ်” လို့ ပြောတော့တယ်။
အဲတော့ ရွာသားတွေက သူ့ကို ရယ်ကြတယ်။ သူကပဲ ဆက်ပြောတယ် “ခင်ဗျားတို့ ဘယ်လိုလဲဗျာ… ကျွန်တော့်ပိုက်ဆံတွေကို လှူမယ့်အချိန် နှစ်အနည်းငယ်လေး စောင့်မကြည့်နိုင်ကြဘူးလား…”
ရွာသားတွေကတော့ သူ့ကို မယုံဘူး။ “ကျွန်တော့်မှာ ဒီလိုစိတ်ထား မရှိဘူးလို့ ခင်ဗျားတို့ထင်နေလား… ကျွန်တော်လည်း သူများတွေလို သေမှာပဲ… အဲဒီအချိန်ကျရင် ကျွန်တော့်ပိုက်ဆံတွေ အားလုံး လူအများအတွက် အသုံးချမှာ” လို့ ထပ်ဖြည့်ပြောတယ်။
သူ့ကို ဘာလို့ ရွာသားတွေ မယုံကြလည်းဆိုတာ သူ နားမလည်နိုင်အောင် ဖြစ်နေတယ်။
တနေ့ သူ လမ်းလျောက်ထွက်တော့ မိုးမိပါလေရော။ သစ်ပင်တစ်ပင်အောက်မှာ မိုးခိုနေရင်း ဝက်နဲ့နွား စကားပြောနေတာကို သူ တွေ့ခဲ့တယ်။
ဝက်က နွားကို မေးတယ်။ “ ဘာလို့များ လူတွေက မင်းကိုတော့ နှစ်သက်ကြပြီး ငါ့ကို မနှစ်မြို့ကြတာလဲကွာ… ငါသေရင် ငါ့အသွေး အသားအားလုံးကို သူတို့ အသုံးပြုလို့ ရတယ်လေ… ဝက်သား၊ ဝက်ပေါင်ခြောက် စသဖြင့်ပေါ့ကွာ… ကလီစာတောင် ပါပါသေးတယ် ကွ… သူတို့ကို ငါပေးနိုင်တာ အများကြီးပါ… မင်းကတော့ နွားနို့ပဲ ပေးနိုင်တယ်လေ… ဘာကြောင့်များ မင်းကိုပဲ သူတို့ ချစ်ခင်နေကြတာလဲ” လို့ မေးတော့တယ်။
နွားက “ဒီမှာ… မင်း စဉ်းစားကြည့်လေ… ငါက သူတို့ကို ငါ့အသက်ရှိနေတုန်းမှာ လုပ်ကျွေးတာလေကွာ… ဒီတော့ သူတို့အမြင်မှာ ငါက ငါ့ရှိတာ သူတို့ကို မျှဝေပေးတယ်လို့ မြင်ကြတော့… ငါ့ကို ချစ်ခင် တွယ်တာကြတယ်လေ… မင်းကြတော့ မင်း အသက်ရှိနေတုန်းမှာ သူတို့အတွက် ဘာများ အသုံးဝင်လို့လဲ… မင်းသေမှသာ မင်းဆီက ရနိုင်တာလေ… လူဆိုတာမျိုးက အနာဂတ်ကို သိပ်မယုံကြဘူးကွ… လက်ရှိ ပစ္စုပန်ကိုပဲ ယုံချင်ကြတာ… တကယ်လို့ မင်းသာ အသက်ရှင်နေတုန်း သူတို့ကို အလုပ်အကျွေးပြုရင် မင်းကိုလည်း ချစ်ခင် နှစ်သက်ကြမှာပေါ့… ဒါ လွယ်လွယ်လေးပါကွာ” လို့ ပြန်ရှင်းပြတယ်။
ဒီစကားတွေကို ကြားပြီးနောက်ပိုင်း အိမ်ပြန်ရောက်တာနဲ့ သူလည်း သူပိုင်ဆိုင်သမျှတွေကို လူအများအတွက် အသုံးချဖို့ ပြင်ဆင်ပါတော့တယ်။
ကျွန်တော်တို့တွေကော မသေခင် လူအများအတွက် အသုံးဝင်တဲ့ အသုံးကျတဲ့ လူတွေ ဖြစ်သင့်တယ်မဟုတ်လား?
အနည်းဆုံး ကိုယ့်မိသားစုအတွက်တော့ လုပ်သင့်ပါတယ်။ ဒီထက်ပိုလုပ်နိုင်ရင်တော့ ကိုယ့်ရပ်ရွာ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကောင်းစားဖို့ တွေးခေါ် လုပ်ဆောင် သင့်ပါတယ်။
Credit: chocothazin
Saturday, November 14, 2015
"သင်ခန်းစာ"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment