ဥက္ကဋ္ဌနှစ်ဦး ၂၀၁၄ နှစ်ကုန်ပိုင်းက တွေ့ဆုံစဉ်
(ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ)
"ခြသေ့င်္နှင့် ခွပ်ဒေါင်း ဘယ်သူအောင်ပွဲခံမလဲ"
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသော ၉၁ ပါတီတွင် အစိုးရဖွဲ့နိုင်လောက်အောင် အင်အားတောင့်တင်းသည့် ပါတီနှစ်ခုမှာ ပြည်ခိုင်ဖြိုးနှင့် ဒီချုပ်ပါတီတို့ဖြစ်ပြီး ယနေ့ရွေးကောက်ပွဲ၌ အဆိုပါ ပါတီကြီးနှစ်ခုသာ အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မဲရုံများပိတ်ပြီး မဲရေတွက်ပြီးချိန်တွင် အောင်ပွဲခံမည့်ပါတီသည် ဒီချုပ်လား၊ ပြည်ခိုင်ဖြိုးလား ဆိုသည်မှာ မကြာမီ နာရီပိုင်းအတွင်း အဖြေပေါ်တော့မည်ဖြစ်သည်။
ယင်းပါတီနှစ်ခု၏ ယနေ့ကျင်းပနေသော ရွေးကောက်ပွဲတွင် ပါတီ ၉၁ ပါတီဝင်ရောက်ယှဉ်ပြိုင်သော်လည်း အစိုးရဖွဲ့နိုင်အောင် အင်အားကြီးမားသည့် ပါတီမှာ တစ်နိုင်ငံလုံးနီးပါး ၀င်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှစ်ခုသာ ရှိသည်။
မဲဆွယ်စည်းရုံးမှုကာလ အခြေအနေများအရ အာဏာရ ပြည်ခိုင်ဖြိုးထက် အတိုက်အခံပါတီဖြစ်သော ဒီချုပ်က အနိုင်ရရှိရန် ပိုမိုရေပန်းစားနေကြောင်း နိုင်ငံရေးလေ့လာသူအားလုံးက ပြောသည်။ သို့သော် ရွေးကောက်ပွဲ၏ တရားဝင်ရလဒ်များမှာ မကြာမီ နာရီပိုင်းအတွင်း ထွက်ပေါ်လာတော့မည်ဖြစ်၍ ဒီချုပ်၏ အမှတ်သင်္ကေတဖြစ်သော ခွပ်ဒေါင်းနှင့် ကြယ်ဖြူအောင်ပွဲခံမည်လား၊ ပြည်ခိုင်ဖြိုး၏ အမှတ်တံဆိပ်ဖြစ်သော ခြင်္သေ့က အောင်ပွဲခံမည်လား ဆိုသည်မှာ သိရတော့မည် ဖြစ်သည်။
ပါတီနှစ်ခု၏ ဥက္ကဋ္ဌများက ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲအလွန် အာဏာလွှဲပြောင်းရေး ကာလ အဆင်ပြေချောမွေ့ရန် ၎င်းတို့၏ သဘောထားများကို အတိအလင်း ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ‘‘အရေးကြီးတာက ဒီရွေးကောက်ပွဲနေ့မှာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းဖြစ်ဖို့ပဲ။ ဘယ်သူပဲရန်စစ ပြည်သူတွေဟာ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေကြပါ။ တချို့က အကြောင်းကြောင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်စေချင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနိုင်ပါတယ်။ အဲဒါတွေကို အထူး သတိပေးပါ။ ကိုယ့်အချင်းချင်းကိုလည်း သတိပေးပါ။ ဒီရွေးကောက်ပွဲ အောင်နိုင်ရေးဆိုတာ ကျွန်မတို့နိုင်ငံအတွက် အင်မတန် အရေးကြီးပါတယ်’’ ဟု ပြည်သူများအား အောက်တိုဘာ ၃၀ ရက်က ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားသည်။
ထို့အပြင် "မဲစာရင်းထဲမှာ မပါရင် လှည့်မပြန်ပါနဲ့။ ပြဿနာမရှာပါနဲ့။ တာဝန်ရှိတဲ့သူ မဲရုံမှူးနဲ့ တွေ့ပြီးတော့ အကျိုးအကြောင်း ပြောပြပါ။ တတ်နိုင်သမျှ ပြေလည်အောင် ဖြေရှင်းဖို့ ကြိုးစားပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
သမ္မတဦးသိန်းစိန်ကလည်း နိုဝင်ဘာ ၆ ရက်က ရွေးကောက်ပွဲနှင့် ပတ်သက်၍ ‘‘ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒသဘောထားကို မှန်ကန်စွာ ထင်ဟပ်ပြသနိုင်မယ်လို့ ခိုင်မာစွာ ယုံကြည်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ နိုင်ငံရေး အင်အားစုများအားလုံးအနေနဲ့လည်း မဲဆန္ဒရှင်ပြည်သူများရဲ့ အဆုံးအဖြတ်ကို တညီတညွတ် တည်း သဘောထားကြီးကြီး လက်ခံကြရမှာဖြစ်ပါတယ်။
ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလဒ်များအပေါ် လေးစားလိုက်နာမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနေတယ်လို့လည်း သိရှိရပါတယ်။ ကျွန်တော်တို့ အစိုးရ၊ တပ်မတော်အနေနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ ရလဒ်ကို လေးစားလိုက်နာသွားမည်ဖြစ်ကြောင်းကို ထပ်မံ ပြောကြားလိုပါတယ်’’ ဟု ကတိပြုသည်။
Credit: 7daydaily
Saturday, November 7, 2015
"ခြသေ့င်္နှင့် ခွပ်ဒေါင်း ဘယ်သူအောင်ပွဲခံမလဲ"
Labels:
ပြည်တွင်းသတင်း
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment