Friday, November 27, 2015

"ပစ္စုပ္ပန်ကို တည့်တည့်ကြည့်"

"ပစ္စုပ္ပန်ကို တည့်တည့်ကြည့်"

လူတို့အနေဖြင့် တစ်နေ့တစ်နေ့ လုပ်ကိုင်နေရသော အမှုကိစ္စတို့တွင် အဆင်ပြေချောမွေ့၍ စိတ်ချမ်းသာရသည်များ ရှိသကဲ့သို့ အဆင်ပြေညီညွှတ်မှု မရှိခြင်းကြောင့် စိတ်ညစ်စရာ၊ စိတ်ဆင်းရဲစရာများ လည်းကြုံရတတ်သည်။ စိတ်ညစ်စရာများ၊ စိတ်ဆင်းရဲစရာများ ထပ်ခါထပ်ခါ စဉ်းစား နှလုံးသွင်းမိသော် စိတ်သည် ပို၍ပင် ဆင်းရဲခြင်းသို့ ရောက်လေသည်။

သန့်ရှင်းကြည်လင်နေသော ရေအပြည့်ရှိ ဖန်ခွက်တစ်ခွက်ထဲသို့ ညစ်ညမ်းနေသည့် ရေတစက် ကျရောက်သွားလျှင် ရေဖန်ခွက်တစ်ခွက်လုံး ညစ်ညမ်းသွားလေသည်။ ထို့အတူ လူတို့၏ စိတ်အစဉ်သည် မူလပကတိ ကြည်လင်နေပါသော်လည်း စိတ်ညစ်စရာ၊ စိတ်ပျက်စရာများ ရုတ်တရက် ကြုံရပါမူ ညစ်ညမ်းသွားလေသည်။ စိတ်ညစ်စရာများ ကြိမ်ဖန်များစွာ စဉ်းစားလေသော် စိတ်သည် ချမ်းသာလာခြင်း မရှိပါ။ စိတ်ညစ်စရာများ စဉ်းစားလေလေ ပို၍ပင် စိတ်ညစ်လေလေ ဖြစ်တတ်၏။ ထို့ကြောင့် လူတို့အနေဖြင့် အတိတ်က ဖြစ်ပျက်ခဲ့သော စိတ်ညစ်စရာ အကြောင်းအရာများကို ပစ္စုပ္ပန်သို့ သယ်ယူမလာအပ်ကြောင်း၊ ပစ္စုပ္ပန်တွင် အကောင်းဆုံးဖြစ်အောင် ပြုကျင့် နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ စိတ်ညစ်စရာများကို အကြိမ်ကြိမ်တွေးလျှင် အကြိမ်ကြိမ်စိတ်ညစ်ရ၏။ နည်းနည်းတွေးလျှင် နည်းနည်း စိတ်ညစ်ရ၏။ လုံးဝမတွေးလျှင် လုံးဝ စိတ်ညစ်မည်မဟုတ်။

ပုထုဇဉ်လူသားများအနေဖြင့် ပူပင်သောက စိတ်ညစ်စရာများ ရှိကြမည်သာ ဖြစ်ပါသည်။ စီးပွားရေး၊ လူမှုရေး၊ သားရေး၊ သမီးရေး စသည်ဖြင့် အဆင်မပြေမှုများ ရှိကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း စိတ်ညစ်စရာများ နည်းသည်ထက်နည်းအောင် ဖြေဖျောက် နေထိုင်ခြင်းသည် အကောင်းဆုံး ဖြစ်ပါသည်။

စိတ်ညစ်ရလျှင် ရုပ်လည်းညစ်သည်။ စိတ်ညစ်ခြင်းကြောင့် ရုပ်ကိုအိုစာစေ၏။ စိတ်ပျိုလျှင် ကိုယ်နု၏။ စိတ်လန်းဆန်းသဖြင့် ရုပ်လည်းလန်းဆန်း၏။ စိတ်ကြည်လင် လန်းဆန်းသူတိုင်းသည် ရုပ်ကြည်လင် လန်းဆန်းမှုကို ရနိုင်၏။ ထို့ကြောင့် စိတ်ကြည်လင် လန်းဆန်းလို၍ ရုပ်ပျို ကိုယ်နုလိုကြသူများ အနေဖြင့် အတိတ်ကိုလည်း မဆွေးနှင့်။ အနာဂတ်ကိုလည်း မတွေးနှင့်။ ပစ္စုပ္ပန် တည့်တည့်ကိုသာ ကြည့်ရှုအပ်ပါကြောင်း………။

Credit: Hnin Nandar


No comments:

Post a Comment