Saturday, November 14, 2015

"အချစ်နဲ့ နားလည်မှု"

"အချစ်နဲ့ နားလည်မှု"

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့ အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကို ဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ 'နားလည်မှုရှိတာ' ဟာ 'ချစ်တာ' ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ" ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသား တစ်ခုက "ချစ်ကြိုက်တယ်ဆိုတာ… တစ်ဘက်သားရဲ့ နေထိုင်မှုထဲ ဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်" လို့ ဆိုထားပါတယ်။ "အချစ်" ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု" ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!" ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်" ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး။ မကြာခဏ မြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်း နာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျား၊ မိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှု ပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ" ဟာ "နားလည်မှုအလွဲ" တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့ စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့ စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့ လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။ သင့်ကို နားလည်မှု ပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။ သင့်ကို နားလည်မှု မပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှု ပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှု မပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကို နားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ။ ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။ အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့လူတွေ အများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့ နားလည်သဘောပေါက်လိုက်တာက "နားလည်မှု မပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

Credit: Hnin Nandar


No comments:

Post a Comment