Tuesday, November 10, 2015

"ငယ်စဉ်မှာ အိမ်ခဏခဏ ပြောင်းရသည့် ကလေး စိတ်ကျန်းမာရေး ထိခိုက်နိုင်"

"ငယ်စဉ်မှာ အိမ်ခဏခဏ ပြောင်းရသည့် ကလေး စိတ်ကျန်းမာရေး ထိခိုက်နိုင်"

ငယ်စဉ်မှာ အိမ်ခဏခဏ ပြောင်းရသည့် ကလေးတို့သည် နေရပ်အတည်တကျ ရှိသော ကလေးတို့ထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နိုင်ခြေ ပိုများကြောင်း အိုင်ယာလန်နိုင်ငံမှ လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

အိုင်ယာလန်မြောက်ပိုင်းတွင် ၂၀၀၁ မှ ၂၀၁၁ ကာလအတွင်း ကလေးငယ် ငါးသောင်းကို လေ့လာ စောင့်ကြည့်ထားခြင်း ဖြစ်သည်။ ငါးကြိမ်အထက် အိမ်ပြောင်းရသော ကလေးများသည် နေအိမ်အတည်တကျ ရှိသော ကလေးများထက် စိတ်ကျန်းမာရေး ချို့ယွင်းနိုင်ခြေ သုံးဆပိုများကြောင်း သိရသည်။ အထူးသဖြင့် ကျောင်းတက်အရွယ် ရောက်နေသော လူငယ်များသည် ကျောင်းပြောင်းရခြင်း၊ သူငယ်ချင်းများကို စွန့်ခဲ့ရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရနိုင်ခြေ အများဆုံးဟု ဘဲလ်ဖတ်မြို့ကွင်း တက္ကသိုလ်မှ လေ့လာမှုစစ်တမ်း အဖွဲ့ခေါင်းဆောင် ဖော်တီနာ ဆယ်လီယိုက ပြောသည်။

ဆယ်လီယိုနှင့် အဖွဲ့သည် ၂၀၀၁-၂၀၁၁ ကြား သန်းခေါင်စာရင်းကို အခြေခံပြီး အလေ့လာခံ မိသားစုများ နေအိမ် ပြောင်းရွှေ့နှုန်းများကို မှတ်တမ်းတင်သည်။ စစ်တမ်းပါဝင်သူ မိသားစု ထက်ဝက်ကျော်သည် ဆယ်နှစ်တာအတွင်း အနည်းဆုံး တစ်ကြိမ်တော့ အိမ်ပြောင်းရွှေ့ နေထိုင်ကြသည်။ (၁၃) ရာခိုင်နှုန်းသည် သုံးကြိမ်ထိ ပြောင်းရွှေ့နေထိုင်ကြရသည်ကို တွေ့ရသည်။

ထိုကာလအတွင်း သီးသန့် ကောက်ယူထားသော အိမ်ထောင်စုများ စိတ်ကျန်းမာရေး သန်းခေါင်စာရင်း အချက်အလက်များနဲ့ တိုက်ဆိုင် ကြည့်လိုက်သည့်အခါ အိမ်ပြောင်းရွှေ့ရနှုန်း များသော မိသားစုများမှ ကလေးများသည် စိတ်ကျန်းမာရေး ထိခိုက်မှုလည်း အများဆုံးဖြစ်နေကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

လေ့လာမှုစစ်တမ်းကို Epidemiology and Community Health ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Source: Reuters

Credit: messenger


No comments:

Post a Comment