"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ"
ညနေခင်းလေးတစ်ခု...
လှပတဲ့ ဆည်းဆာနေရောင်က လောကတစ်ခွင်ကို ဖြန့်ကြက်ထားတယ်။ ရှည်လျှားတဲ့ လမ်းမထက်က စက်ဘီးလေး တစ်စီးပေါ်မှာ ကောင်လေးက ကောင်မလေးကို တင်နင်းထားတယ်။
"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ!"
ကောင်လေးခါးကို ပွေ့ဖက်ထားတဲ့ ကောင်မလေးက ကောင်လေးကျောကို မှီပြီး ခပ်တိုးတိုးလေး မေးတယ်။ ကောင်လေးရဲ့အဖြေက ကောင်မလေး စိတ်ကျေနပ်လောက်တဲ့ အမှတ်ပြည့်အဖြေ မဟုတ်မှန်း ကောင်မလေးသိနေခဲ့တယ်။
"ချစ်စရာ စကားလေးတွေနဲ့ ဖြေဖို့ အခွင့်အရေးပေးမယ်"
ကောင်မလေးက ချွဲနွဲ့ပြီးပြောတော့ ကောင်လေးက စိတ်ပါလက်ပါ စဉ်းစားလိုက်တယ်။ မီးနီနေတုန်း ကောင်လေးက ကောင်မလေးကို လက် "တစ်" ချောင်း ထောင်ပြပြီး အဖြေပေးလိုက်တယ်။ ကောင်မလေးက ဝမ်းသာအားရ
"တစ်သက်လုံး!" လို့ ပြောတယ်။ ကောင်လေးရီလိုက်တယ်။ ကောင်မလေးရဲ့ အပြောမှန်သွားလို့ မဟုတ်ပါဘူး။ ကောင်မလေးဆီက အပျော်တွေ ကူးစက်သွားလို့ဖြစ်တယ်။ မီးစိမ်းတော့ ကောင်လေးက စက်ဘီးကိုဆက်နင်းပြီး ကောင်မလေးကို တိုးတိုးလေး ပြောတယ်။
"နင့်ကိုငါ ဒီလိုအဖြေမျိုး ပေးမှာမဟုတ်ဘူး။ ဒီလိုအဖြေမျိုးက လူတိုင်း ဖြေတတ်တဲ့အတွက် မစစ်မှန်သလိုပဲ၊ ပြန်စဉ်းစားကြည့်ပါအုန်း" ကောင်လေးစကားကို ကောင်မလေးက ခေါင်းညိတ်ထောက်ခံရင်း
"ဒီလိုဆိုရင် တစ်ရက်လား?"
"ဟား..ဟား ငါတို့ချစ်တာတောင် နှစ်လကျော်နေပြီ။ တစ်ရက်၊ တစ်ပတ်၊ တစ်လဆိုတဲ့ အဖြေမျိုးက မဖြစ်နိုင်ဘူးလေ"
ကောင်လေးအပြောမှာ ကောင်မလေး ရောယောင် ရီရင်း
"တခဏတော့ မဟုတ်ရပါဘူးနော်" လို့ အသံကျယ်ကြီးနဲ့ မေးတယ်။ ကောင်မလေးအပြောကြောင့် စက်ဘီးလဲမတတ် ကောင်လေးအော်ရီမိတယ်။ ကောင်မလေးရဲ့ ဒီလို ရွတ်နောက်နောက်အပြောနဲ့ ကြည်လင်တဲ့ ရယ်သံတွေကို ကောင်လေး အရမ်းချစ်ခဲ့တယ်။ ကောင်မလေးရဲ့လက်ကို ကောင်လေး တင်းတင်းလေး ဆုတ်ကိုင်ထားလိုက်တယ်။
"ဒီလိုဆိုရင် တစ်နှစ်လား?"
ကောင်လေး ခေါင်းခါပြလိုက်တယ်။
"ဒီလိုဆိုရင် နှစ်တစ်ရာကွာ၊ ငါ့ကို နှစ်တစ်ရာချစ်ရင် ရပြီ"
ကောင်မလေးက စိတ်မရှည်ဘဲ ပြောနေပေမယ့် မျက်နှာပေါ်မှာ အပျော်ရိပ်တွေ သမ်းနေခဲ့တယ်။
"နှစ်တစ်ရာ! မတိုလွန်းဘူးလားကွာ၊ နှစ်တစ်ရာနဲ့ ငါနင့်ကို ချစ်လို့ မဝနိုင်ဘူး"
ကောင်လေးရဲ့ စကားလက်နက်က ကောင်မလေးရဲ့ နှလုံးသားထဲ စူးစူးနစ်နစ် ထိုးစိုက်သွားတယ်။ ကောင်မလေးရဲ့ တိုးညှင်းညှင်းရီသံက ကောင်လေးကို မီးနီဖြတ်မောင်းရဲတဲ့ အင်အားတွေ ပေးခဲ့တယ်။
"အဖြေကို သိချင်ပြီလား?"
ကောင်လေး ဖြေချင်နေပြီ။
"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ?"
ကောင်မလေးလည်း အဖြေကို ကြားချင်နေပြီ။ ကောင်လေးက လက်တစ်ချောင်းထောင်ပြရင်း
"နင် ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါ ချစ်နေမယ်"
ကောင်လေးစကားကြောင့် ကောင်မလေး ငေးငိုင်သွားခဲ့ရတယ်။ နင်ငါ့ကို မချစ်တော့တဲ့ တစ်နေ့အထိ ငါချစ်နေမယ်! အဲဒီတစ်နေ့က ဘယ်လောက်ကြာနိုင်မလဲ? တိုနိုင်သလို၊ ရှည်နိုင်တယ်။ ထာဝရ၊ တခဏလဲ ဖြစ်နိုင်ပေမယ့် တိကျတဲ့ အဖြေဖြစ်ခဲ့ပါတယ်။
Credit: Hnin Nandar
Tuesday, November 17, 2015
"ငါ့ကို ဘယ်အချိန်ထိ ချစ်မှာလဲ"
Labels:
ခံစားမှုရသ
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment