Sunday, November 29, 2015

"သူစိမ်းလိုပဲ ဆက်ဆံပါ"

"သူစိမ်းလိုပဲ ဆက်ဆံပါ"

ကျွန်တော်တို့ အိမ်ထောင်ရေးဟာ အဆင်ပြေတဲ့ အိမ်ထောင် စာရင်းထဲကို ထည့်ချင်ရင် ထည့်လို့ရပါတယ်။ ကျွန်တော်နဲ့ သူမ ဆက်ဆံရေးဟာလည်း အဖုအထစ် မရှိသလောက် နည်းပါးပါတယ်။ နောက်ဆုံး ရန်ဖြစ်ဖူးတဲ့အချိန်ကို ပြောပါဆိုရင် တကယ့်ကို ပြန်စဉ်းစားရမှာပါ။ အဲဒီလို အဆင်ပြေရခြင်းရဲ့ လျို့ဝှက်ချက် တစ်ချက်ကိုလည်း ဝေမျှချင်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ယောက်ကို တစ်ယောက် သူစိမ်းတွေလိုပဲ ဆက်ဆံပါတယ်။ သူစိမ်းတွေလို ဆက်ဆံတယ်ဆိုတာ ခပ်စိမ်းစိမ်းပဲနေပါ့မယ် မဟုတ်ပါဘူး။ သင့်အနေနဲ့ သူစိမ်းတစ်ယောက်ကို ဘယ်လိုဆက်ဆံသလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ သူစိမ်းတစ်ယောက်ကို တွေ့တဲ့အခါ သူနဲ့ စကားပြောတဲ့အခါ ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ ရိုသေစွာ ဆက်ဆံပါတယ်။ ကျနော်တွေ ကျနက်တွေလုပ်ပြီး ခင်သွားမှ မင်းနဲ့ ငါနဲ့ တုတ်သလိုမျိုးပေါ့။ အဲဒီလိုမျိုး မခင်မီက ရိုသေမှုမျိုးကို ခင်မင်သွားတောင် ထိန်းထားနိုင်ရင် ကောင်းပါတယ်။ ဒီနေရာမှာ အခေါ်အဝေါ်ကို ပြောချင်တာ မဟုတ်ပါဘူး။ ရိုသေမှုကို ပြောလိုတာပါ။

ဒီလို ရိုသေမှုတွေမှာ အချိန်ကို လေးစားတဲ့ ရိုသေမှုတွေလိုမျိုးလည်း ပါပါတယ်။ ဥပမာ သူနဲ့ ကိုယ်နဲ့ ၄ နာရီမှာ တွေ့မယ်ဆို သူစိမ်းတစ်ယောက် ဒါမှမဟုတ် အလုပ်ခန့်မယ့် သူဌေးတစ်ယောက်နဲ့ ချိန်းထားသလိုမျိုး တိကျတာဟာ နှစ်ယောက်စလုံးအတွက် ကောင်းပါတယ်။ ခင်နေပြီပဲ ကိုယ့်မိန်းမပဲ စိတ်မဆိုးလောက်ပါဘူးဆိုပြီး နေမယ်ဆို လျော့တိလျော့ရဲ့ ဖြစ်ပြီး ရေရှည် ဆက်ဆံရေးကိုပါ ထိခိုက်နိုင်ပါတယ်။

နောက်ပြီး သူစိမ်းတစ်ယောက်ကို ကျွန်တော်တို့ အပြစ် ပြောခဲပါတယ်။ ပြောမယ်ဆိုရင်တောင် ဖော့ပြီး ပြောပါတယ်။ ကိုယ်နဲ့ ပြောမနာဆိုမနာ ခင်သွားမှ “မင်းဟာကြီးကလည်းကွာ အောက်လိုက်တာ..” လိုမျိုး တုတ်ထိုး အိုးပေါက် ပြောပါတယ်။ ဘယ်လောက်ခင်ခင် သွေးသားပင် တော်စပ်သော်ငြား ဒီလို အပြောခံရရင် စိတ်ထဲမှာတော့ အနည်းငယ် ခံစားသွားရနိုင်ပါတယ်။ ထောက်ပြ ပြုပြင်ပေးလိုတဲ့ စေတနာကို နားလည်သည် ဖြစ်စေ အပြောခံရတဲ့ အချိန် စက္ကန့်ပိုင်းလေးမှာတော့ တစ်မျိုးတစ်မည် သူသူငါငါ ခံစားရနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ သူစိမ်းတွေကို ဝေဖန် ထောက်ပြမယ်ဆိုရင် အသက်အသာဆုံး နည်းလမ်းသုံးပြီးတော့ ပြောဆိုပါတယ်။ ဒီလိုသာ တစ်ဦးနဲ့တစ်ဦး အမြဲ ဆက်ဆံသွားမယ်ဆိုရင် ဝေဖန်တယ်ဆိုတဲ့ စကားလုံးဟာ အရောင်တစ်မျိုး ပြောင်းသွားမှာပါ။ ကျွန်တော်တို့လည်း အချင်းချင်း ဝေဖန်ရင် သူစိမ်းတစ်ယောက်ကို ဝေဖန်သလို ဝေဖန်ဖို့ ကြိုးစားပါတယ်။ ကိုယ့်မိန်းမ ကိုယ့်ယောက်ျားမို့ ဆိုပြီး "နင့်ဟာကလည်း ချာတူးလံနေတာပဲ" ဆိုပြီး လက်လွှတ်စပယ် မပြောဖြစ်အောင် ထိန်းရပါတယ်။ အဲဒီလိုမျိုး ပြောဖြစ်ရင်လည်း နောက်ပြီး တမင်တကာ ပြောသလိုမျိုးမှပဲ ပြောဖြစ်မှာပါ။

ကျွန်တော်တို့တတွေဟာ သူစိမ်းတွေ အပေါ်မှာ စိတ်တိုခဲပါတယ်။ စိတ်တိုတယ်၊ စိတ်ကောက်တယ် ဆိုတာ အချင်းချင်းတွေပဲ ဖြစ်ကြတာပါ။ သူစိမ်းတစ်ယောက်က ကိုယ့်ကို တစ်ခုခု အမှားလုပ်မိရင်တောင် အလွန်အမင်း စိတ်မတိုကြပါဘူး။ သူမသိလို့ မှားတာပဲ ဆိုပြီး ခွင့်လွှတ်တတ်ကြပါတယ်။ စိတ်တိုသွားရင်တောင် ကိုယ့်အမျက်ကို သူမသိရအောင် မျိုသိပ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း အချင်းချင်း စိတ်တိုစရာရှိရင် သူစိမ်းတစ်ယောက်လို သဘော ထားကြည့်ပါတယ်။

သူစိမ်းတစ်ယောက်ကို ခင်လိုတဲ့အခါ ကျွန်တော်တို့ သူ့အကြောင်းကို သိအောင်၊ သူ့အကြိုက်ကို သိအောင် သူမကြိုက်တာကို သိအောင် ကြိုးစားကြတယ်။ တကယ်တော့ သူဟာ ကိုယ်မဟုတ်ရင် နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ လင်မယားပင် ဖြစ်သော်လည်း သူ့အကြောင်း အကုန် ကိုယ်က မသိနိုင်ပါဘူး။ ပေါင်းလာတာ ကြာပါပြီကွာ၊ လင်မယားပဲဆိုပြီး မနေဘဲ သူ့အကြိုက် သူ့အလိုက်ကို အမြဲကြည့်ပြီး ရှာဖွေနေမှသာ သူ့အကြောင်း အသစ်အသစ်တွေ တွေ့လာ သိလာမှာပါ။

လူအချင်းချင်း အကျွမ်းဝင်သွားရင် သူတို့ကြားက ဘောင်တွေ၊ ကလနားတွေ ဖြည်းဖြည်းချင်း ပြေလျော့ကုန်ပါတယ်။ စနောက်တဲ့ အခါလည်း သူစိမ်းမဟုတ်တော့ရင် ပိုပြီး နာနာထိုးထိုးလေး စနောက်တတ်ပါတယ်။ တလောကတောင် ကျွန်တော်ခင်နေတဲ့ ဘလောက်တစ်ခုမှ သွားနောက် မိသေးတယ်။ နောက်မှတွေးပြီး စိတ်မကောင်းဘူး။ ခင်နေတယ် ဆိုပေမယ့်လည်း သူ့အတွက် စိတ်အနှောက်အယှက် ဖြစ်သွားနိုင်တယ်ဆိုတာ နောက်မှ တွေးမိတယ်။ အဲဒီလိုမျိုး ခင်တယ်ဆိုပြီး စိတ်လွတ် ကိုယ်လွတ် ဖြစ်သွားတတ်တယ်။ လင်နဲ့ မယားဆိုလို့ ကိုယ်က ရေနဲ့ပက်ပြီး ကျီစားပေမယ့် ကိုယ့်ကို အဆိပ်ခတ် သတ်ချင်လောက်အောင် နာကျည်းသွားတာမျိုးတွေလည်း ရှိခဲ့ဖူးတယ်။

ကျွန်တော်တို့ နှစ်ယောက်စလုံးက သူများတွေ သူငယ်ချင်းတွေကိုလည်း သူစိမ်းလိုပဲ ဆက်ဆံပါတယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ အရမ်း မခင်တတ်သလိုတောင် ခံစားရမယ်။ သူငယ်ချင်းတွေကို ထမင်းတွေ ဘာတွေ ဖိတ်ကျွေးလည်း ဘယ်လောက်ခင်တဲ့ သူငယ်ချင်းပဲ ဖြစ်ပါစေ သူစိမ်းတွေကို ထမင်းကျွေးသလို သေသေချာချာ ကျွေးတယ်။ အရမ်း ခင်နေပြီဆိုပြီး ကိုယ်စားသလို ဖြစ်သလို စားဆိုပြီး မဆက်ဆံကြပါဘူး။

ကျွန်တော်တို့ အဖေ၊ အမေတွေ မိသားစုဟာလည်း တခြား မိသားစုတွေလိုပဲ တခါတလေ ရန်ဖြစ်ကြတယ်။ အဖေနဲ့ အမေနဲ့ ဖြစ်တယ်။ အဖေနဲ့ သားတွေနဲ့ ဖြစ်တယ်။ သားတွေနဲ့ အမေနဲ့ နောင်ချိန်ပလေးတယ်။ ညီအစ်ကိုချင်းဆိုတာတော့ ငယ်ငယ်တုန်းကဆို လက်သီးတွေ ဘာတွေနဲ့တောင် ချကြတာ။ ကြီးလာတော့ ကျွန်တော်က မိသားစုဝင်တွေကို သူစိမ်းလိုပဲ ဆက်ဆံတော့တယ်။ ပြောင်ကြီး မပြောတော့ဘူး။  စိတ်တိုစရာရှိလည်း စိတ်မတိုအောင် ထိန်းတယ်။ ပြောစရာရှိလည်း သူစိမ်းကို ရှင်းပြသလိုပဲ ရှင်းပြတော့တယ်။ အဲဒီအခါ မိသားစုအတွင်းမှာ ရန်ဖြစ်တာ နည်းလာတာကို တွေ့ရတယ်။

ရင်းနှီးကျွမ်းဝင်တာ ကလူကျီစယ်တာတွေ မရှိတော့ရင်တော့လည်း တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးကြီးဟာ ရေခဲတုံးလို အေးစက်ပြီး တွယ်တာစရာ မရှိဖြစ်လာလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး မပြုပြင် မထောက်ပြရင်လည်း မိသားတစ်စုလုံး ဆုံးရှုံးခြင်းတွေနဲ့ ကြုံတွေ့ရပြီး ပျက်စီးခြင်းကို ရောက်လိမ့်မယ်။ အဲဒီလိုလည်း မဖြစ်ရအောင်လည်း တစ်ဦးနဲ့တစ်ဦးလည်း ဘောင်မကျော်အောင် အထက်က ပြောထားသကဲ့သို့ ကျွန်တော်တို့ဟာ သူစိမ်းတွေလိုပဲ ဆက်ဆံကြပါတယ်။

Credit: Andy Myint (We She Me)


No comments:

Post a Comment