Friday, November 20, 2015

"ယောက်ျားကြိုက်"

"ယောက်ျားကြိုက်"

ဦးစွာ စကားချပ်အနေနှင့် ပြောချင်သည်မှာ `ယောက်ျား´ `မိန်းမ´ ဟု ဆိုလျင် ယောက်ျား၊ မိန်းမ၊ အားလုံးကို ဆိုသည်မဟုတ်ဘဲ တချို့ကိုသာ ရည်ညွန်းပါတယ်။ အကုန်လုံးကို ၀ါးလုံးရှည်နဲ့ သိမ်းကျုံးတယ် မဟုတ်ပါ။ အရေအတွက်ကို ပြောလိုသည့် နေရာမှအပ ရေးရ ဖတ်ရလွယ်အောင် `မိန်းမတွေ´ `ယောက်ျားတွေ´ လို့သာ သုံးသွားမှာပါ။

တကယ်တမ်း ပြောရမည်ဆို ယောက်ျားတွေ ကြိုက်တတ်တာက မိန်းမတွေ ကြိုက်တတ်တာထက် ပိုများနေပါတယ်။ မိန်းမတွေ ကြိုက်တတ်တာက တစ်ယောက်နဲ့ တစ်ယောက် တူပြီး ချရေးလို့ ရပါတယ်။ ဥပမာ စာဖတ်တာ၊ အလှပြင်တာ၊ Shopping ထွက်တာ၊ ဂရုစိုက်ခံချင်တာ မျိုးတွေပါ။ ပြီးတော့ မိန်းမတွေက တစ်ယောက်က ဒါကြိုက်ပြီဆို နောက်တစ်ယောက်ကလည်း လိုက်ကြိုက် လွယ်ပါတယ်။ ယောက်ျားတွေကတော့ တစ်ယောက်က ဒါကြိုက်တယ်ဆို နောက်တစ်ယောက်က ကြိုက်နေတာတောင် လိုက်မလုပ်ချင်ဘူး။ ဦးထားတာ မရှိဘူးဆိုရင် ကိုယ်ကြိုက်တာကိုလည်း တစိုက်မတ်မတ် ကြိုက်တတ်ပါတယ်။ ယောက်ျားတွေရဲ့ အကြိုက်ဟာ သူ့ဝါသနာ၊ သူ့ဗီဇ၊ သူ့မာန ဖြစ်တတ်ပါတယ်။ မိန်းမတွေရဲ့ အကြိုက်ကတော့ သူ့ပတ်ဝန်းကျင် ဖြစ်တတ်ပါတယ်။ ယောက်ျားတွေက အယုအယ ကြိုက်လားဆိုရင်လည်း တချို့ ယောက်ျားတွေက ဒါမျိုးဆို အသည်းလည်းယား အသားလည်း ယားတတ်ပါတယ်။

ယောက်ျားတွေ ကြိုက်တာ လိုချင်တာကလည်း အချိန်နဲ့အမျှလည်း ပြောင်းတတ်ပါတယ်။ ဥပမာ ဒီနှစ် ဒါလိုချင်တယ်၊ ဒါလုပ်ချင်တယ် ဆိုရင် နောက်နှစ်ကျရင် အဲဒီလို ဖြစ်ချင်မှ ဖြစ်တတ်တာပါ။ ငြီးငွေ့သွားတတ်ပါတယ်။ ဒါပေမယ့် ယောက်ျားတွေလိုချင်တာ၊ လုပ်ချင်တာ အရာကိစ္စ သေးသေးလေးတွေပါ။ မိန်းမတွေကတော့ ကြီးကြီးမားမား One sentence wish လိုမျိုး ရှိတတ်ပြီး ကြာရှည်ခံပါတယ်။ `မင်းသားလေးနဲ့ ပေါင်းထုပ်ပြီး ပျော်ရွှင်စွာ ရာသက်ပန် နေထိုင်သွားသည်´ ဆိုသလိုမျိုးပါ။ လက်တွေ့ကျကျ ပြောရမယ်ဆို ဥပမာ အိမ်ထောင်ကျပြီး ဈေးထဲမှာ ဆိုင်လေးနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်တာမျိုးတို့ အမေရိကားမှာ ကိုယ်ပိုင်အိမ်နဲ့၊ သားနဲ့၊ ကားနဲ့ နေချင်တာမျိုးတွေပါ။ ဒီတစ်ခု ပြည့်စုံသွားရင်တော့လည်း မိန်းမတွေက သူတို့ ဘ၀ ပြည့်စုံသွားပြီဆိုပြီး ရောင့်ရဲတတ်ပါတယ်။

ပြီးတော့ တချို့ မိန်းမတွေက သူတို့ ဘာလိုချင်လည်း သူတို့ အသေအချာ မသိပါဘူး။ သူများရပြီဆိုမှ လိုချင်တာပါ။ တချို့ကျတော့လည်း သူတို့လိုချင်တာကို တစ်သက်လုံး ထုတ်ဖော်မပြတော့ပါဘူး။ သူတို့ရဲ့ ကြိုက်တတ်တာနဲ့ လိုချင်တာက အမှန် ဟုတ်မဟုတ် သိရခက်ပါတယ်။ နောက်ပြီး မိန်းမတွေက သူတို့လိုချင်တာကို ရှေ့တန်းတင်လေ့ မရှိပါဘူး။ တန်၏ မတန်၏၊ သင့်၏ မသင့်၏ အရင် စဉ်းစားလေ့ ရှိပါတယ်။ ယောက်ျားတွေကတော့ လိုချင်ပြီဆို ဘာမှ မစဉ်းစားတတ်ပါဘူး။ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်တတ်ပါတယ်။

ယောက်ျားတွေ ဘာကြိုက်တတ်လဲ ကြည့်လိုက်ရင် Gadget ပစ္စည်း ဆန်းဆန်းတွေ ကြိုက်မယ်၊ ဈေးကြီးပေး ၀ယ်မယ်။ ဒီထက် ပိုဆိုးရင် ကားကောင်းကောင်း ကြိုက်တတ်မယ်။ မ၀ယ်နိုင်ရင်တောင် တချိန်လုံး ကားရူးနေမယ်။ ဒါမှ မဟုတ်ရင်လည်း တစ်အိမ်လုံး စာအုပ်တွေနဲ့ ဖွထားပြီး ချောင်ကောင်းကောင်းမှာ စာအုပ် တစ်အုပ်နဲ့ နှပ်နေမယ်။ တစ်အိမ်လုံး ပန်းချီကားတွေ၊ ပန်းချီဆေးတွေနဲ့ ဖွထားမယ်။ ညကြီးသန်းခေါင် ပန်းချီ ထဆွဲမယ်။ ဒါမှမဟုတ်ရင် Home Theatre နဲ့ တစ်အိမ်လုံး ၀ုန်းဒိုင်းကြဲနေအောင် ရုပ်ရှင်ကားတွေ ကြည့်မယ်။ ဒါမှမဟုတ်ရင် သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ကို နေ့တိုင်း သွားထိုင်မယ်။ ဒီထက် ပိုဆိုးရင် ဘီယာဆိုင် သွားထိုင်မယ်။ ဒါမှမဟုတ် အလုပ်ထဲမှာ အစွမ်းကုန် ကြိုးစားမယ်။ ဒီထက်ပိုဆိုးရင် အလုပ်လုပ်ချင်စိတ် တိုးတက်အောင် လုပ်ချင်စိတ်မရှိ ပုံမှန်သမား အေးဆေးသမား ဖြစ်နေမယ်။ ဒါမှမဟုတ် အရာရာ သူပဲ ဦးဆောင်ရတာကို ကြိုက်မယ်။ ဒါမှမဟုတ် ဟင်းကောင်းကောင်း ချက်တတ်တဲ့ မိန်းမကို ကြိုက်မယ်။ ဒါမှမဟုတ် ဈေးရောင်းကောင်းတဲ့ မိန်းမကို ကြိုက်မယ်။ အဲဒီလို ယောက်ျားတွေ လိုချင်တာ ဖြစ်ချင်တွေက အမျိုးမျိုးရှိလို့ ယောက်ျားတွေ ဘာကြိုက်လဲကို ပုံသေနည်း ထုတ်လို့ မရဘူး ထင်ရမယ်။

မိန်းမတွေက သူတို့ ကြိုက်တာ လိုချင်တာကို ထိန်းချုပ်ထားပြီး ရှိတဲ့ ဘ၀နဲ့ ပျော်အောင် နေနိုင်သလောက် ယောက်ျားတွေကတော့ သူတို့ လိုချင်တာ၊ သူတို့ ကြိုက်တာ မရရင် မနေတတ်ပါဘူး။ ယောက်ျား ဆိုတာမျိုးကလည်း ငယ်ငယ်ကတည်းက ထိန်းချုပ်လို့ ရတာမျိုး မဟုတ်ပါဘူး။ သူတို့လိုချင်တာ မရရင် သောင်းကျန်းမယ်၊ ခိုးလုပ်မယ် ဆိုတာမျိုးတွေပါ။ အသက်ကြီးလာပြီင်္း ပါးနပ်လာရင်တော့ သူတို့ လိုချင်တာကို မရရအောင် လမ်းကြောင်းပြီး ရအောင် ယူမယ်၊ လုပ်မယ်။ သူတို့ လိုချင်တာအတွက် ဈေးဘယ်လောက် ပေးရပေးရ မတွန့်တိုပါဘူး။ သူတို့ လိုချင်တာအတွက် နစ်နာကြေးပေးတာမျိုး လာဘ်ထိုးတာမျိုးလည်း လုပ်တတ်ပါတယ်။ ဥပမာ ကိုယ်လိုချင်တာ တစ်ခုရဖို့ မိန်းမကို တစ်ခု ၀ယ်ပေးတာမျိုးတို့။ သူငယ်ချင်းတွေနဲ့ တွေ့ပြီး ပြန်လာရင် မိန်းမအတွက် ကြိုက်တတ်တဲ့ အစားအစာ ၀ယ်လာတာမျိုးတို့ပါ။

မိန်းမတွေက သူတို့ လိုချင်တာ မရပေမယ့် သူတို့ရထားတာ တန်တယ် ကောင်းတယ်ဆို ကျေနပ်ပါတယ်။ စိတ်ဓါတ်မကျတတ်တဲ့အပြင် ပျော်အောင် နေတတ်ပါတယ်။ ယောက်ျားတွေကတော့ သူတို့လိုချင်တာ မရရင်၊ သူတို့လုပ်ချင်တာ မလုပ်ရရင် စိတ်တိုမယ်၊ စိတ်ဓါတ်ကျမယ် ဖြစ်တတ်ပါတယ်။ အနည်းဆုံးတော့ စိတ်ညစ်မယ်။ ဘ၀မှာ ကိုယ်လိုချင်တာ မဖြစ်လို့ စိတ်ဓါတ်ကျနေတဲ့ ယောက်ျားဦးရေက မိန်းမဦးရေထက် ပိုများမယ်။ ကိုယ်လုပ်ချင်တာကို တားတဲ့သူကို ရန်သူလို့ ထင်မယ်။ မိန်းမက တားရင် မိန်းမကို စိတ်တိုမယ်၊ ရန်ဖြစ်မယ်။ `နင်ဘာသိလိုလဲ´ ဆိုပြီး ကိုယ်လိုချင်တာကို ရအောင်လုပ်မယ်။ ကိုယ်လုပ်ချင်ရာ လုပ်နေရရင်တော့လည်း အိမ်ဦးနတ်မို့ အခွင့်အရေး ရှိတယ်ဆိုပြီး Granted လို့ သဘောထားမယ်။ မိန်းမက စိတ်ချမ်းသာအောင် လွှတ်ပေးထားတာကို သတိမူမိမှာ မဟုတ်ဘူး။

အခုလောက်ဆိုရင်တော့ ယောက်ျားတွေ ဘာကြိုက်လဲဆိုတာကို သိသာလာပါပြီ။
ယောက်ျားတွေက ကိုယ်လုပ်ချင်ရာ လုပ်နေရတာကို ကြိုက်ပြီး အဲဒီလို ပေးလုပ်ထားတဲ့ မိန်းမတွေကို ကြိုက်ပါတယ်။
ဒါဆိုရင် မိန်းမလည်း လူပဲ ကိုယ်လုပ်ချင်ရာ လုပ်ရတာ ကြိုက်မှာပေါ့လို ဆိုချင်မယ်။ မိန်းမတွေကတော့ လုပ်သင့် မလုပ်သင့် စဉ်းစားပါတယ်။ ဆန္ဒကို ချိုးနှိမ်တတ်ပါတယ်။

ယောက်ျားတွေကို သူတို့လုပ်ချင်ရာ ပေးလုပ်ထားရတော့မှာလား ဆိုတာကတော့ ယောက်ျားတွေ ဘာလုပ်ချင်လည်း ဆိုတာနဲ့ မိန်းမတွေရဲ့ ပါးနပ်စွာ ထိန်းချုပ်နိုင်မှုပေါ်ပဲ မူတည်ပါတယ်။ ဥပမာ အပြင် ထွက်တာ ကြိုက်တဲ့ ယောက်ျားကို အပြင်ပေးမထွက်ရင်တော့ ပြဿနာ ဖြစ်နိုင်တယ်ဆိုပေမယ့် အပြင်ထွက်တာ နည်းအောင် အိမ်ထဲမှာ ပျော်အောင်ထားဖို့ စဉ်းစားရပါမယ်။ အပြင်ထွက်ရင် မိန်းမပါ တစ်ခါတစ်လေ လိုက်ပေးမယ်ဆိုရင် စိတ်မချစရာ မရှိတော့ပါဘူး။ ပစ္စည်း အသစ်အဆန်းလေးတွေ ဈေးကြီး ပေးဝယ်တဲ့ ယောက်ျားကိုတော့ မိန်းမက Budget နဲ့ တွက်ပြီး ၀ယ်ခွင့်ပေးမယ်၊ ယောက်ျားကို ပိုက်ဆံ ပိုရှာအောင် တွန်းအားပေးမယ်၊ ပိုက်ဆံပိုရှာနိုင်အောင် ကူညီပေးမယ်ဆိုရင် ပြဿနာ မဖြစ်နိုင်တော့ပါဘူး။ ယောက်ျားက အနုပညာလောကထဲမှာ ပျော်မွေ့တတ်ရင် မိန်းမကလည်း နည်းနည်းပါးပါး နားလည်အောင် လိုက်လုပ်မယ်။ ဥပမာ စာရေးတဲ့ စာဖတ်တဲ့ ယောက်ျားနဲ့ဆိုရင် သူ့ဆီက ကိုယ်ဖတ်ချင်တဲ့ စာအုပ်တချို့ ယူဖတ်မယ်။ ယောက်ျားကို ကမ္ဘာပေါ်မှာ တခြားလောကတွေ (ဥပမာ စီးပွားရေ၊ လူမှုရေးလောကတွေ) လည်း ရှိသေးတယ် ဆိုတာ ပြနိုင်မယ် မျှတအောင် ဆွဲခေါ်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။
ဘယ်လိုပဲ ဖြစ်ဖြစ် ယောက်ျားတွေက ကိုယ်လုပ်ချင်ရာကို ပေးလုပ်တဲ့ မိန်းမကို ကြိုက်ပြီး မိန်းမတွေကလည်း ကိုယ့်ကို ကြိုက်တဲ့ ယောက်ျားကို ပြန်ကြိုက်တယ်ဆိုရင်တော့ အိမ်ထောင် အေးချမ်းသာယာဖို့ကတော့ ယောက်ျားတွေ ဘာလုပ်ချင်လည်းပေါ် အဓိက မူတည်နေပါတော့တယ်။

(လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်)

်Credit: Andy Myint


No comments:

Post a Comment