Tuesday, November 24, 2015

တရုတ်တို့ကို အကြိမ်ကြိမ်အောင်နိုင်ခဲ့သည့် မြန်မာစစ်ဘုရင် ဆင်ဖြူရှင်မင်းတရားကြီး


(၁)
တစ်ချိန်တုန်းက မြန်မာရာဇ၀င်မှာ တိတိကျကျပြောရရင် ၁၇၆၀ မှာ မြန်မာနိုင်ငံမှာ စစ်ရေး အအောင်မြင်ဆုံးဖြစ်တဲ့ ဆင်ဖြူရှင်ဘုရင်ဆိုတာ ထင်ရှားခဲ့ပါတယ်။ အဲဒီဘုရင်လက်ထက်မှာ အလောင်းမင်းတရား လက်ထက်က မအောင်မြင်ခဲ့တဲ့ အယုဒ္ဓယ (ထိုင်းနိုင်ငံ) ကို အောင်မြင်ခဲ့သလို ကမ္ဘာ့သမိုင်းမှာ နာမည်ကြီးတဲ့ တရုတ်ကျူးကျော်စစ်ဖြစ်တဲ့ တရုတ်-မြန်မာစစ်ပွဲ (Seno - Burmese War) (၄) ကြိမ်စလုံးကို တိုက်ခိုက် အောင်မြင်ခဲ့ပါတယ်၊

တရုတ်-မြန်မာ ပထမစစ်ပွဲ
------------------------------------
၁၇၆၅ ခုနှစ် မတ်လအတွင်းမှာ ဆင်ဖြူရှင် မင်းတရားကြီးဟာ အယုဒ္ဓယကို တိုက်ခိုက် သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ အခွင့်ကောင်းယူပြီး တရုတ်စစ်သည် ၃၅၀၀ က ကျိုင်းတုံမြို့ကို စတင် လုပ်ကြံလာပါတယ်။ ထိုစဉ်က ဗိုလ်ချုပ်နေမျိုးသီဟပတေ့နဲ့ မြန်မာတပ်အင်အား ၂၀၀၀၀ ဟာ ကျိုင်းတုံကနေ ယိုးဒယားကို ချီတက်နေချိန် ဖြစ်ပါတယ်။ ဆင်ဖြူရှင်မင်းဟာ လက်ဝဲဝင်းမှူး  နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက် တိုက်ခိုက်စေပါတယ်။ တရုတ်တို့က စစ်သည်များ ထပ်မံဖြည့်တင်း၍ ကျိုင်းတုံကို အထပ်ထပ်ဝန်းရံ တိုက်ခိုက်ပါတယ်။ ကျိုင်းတုံမြို့တွင်းက တပ်တွေကလည်း ထွက်တိုက်တာနဲ့ တရုတ်တွေ ဆုတ်ခွာပြေးရပါတယ်။ တရုတ်တို့နောက်သို့ ခြေရာထပ် လိုက်လံတိုက်ခိုက်ပြီး မဲခေါင်မြစ် အရောက်တွင် တရုတ်စစ်မှူး ကျဆုံးသွားပါတယ်။ အဲဒီစစ်ပွဲမှာ တရုတ်တို့ဖက်မှ စုစုပေါင်း စစ်သည်ငါးသောင်း၊ မြင်းတစ်သောင်းအထိ ချီတက်လာပြီး တရုတ် စစ်သည်တစ်သောင်း  ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို မရှုမလှ ဆုံးရှုံးခဲ့ရတဲ့အတွက် ယူနန်ဘုရင်ခံ  လျူစောက်ဟာ မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားပါတယ်။

တရုတ်-မြန်မာ ဒုတိယစစ်ပွဲ
--------------------------------------
၁၇၆၆ မှာ ဒုတိယအကြိမ်အနေနဲ့ တရုတ်တို့ဟာ ယူနန်ဘုရင်ခံသစ် ဦးဆောင်ပြီး ဗန်းမော်ကြောင်းကနေ ချီတက်လာပြန်ပါတယ်။ ဆင်ဖြူရှင်ဟာ တရုတ်တပ်ကြီး မရောက်မီလေးမှာ ဗလမင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော မြန်မာစစ်တပ်ကြီး တတပ်ကို ဗန်းမော်တောင်ဘက်ရှိ မြန်မာခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူလွှတ်လိုက်ပါတယ်၊ ဗန်းမော်မြို့ကို မြန်မာတို့ဟာ တင်းကြပ်စွာ ထိန်းသိမ်းခြင်း မပြုတဲ့အတွက် တရုတ်တို့ဟာ လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြပါတယ်။ ဆင်ဖြူရှင်ဟာ တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန် ဝန်ကြီး မဟာစည်သူ ကွပ်ကဲတဲ့ စစ်တပ်ကြီးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့် နေမျိုးစည်သူကို ကွပ်ကဲ၍ ချီတက်စေပါတယ်။ ကျိုင်းတုံမှာ မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ် ထိုးစစ်ဆင်လာတဲ့ တရုတ်တို့ကို စစ်ကူများ ရောက်လာသည့်တိုင်အောင် ခုခံ တိုက်ခိုက်ကြပါတယ်။ နေမျိုးစည်သူ စစ်တပ်ကြီးဟာ ဗန်းမော်ကို ပြန်လည်သိမ်းပိုက်လိုက်ပြီး တရုတ်စစ်တပ်ကို နှစ်ဘက်ညှပ်ပြီး ကောင်းတုံခံတပ်မှ မြန်မာတပ်များက ရှေ့မှ ထွက်တိုက်ကာ နေမျိုးစည်သူတပ်က တရုတ်တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ပါတယ်၊ တရုတ်တို့က "သူတို့ဟာ မြန်မာတို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်" ဆိုပြီး မှတ်တမ်းများမှာ ဝန်ခံထားကြပါတယ်။ တရုတ်စစ်မှူး ချိုဟန်ပိုင်ဟာ ကျန်နေတဲ့ စားနပ်ရိက္ခာများကို ဖျက်ဆီးပြီး တပ်ပြန်ဆုတ်ခဲ့ပါတယ်။ ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက်လာတဲ့ မြန်မာ တပ်ကြီးဟာ ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ကူးပြီး ဆီမာမြောက်ဘက် ယောယင် တောင်တန်းများအနီးမှာ စခန်းချနေတဲ့ တရုတ်စစ်တပ်ကို အောင်နိုင် ကြပြန်ပါတယ်၊ မြန်မာတို့ဟာ တရုတ်စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီး ဆက်လက်၍ စန္ဒားတိုင်အောင် ချီတက်ကြပြီး မဟာသီဟသူရ၏ စစ်တပ်ကြီးနဲ့ ပူးပေါင်း မိကြပြန်ပါတယ်။ နယ်စပ်ရှိ တရုတ်တို့ရဲ့ ခံတပ်တွေကို မြန်မာစစ်တပ်ကြီးတွေက သိမ်းပိုက်ပြီး ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိခဲ့ပါတယ်၊ တရုတ် မှတ်တမ်းတွေမှာ ယူနန်ဘုရင်ခံဟာ ကြောက်ရွံ့တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟု ဆိုပါတယ်။ တရုတ်ဧကရာဇ် ချင်းလုံကို ယူနန်ဘုရင်ခံဟာ တရုတ်တွေစစ်ရေးအသာ ရှိနေတယ် လိမ်လည်လှည့်ဖျားပြီး အစီရင်ခံတဲ့အတွက်  တရုတ်ဧကရာဇ်ဟာ အဲဒီယူနန်ဘုရင်ခံကို  ပီကင်းကိုခေါ်ပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်စေခဲ့ပါတယ်။

တရုတ်-မြန်မာ တတိယစစ်ပွဲ
--------------------------------------- အဓိကပြောချင်တာကတော့ တတိယစစ်ပွဲမှာပါ။ ၁၇၆၇ ခုနှစ်မှာ တရုတ်တပ်တွေဟာ တတိယအကြိမ် ချီလာပြန်ပါတယ်၊ တရုတ်ဧကရာဇ်ဟာ ယူနန်ဘုရင်ခံ ရာထူးကို ထူးချွန်တဲ့ မန်ချူး စစ်ဗိုလ်ချုပ်ကြီး တဦးလို့ အသိအမှတ်ပြုခံရတဲ့ မင်းယွီကို ခန့်အပ်ပြီး စစ်သည် ၅၀၀၀၀ ပါဝင်တဲ့ တရုတ်စစ်တပ်ကြီးကို အုပ်ချုပ်စေပါတယ်၊ မင်ယွီဟာ သူ့တပ်ကိုနှစ်ပိုင်းခွဲပြီး တစ်တပ်ကို သူကိုယ်တိုင်လိုက်ပါပြီး သိန္တီကို ချီတက်ပါတယ်။ မင်ယွီဟာ မန်ချုးဧကရာဇ် ချင်းလုံရဲ့ သမက်တော်ဖြစ်ပြီး ကာဂျစ်ကစ္စတန် နိုင်ငံကြီးကို တိုက်ခိုက်သိမ်းပိုက် အောင်နိုင်ခဲ့တဲ့အတွက် ဘုရင်က သူ့သမီးနဲ့ ထိမ်းမြား လက်ဆက်ပေးထားသူ ဖြစ်ပါတယ်၊ တရုတ်သမိုင်းမှာ ထင်ရှားတဲ့ စစ်သူကြီးတစ်ဦး ဖြစ်ပါတယ်ဝ သိန္တီမြို့ကို တရုတ်တပ်တွေက အလွယ်တကူ သိမ်းပိုက်ပြီးတဲ့အခါ မင်းကြီးမဟာစည်သူ ကွပ်ကဲတဲ့ မြန်မာတပ်ကြီးဟာ တရုတ်တို့စစ်ဦးကို ဆီးကြိုတိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့ပါတယ်။ မင်းကြီး မဟာသီဟသူရ စစ်တပ်ကြီးဟာ ရွှေစာရံကနေ မြစ်ငယ်မြစ်ကို ဆန်တက်ပြီး တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားပါတယ်။ နေမျိုးစည်သူကွပ်ကဲတဲ့ တတိယ မြန်မာ့စစ်ကြောင်းဟာ တရုတ်စစ်မှူး အာဆင်ဂျီး ကွပ်ကဲတဲ့ တရုတ်တပ်ကို ဆီးပြီး တိုက်ခိုက်ဖို့ ချီတက်ခဲ့ပါတယ်။ ဂုတ်ထိပ်အရပ်မှာ မဟာစည်သူတပ်နဲ့ မင်းယွီ၏တပ်တို့ တွေ့ဆုံ၍ပြီး တိုက်ပွဲဖြစ်ပွားရာ မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ခဲ့ပါတယ်၊ အဲဒီနောက်မှာ တရုတ်တပ်တွေဟာ ဆက်လက်ချီတက်လာပြီး တစ်ကြောင်းက ယခုဝမ်ခေါင်းရွာ (ယခု မေမြို့အနီးစခန်းအနီး) အထိ ရောက်လာခဲ့သလို အင်းဝအနီးမှာရှိတဲ့ မြစ်ငယ်မြစ်ကမ်း အနီးကမှ စဥ့်ကူးအထိ ရောက်ခဲ့ပါတယ်။ အရမ်းကို နီးကပ်တဲ့ အနေအထားပါ။ ဆင်ဖြူရှင်ဟာ အဲဒီအနေအထားကို သိရက်နဲ့ ပျာယာခတ်မနေပဲ တည်ငြိမ်ရင့်ကျက်စွာ ရင်ဆိုင်ခဲ့ပါတယ်။ သူ့နေရာမှာ အာဏာရှင်တွေသာဆိုရင် အခုလောက်ဆို တရုတ်ကိုကြောက်ရတယ် ဆိုတဲ့အတိုင်း လက်နက်ချပြီး တရုတ်ပြည်အဖြစ် ရောက်ရှိခဲ့တာ ကြာလောက်ပါပြီ။ အဲဒီအချိန်က မြန်မာနိုင်ငံရဲ့ ကံကြမ္မာဟာ ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင် မူတည်ခဲ့တာပါ။ မြန်မာ့သမိုင်းရဲ့ အပြောင်းအလဲကြီးတစ်ခုကို ဆင်ဖြူရှင်လက်ထက်မှာ ရင်ဆိုင်ခဲ့ရတာပါ။ တချက်တိမ်းတာနဲ့ တနိုင်ငံလုံး တုန်လှုပ်ခြောက်ခြား၍ အစည်းပြေပြီး တရုတ်လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက်မဲ့ အနေအထားပါ၊ ဆင်ဖြူရှင်ဘုရင်ဟာ ရန်သူတရုတ်တပ်မကြီးတွေ နီးကပ်နေတာကို တုန်လှုပ်မှုမရှိပဲ ကြံ့ခိုင်တဲ့စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည်စုစည်းခဲ့ပါတယ်။ တရုတ်စစ်သူကြီး မင်းယွီအနေနဲ့သည်လည်း အခက်အခဲများကို ရင်ဆိုင်နေရတဲ့အတွက် ဆင်ဖြူရှင်ရဲ့ တုန်လှုပ်မှုမရှိတဲ့ တုန့်ပြန်မှုကို တွေ့ရတဲ့အခါ အင်းဝနေပြည်တော်ကို သူ့တပ်တစ်ခုတည်းနဲ့ မသိမ်းပိုက်နိုင်တော့လို့ ယူဆလာပါတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မြန်မာစစ်သူရဲတွေဖြစ်တဲ့ မဟာသီဟသူရနဲ့ တိမ်ကြားမင်းခေါင်တို့ရဲ့ မြန်မာတပ်ကြီးတွေဟာလဲ တရုတ်စစ်တပ်အချင်းချင်း မဆက်မိအောင် အဆက်အသွယ်ဖြတ်ပြီး တရုတ်စစ်ကူတပ်နဲ့ ရိက္ခာထောက်တပ်များကို ဟန့်တား ဖြတ်တောက်ထားလိုက်ပါတယ်၊ မင်းယွီ၏ စစ်တပ်ကြီးဟာ ရှေ့သို့တိုး၍သာ ချီတက်လျက်ရှိတဲ့အချိန် ရိက္ခာများ အရေးတကြီး လို၍နေတဲ့အချိန်မှာမှ မင်းယွီ၏တပ်ကို ရိက္ခာများ အရောက်ပို့ဖို့ အပြင်းချီတက် ထိုးဖောက်လာတဲ့ တရုတ်ရိက္ခာထောက် စစ်ကူတပ်တွေဟာ မြန်မာတို့ရဲ့ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်ခွာသွားပြီး အဲဒီကနေမှ လားရှိုး၊ သိန္နီ တိုင်အောင် ဆုတ်ခွာသွားပါတယ်။ မင်ယွီရဲ့တပ်ဟာ အင်းဝမြို့နဲ့ အနီးဆုံးနေရာကို ရောက်လာတဲ့အချိန်မှာ မြန်မာစစ်တပ်က အခြားစစ်မှူး၊ စစ်ကဲတွဟာ အင်းဝနေပြည်တော်ကို ပြန်လည်ချီတက်ပြီး အကာအကွယ် ပေးလိုကြပါတယ်။ ဒါပေမဲ့ မင်းကြီးမဟာသီဟသူရက "နောက်ထပ် တရုတ်စစ်ကူနဲ့ ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမယ်"လို့ ပြတ်သားစွာ အမိန့်ပေးခဲ့တဲ့အတွက် မြန်မာတပ်တွေဟာ စုစည်းမိသွားပါတယ်။ စစ်သူရဲ နေမျိုးစည်သူဟာ ကျိုင်းတုံကနေ မဟာသီဟသူရ စစ်တပ်ကြီးနှင့် လာရောက် ပူးပေါင်းပါတယ်။ ပြီးတော့ သိန္တီကို မြန်မာတပ်နှစ်တပ် ပေါင်းပြီး အပြင်းတိုက်တဲ့အခါ သိန္တီမှာရှိနေတဲ့ တရုတ်စစ်မှူးကြီး တာဆင်ဂါးဟာ ထိတ်လန့်မှု ပြင်းပြပြီး မိမိလည်မျိုကို ဓားဖြင့်လှီး၍ အဆုံးစီရင်လိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ မင်းယွီရဲ့ စစ်တပ်ကြီးပဲ ကျန်ပါတော့တယ်။ မြန်မာတွေအဖို့ တစ်ရန် အေးသွားတဲ့အတွက် မင်းယွီဘက်သို့ ဦးလှည့် နိုင်ပါတော့တယ်။ မင်းယွီဟာ သူ့အကြောင်းသူသိပြီး အင်းဝမြို့တော်သို့ ချီတက်ခြင်းမပြုတော့ဘဲ စစ်တပ်ကြီးကို ဆုတ်ခွာခဲ့ပါတယ်။ မင်းယွီဟာ သူ့ရဲ့ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော မြန်မာတပ်ကြီးဟာ သူ့တပ်ရဲ့ စစ်နောက်ကြောင်းဘက်တွင် ရောက်နေကြောင်း သိတဲ့အတွက် လာလမ်းအတိုင်းလှည့်၍ မပြန်ဘဲ မြောက်ဘက်တူရူသို့ ဆုတ်ခွာခဲ့ပါတယ်။ ပထမပိုင်း ဂုတ်ထိပ်မှာ အရေးရှုံးနိမ့်ခဲ့တဲ့ မဟာစည်သူဟာ သူရဲ့စစ်တပ်ကြီးကို ပြန်လည်စုရုံးပြီး မင်းကြီး မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီလိုက်ပါတယ်။ မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိခဲ့ပြီး အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် မင်းယွီရဲ့တပ်ဟာ အကျအဆုံး များလာခဲ့ပါတယ်၊ လက်ရှိ ပြင်ဦးလွင်ရှိရာဒေသမှာ မြန်မာတပ်တွေဟာ တရုတ်စစ်သည်အင်အား ၃၀၀၀၀ ကို ၃ ရက်လုံးလုံး အပြင်းအထန် ရေကုန်ရေခမ်း ၀ိုင်းတိုက်ကြတဲ့အတွက် တရုတ် မင်ယွီရဲ့ စစ်သည်အင်အားဟာ ၂၅၀၀ ပဲ ကျန်ရှိတဲ့အထိ ဖြစ်လာပါတယ်။ အဲဒီတိုက်ပွဲမှာ မြန်မာစစ်သည်တွေရဲ့ ဓားတွေဟာ သွေးတွေနဲ့ လက်တွေမှာ စေးကပ်ပြီး ခွါမရဖြစ်ခဲ့တယ်လို့ ကမ္ဘာ့သမိုင်းမှာ ရေးသားခဲ့ကြပါတယ်။ မြန်မာတို့ဟာ တရုတ်တပ်ကြီးကို ထွက်ပေါက်မရှိအောင် တင်းကြပ်စွာ ပိတ်ဆို့ ဝန်းဝိုင်းထားကြတဲ့အတွက် တရုတ်ဧကရာဇ်က သူ့သမက်တော် မင်ယွီကို လှမ်းပို့တဲ့ ပြန်ဆုတ်ခွာဖို့အမိန့်စာတောင် မင်ယွီဆီကို မရောက်ခဲ့ပါဘူး။ မြန်မာတပ်တွေ အ၀ိုင်းခံရတဲ့အချိန်မှာ မင်ယွီဟာ သူရဲကောင်းပီသစွာ သူရတဲ့ရိက္ခာကိုတောင် ဒဏ်ရာရတဲ့ တရုတ်စစ်သည်တွေကို ကျွေးပြီး သူကိုယ်တိုင်ကတော့သစ်ရွက်တွေကိုသာ စားခဲ့တယ်လို့ တရုတ်ရာဇ၀င်မှာ ရေးသားခဲ့ကြပါတယ်။ နောက်ပိုင်းမှာ မင်ယွီဟာ သူရဲ့ ကျစ်ဆံမှီးကိုဖြတ်ပြီး တရုတ်ဧကရာဇ်ထံကို ပေးပို့စေပြီး သူကိုယ်တိုင်ကတော့ ကြိုးဆွဲချ အဆုံးစီရင်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ မြန်မာတပ်တွေဟာ အင်အား ငါးသောင်းရှိတဲ့ တရုတ်တပ်တွေကို အောင်နိုင်ခဲ့ပါတယ်။

တရုတ်-မြန်မာ စတုတ္တစစ်ပွဲ
--------------------------------------
၁၇၆၉ ခုနှစ် ကုန်ဆုံးလုချိန်မှာ တရုတ်တို့ဟာ နယ်စပ်မှာ ၆၀,၀၀၀ ထက် မနည်းတဲ့ စစ်သည်များကို စုရုံးပြီး ပြန်လည် ၀င်ရောက်လာပါတယ်။ စစ်မှူးကြီးမှာလည်း မန်ချူးအစိုးရတို့ လွန်စွာ အားထားရတဲ့ မန်ချူးလူမျိုး နယ်စားကြီး ဖူဟင်း ဖြစ်ပါတယ်။ ဖူဟင်း၏တပ်ဟာ စထွက်ကတည်းက မှားယွင်းခဲ့ပါတယ်။ ငှက်ဖျားရောဂါ ထူထပ်လှတဲ့ မိုးကောင်းနယ်မြေမှာ အလဟဿ လှည့်လည်၍ နှစ်လတိုင်တိုင် အချိန်ဖြုန်းခဲ့သလို ဖြစ်ခဲ့ပါတယ်။ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့ ရောက်တဲ့အခါ တရုတ်တို့ဟာ ရာဝတီ မြစ်ဘက်သို့ ပြန်၍လှည့်ကြပါတယ်၊ ရွှေကူ မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ စစ်တပ်နဲ့ ပေါင်းမိခဲ့ပါတယ်။ ထို့နောက် မန်းဝန်းမှ ချီလာသော တပ်နှင့်တဖန် ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ သို့သော် ဗန်းမော်ဟာ မြန်မာတို့အဖို့ အရေးပါ အားထားသော  စခန်းဌာန မဟုတ်ခဲ့ပါ၊ ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည် မြို့တမျှ ကြီးမားလှသော ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ ရွှေညောင်ပင် စခန်းတွင် တည်ဆောက်ခဲ့ပြီး စစ်တပ်နှင့်အတူ ပါလာသော လက်သမားများကို လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို လှေတပ်ဖြင့် ဝိုင်းကြပါတယ်၊ အဲဒီနောက် တရုတ်တို့ဟာ ကြံ့ကြံ့ခိုင်စွာ အတင်းအမာ ခုခံနေသော မြန်မာတွေရဲ့ ကောင်းတုံ ခံတပ်ကို အမြောက်လက်နက်များ စုံလင်စွာဖြင့် ရက်သတ္တပတ်ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြပါတယ်။ မြန်မာ စစ်မှူးစစ်ကဲတို့ဟာ ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို ဖြတ်တောက်ရန် စစ်တပ်ကြီးတတပ် စေလွှတ်ပြီး တရုတ်တို့ကို ဝိုင်းညှပ်ကာ တဖြေးဖြေး ချီတက်ကြပါတယ်။ ကောင်းတုံကို မြန်မာ့ရေတပ်မှ အကူအညီ ရောက်လာပြီးနောက်ပိုင်း တရုတ်တို့၏ လှေသမ္ပာန်များသည်လည်း မြန်မာတပ်၏ ထွင်းဖောက်ခြင်းကို ခံကြရပါတယ်။ မြန်မာ့ရေတပ်ကိုလည်း တရုတ်ရေတပ်ဟာ မမှီခဲ့ပါဘူး။ ထို့နောက် ရွှေညောင်ပင် တရုတ်ခံတပ်ကို မြန်မာတို့ အပြင်းအထန် ၀င်ရောက်သိမ်းပိုက်ပြီးနောက် ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသွားတဲ့အခါ တရုတ်တို့သည် ကောင်းတုံကို ဝန်းရံနေသောတပ်နှင့် သွားရောက် ပူးပေါင်းကြပါတယ်။ မြန်မာတို့၏ ခံတပ် အခြေမှာ တရုတ်စစ်တပ်ဟာ အတုံးအရုံး စုပုံ ကျဆုံးကြပါတယ်။ တရုတ်တို့ရဲ့ ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက ပိတ်ဆို့ပြီး ဖြစ်တဲ့အတွက် တရုတ်ဘုရင်ဟာ စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းခဲ့ပါတယ်၊
------------------ ------------------- ------------------
(၂)
ထူးခြားတာတစ်ခုကို တွေ့ရပါတယ်။ တရုတ်က စစ်ပြေငြိမ်းဖို့ ကမ်းလှမ်းတာကို ဗိုလ်ချုပ် မဟာသီဟသူရဟာ ရှေ့ရေးကိုမျှော်တွေးပြီး သဘောတူခဲ့ပါတယ်။ ဆင်ဖြူရှင်ဘုရင်ရဲ့ အမိန့်ကို မခံယူတော့ဘဲ လက်ခံမိခဲ့တာပါ။ တရုတ်တွေ ကမ်းလှမ်းလာတဲ့ လက်ဆောင်ပဏ္ဍာတွေကို ဆင်ဖြူရှင်ဆီကို ပို့ပေးခဲ့ကြပါတယ်။ အဲဒီ သတင်းကို ကြားတာနဲ့ ဆင်ဖြူရှင်မင်းဟာ အမျက်တော် ရှသွားပါတယ်။ ပြီးတော့ တရုတ်ဆီကနေရရှိခဲ့တဲ့ စစ်ပြေငြိမ်းရေး လက်ဆောင်ပဏ္ဍာတွေကို အဲဒီ မဟာသီဟသူရ စစ်တပ်ကြီးက  အကြီးအကဲဗိုလ်မှူး တပ်မှူးတို့ရဲ့ ဇနီးနဲ့ မိသားစုတွေကို ရွက်စေပြီး သုံးရက်တိုင်တိုင် နေလှန်းခဲ့တယ်လို့ ရာဇ၀င်မှာ ဖေါ်ပြခဲ့ပါတယ်။ အဲဒီလို တရုတ်ကို ရွပ်ရွတ်ချွံချွံ တိုက်ခိုက် မောင်းထုတ်နိုင်ခဲ့တဲ့ သူရဲကောင်းတွေကိုတောင် စစ်ပြေငြိမ်းရေး လက်ခံပြီး လက်ဆောင်ပဏ္ဍာယူတာနဲ့ ဆင်ဖြူရှင်ဘုရင်က ဒဏ်ခတ်ခဲ့တယ်ဆိုရင် အခုလို တရုတ်ကို တိုင်းပြည်ထိုးအပ်နေတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကိုဆိုရင် ဆင်ဖြူရှင်ဟာ အနည်းဆုံး သေဒဏ် ပေးနိုင်ပါတယ်။
-------------------------------------------
(၃)
နောက်တစ်ခုက အဲဒီလောက်အထိ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ တရုတ်-မြန်မာ စစ်ပွဲကြီးတွေကို ဦးသန်းရွှေလက်ထက်မှာ သိသာထင်ရှားစွာ ဖေါ်ထုတ်ခြင်း မရှိတာကိုလဲ လေ့လာမိပါတယ်။ ပြီးတော့ စစ်ထွက်တွေနဲ့ လော်ဘီတွေကလဲ ကမ္ဘာ့သမိုင်းမှာ ထင်ရှားခဲ့တဲ့ တရုတ်မြန်မာ စစ်ပွဲတွေနဲ့ပတ်သက်ပြီး အကျယ်တ၀င့် သုံးသပ်ခြင်းမျိုးတွေ မရှိတာကလဲ ထူးခြားပါတယ်။ ပိုဆိုးတာက မြန်မာတရုပ်စစ်ပွဲ (၄) ကြိမ်စလုံးမှာ မြန်မာတပ်တွေဟာ ဧရာဝတီဆိုတဲ့ မြစ်ကြီးကို အသုံးချပြီး ခံတပ်တွေဆောက်၊ ရေတပ်တွေထုတ်ပြီး တရုတ်တွေကို ခုခံအောင်မြင်ခဲ့သလို တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံ ကချင်ဒေသနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက သစ်တောကြီးတွေကို အသုံးချပြီး တရုတ်ပြည်ရဲ့ စစ်တပ်ကြီးတွေကို ထိထိရောက်ရောက် ချေမှုန်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့ မေးစရာဖြစ်လာတာက အဲဒီ ဧရာဝတီမြစ်ကြီးနဲ့ အဲဒီ သစ်တောကြီးတွေကို တရုတ်က အခု ဘာလုပ်နေပါသလဲ…? ဘာလုပ်ဖို့ ကြိုးစားနေပါသလဲ…? ဆိုတာကိုပါ။ ဒါဟာ တရုတ်က အရင်တုန်းက ရှုံးနိမ့်ခဲ့ရတာတွေအတွက် အခုခေတ်မှာ ရာဇ၀င်ကြွေး ပြန်ဆပ်နေတယ် ဆိုတဲ့သဘောလို့ ယူဆစရာတောင် ရှိပါတယ်။ တရုတ်ဟာ သူတို့တွေ ပိုးစိုးပက်စက် ရှုံးနိမ့်ခဲ့တဲ့ ရာဇ၀င်ကြွေးကို ပြန်ဆပ်ချင်တဲ့အတွက် မြန်မာပြည်ကို ပညာပါပါနဲ့ ၀ါးမြိုပြီး မြန်မာနိုင်ငံမြောက်ဖျားက ရေ၊ မြေ၊ တောတောင်တွေနဲ့ ဧရာဝတီမြစ်ကြီးကို ဖျက်ဆီးပစ်တာလား ဆိုတာကို အမျိုးကို ချစ်ပါတယ်ဆိုပြီး၊ စစ်ရေးအမြင်ရှိပါတယ်ဆိုပြီး၊ ဘာမှနကန်းတစ်လုံးမှမသိတဲ့ သောက်ကြီးသောက်ကျယ်ပြောနေတဲ့ နလပိန်းတုန်း လဒူတွေအနေနဲ့ စဉ်းစားကြစေလိုပါတယ်။

( Pa yit)

Credit-Zaw Win Naing


No comments:

Post a Comment