Wednesday, November 25, 2015

"မျိုးသမီးနဲ့ အာဟာရ"

"မျိုးသမီးနဲ့ အာဟာရ"

အမျိုးသမီးဆိုတာ လူသားအရင်းအမြစ်တွေကို မွေးထုတ်ပေးတဲ့ မိခင်လောင်းတွေ ဖြစ်ပါတယ်။ မွေးဖွားလာတကည်းက မိန်းကလေးတွေမှာ သဘာဝအလျောက် မိခင်စိတ်ဆိုတာ ကိန်းအောင်း ပါလာခဲ့ကြပါတယ်။ ကလေးတွေမှာ ယောက်ျားလေးနဲ့ မိန်းကလေးတို့ ကစားပုံတို့ကို လေ့လာကြည့်လိုက်ပါ။ မိန်းကလေးတွေဟာ အရုပ်လေးတွေနဲ့ ပွေ့ပိုက် ကစားတတ်ကြပြီး ယောက်ျားလေးကစားပုံနဲ့ ကွာခြားတယ်ဆိုတာ သိကြပါတယ်။ ဒါဟာ မွေးကတည်းက ကွဲပြားစွာပါလာတဲ့ သဘာဝလက်ဆောင်တွေ ဖြစ်ပါတယ်။ မိခင်စိတ်ပါလာတဲ့အတွက် အမျိုးသမီးတွေဟာ အိမ်ထောင်ပြုဖြစ်တဲ့အခါ သားလေးတွေ သမီးလေးတွေ မွေးဖိုး ဆန္ဒ ရှိကြပါတယ်။ မိမိချစ်တဲ့ ခင်ပွန်းသည်တို့အတွက် ချစ်စရာ သားငယ် သမီးငယ်လေးတွေ မွေးပေးချင်ကြပါတယ်။ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင် ကြည်နူးချင်ကြပါတယ်။

ဒီလို သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ဖို့ သားသမီးလေးတွေက အဓိက ဆည်းလည်းတွေဖြစ်ရာ အမျိုးသမီးတို့အနေနဲ့ ကျန်းမာသန်စွမ်းတဲ့ သားသမီးလေးတွေ မွေးဖွားနိုင်ဖို့ အရမ်း အရေးကြီးပါတယ်။ ကျန်းမာတဲ့ သားသမီးလေးတွေ မွေးဖွားတယ်ဆိုတာက မိခင်လောင်းဖြစ်တဲ့ အမျိုးသမီးတို့အပေါ်မှာ များစွာ မူတည်နေပါတယ်။ အပျိုစင်ဘဝမှာ မိခင်လောင်းကိုယ်တိုင်က ကျန်းမာရွှင်လန်းပြီး အာဟာရပြည့်ဝခဲ့မှသာ ကိုယ်ဝန်ဆောင်စဉ် များစွာ အထောက်အကူရခြင်းပဲ ဖြစ်ပါတယ်။ မိခင်လည်းကျန်းမာပြီး ကလေးလည်း ကျန်းမာသန်စွမ်းခြင်းဆိုတဲ့ အကျိုးကျေးဇူးကို ရရှိစေတာဖြစ်ပါတယ်။ ဒါကြောင့်  အမျိုးသမီးတို့ဟာ   အိမ်ထောင်ပြုဖြစ်တဲ့အခါ ကျန်းမာသန်စွမ်းတဲ့ ရင်သွေးရတနာလေးတွေ မွေးဖွားစေနိုင်ဖို့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ကောင်းကောင်းစားပေးတတ်ဖို့ လိုပါတယ်။

တစ်ချို့ အမျီုးသမီးတွေဟာ အကြောင်းအမျိုးမျီုးကြောင့် အစားအသောက် အားနည်းတတ်ကြတာရှိပါတယ်။ ဒါပေမယ့် ဒီလို အစားအသောက်အားနည်းမှုဟာ တစ်ချိန်မှာ အိမ်ထောင်ပြုဖြစ်ခဲ့လို့ ကိုယ်ဝန်ဆောင်ရတဲ့အခါ ရင်သွေးတို့အပေါ် သက်ရောက်မှု ရှိစေတတ်ကြောင်း၊ အလွယ်တကူ ကိုယ်ဝန်ဆောင်ဖို့ ခက်ခဲစေတတ်ကြောင်း သုံးသပ် ပြောဆိုကြတာ ရှိပါတယ်။  ခေတ်မှီ ဆေးဝါးတွေ အကူအညီနဲ့ ခွန်အားပြည့်အောင် ကြိုးပမ်းနိုင်ပေမယ့် ပုံမှန် အာဟာရတွေနဲ့ ပြည့်ဝလာတဲ့ အနေအထားမျိုးနဲ့ နှိုင်းစာရင် ကွာခြားမှု ရှိတတ်ကြပါတယ်။ ပုံမှန် အာဟရ ပြည့်ဝစွာ စားသုံးလာသူ အမျိုးသမီးတစ်ယောက်ရဲ့ အင်အားပြည့်ဝမှုဟာ သူလွယ်ထားရတဲ့ သန္ဓေသားကို များစွာ အကျိုးပြုစေပါတယ်။ မိခင်ရဲ့ အာဟာရကို မှီပြီး ရှင်သန်ရတဲ့ သန္ဓေသားအတွက် မိခင်ရဲ့ အာဟာရပြည့်ဝမှုဟာ လူ့လောကကို ခေါင်းမော့ပြီး ရှင်သန်ဖို့ စွမ်းအားတွေ ပြည့်ဝစေခြင်းဘဲ ဖြစ်ပါတယ်။

မိခင် အာဟာရမပြည့်ဝခဲ့တာကြောင့် အင်အားမပြည့်ဝတဲ့ ကလေးတွေ မွေးဖွားလာကြကာ မိမိတို့ရဲ့ ရင်သွေးအတွက် ရင်နာစရာတွေ ဖြစ်ကြရတာကြောင့် ဖြစ်ပါတယ်။  အာဟာရပြည့်ဝနေတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းအတွက် ကျန်းမာရေးကောင်းတဲ့ သားသမီးတွေကို မွေးဖွားပေးနိုင်သလို ခင်ပွန်းသည်စိတ်ပျော်ရွှင်ရာ ရှုမငြီးတဲ့ ဇနီးအလှ ဖြစ်စေပါတယ်။  အမျိုးသမီးတွေအတွက် အိမ်ရှင်မတစ်ယောက် တာဝန်ဟာ လွယ်မလိုနဲ့ ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် အမျီုးသမီးတွေဟာ အိမ်ရှင်မတာဝန်ကို ယူရတဲ့အခါ မိသားစုကို  ကျန်းမာကြံ့ခိုင်စွာ အထောက်အကူပြုနိုင်ဖို့ လိုလားကြပါတယ်။ ဒီအတွက် မိမိကိုယ်တိုင် အရင်ကျန်းမာကြံ့ခိုင်ဖို့ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ သွေးအားပြည့်ဝတဲ့ အသားငါးတွေကို မျမျတတ စားသုံးပေးဖို့ လိုပါတယ်။

အဓိကအားဖြင့် မနက်စာ နေ့လည်စာ ညနေစာတို့ကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ မနက်စာဟာ နေ့တစ်နေ့အတွက် အရေးကြီးတဲ့ အာဟာရပြည့်ဝစေမှုဖြစ်ရာ မနက်စာကို ဂရုစိုက်ပြီး စားပေးသင့်ပါတယ်။ ကိုယ်အလေးချိန် လျော့ချလိုသူ အမျိုးသမီးတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် အာဟာရလည်း ပြည့်ဝအောင် စားပေးနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ အိမ်ရှင်မ မဟုတ်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း အာဟာရမျတအောင် စားပေးခြင်းဖြင့် အသက်ကြီးလာတဲ့အခါ ဖြစ်ပွားတတ်တဲ့ အမျိုးသမီးရောဂါတို့ကို ကင်းဝေးစေရာ အမျိုးသမီးတိုင်း မိမိကိုယ်ကို ဂရုစိုက်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Credit: Yangon Life


No comments:

Post a Comment