ကမ္ဘာပေါ်ရှိ ရှိသမျှလူတွေထဲမှာ စာရေးသူတို့တိုင်းပြည် နိုင်ငံတော်ကြီး လက်ျာတောင်ကျွန်း သြဘာနိမိတ် ထွန်းတယ်။ ဘုရားရှင်ကို ဆွမ်းဦးကပ်ခွင့်ရတဲ့ လူမျိုး၊ ဗုဒ္ဓဘာသာဖြစ်ထွန်းခဲ့တဲ့ နိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ကျေးဇူးရှင် ချောင်းဝဆရာတော်ဘုရားကြီးက တို့မြန်မာလူမျိုးတွေဟာ အကြွားသန်တယ်။ မစ္ဆရိယစိတ် များတယ်။ ပြီးတော့ ဖားတတ်တယ်။ ဒါကြောင့် မကြီးပွားတာလို့ ပြောဆို မိန့်ကြားခဲ့ဖူးပါတယ်။ ဦးနေ၀င်းလက်ထက်က 'အဘ' ဆိုတာ မရှိခဲ့ပါဘူး။ ဘယ်လိုကြောင့်မှန်းမသိ န၀တခေတ်ကစပြီး 'အဘ' ဆိုတဲ့ အသုံးအနှုန်း တော်တော်လေး ခေတ်စားလိုက်တာ။ အသက်ကြီး သူကလည်း အသက်ငယ်သူကို 'အဘ' လို့ ခေါ်။ ဥပမာ တပ်ရင်းမှူးကို 'အဘ' လို့ ခေါ်ကြတယ်။ အသက် (၃၀) ကျော် တပ်ရင်းမှူးကို ပင်စင်နားနီးနေတဲ့ အရာခံဗိုလ်ကလည်း 'အဘ' တဲ့။ အဲဒီ 'အဘ' ဆိုတာကြီးက အရပ်ဘက် အဖွဲ့အစည်းတွေဘက်ကို ရောက်လာခဲ့တာ။ ကာလများစွာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက် မတိုင်ခင်အထိပေါ့ဗျာ။
၁၉၈၄-၈၅ ခုနှစ်ဝန်းကျင် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးကြီးမြင့်တို့၊ ဦးခင်မောင်လေးတို့၊ ဦးဝမ်းတင်တို့ ပြီးတော့ ဦးစ၀်ထွန်းမှတ်ဝင်းတို့ကို ဂေါပကလူကြီးတွေ ဖြစ်ကြလို့ 'အဘ' လို့ စွဲမက်စွာ ခေါ်ခဲ့ဖူးကြပါတယ်။ ဘုရားလူကြီး ဂေါပကတွေဖြစ်လို့ 'အဘ' လို့ ခေါ်သင့်တာတော့ အမှန်ပါ။
ဦးနေ၀င်းကို အဖေကြီးလို့ သူ့အသိုင်းအ၀ိုင်းက ခေါ်ကြပါတယ်။ ဒါလည်း ကန့်ကွက်စရာမရှိပါ။ ဒါပေမဲ့ အရပ်ဘက် အဖွဲ့အစည်းထဲကို ဒီ 'အဘ' ဆိုတဲ့ အသုံးအနှုန်းကြီး ရောက်လာပြီးနောက်မှ လူတွေအားလုံး 'အဘ' ဆိုတာကြီး သုံးနှုန်းပြီး ဖားလိုက်ကြတာ။ အဘကခိုင်းလို့၊ အဘအတွက်၊ အဘသာလျှင်ဆိုတဲ့ အသုံးအနှုန်း ဒီကြားထဲ အသက်ကြီးသူတွေက အသက်ငယ်သူတွေကို လက်အုပ်လေးချီ အဘလို့ ခေါ်လိုက်ကြတာ။ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ လွှတ်တော်ထဲမှာလည်း အဘ၊ အဘအခေါ်ခံရသူကလည်း သူ့ထက်ဝါကြီး၊ ရာထူးကြီးသူကို 'အဘ' လို့ ပြန်ခေါ်၊ ခုတော့ လွှတ်တော်ထဲ အဘအသံတွေတိတ်ပြီး 'အစ်မ' နဲ့ အမေ ဖြစ်ကုန်ကြပါပြီ။
နေရာတည်မြဲရေးအတွက် အစ်မ၊ အမေခေါ်သံတွေ လွှတ်တော်ထဲ ညံနေတော့မှာဖြစ်သလို ပြင်ပမှာလည်း အမေ၊ အစ်မတွေ ခေါ်ကြတော့မှာဖြစ်ပါတယ်။ အသက် (၆၀) ကျော်တွေကလည်း အမေလို့ ခေါ်ပြောတော့ လေးစားလို့ပါတဲ့။ ၁၉၈၈ မှ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်အထိ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် အရိပ်မြင်ရင်တောင် ပြေးတဲ့သူတွေက အမေကို ၀န်းရံကြနဲ့ အားလုံး သာကူးတွေ ဖြစ်ကုန်ကြတာတွေ့ရ၊ မြင်ရ၊ ကြားရတော့ တခွန်းပဲ ပြောချင်တယ်။ သာကူးတွေလို့။
လွှတ်တော်သတင်းစာရှင်းလင်းပွဲ တခု ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက် ညဥ့်သန်းခေါင်ယံ ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ အလွှဲအပြောင်းမဖြစ်ခင်အထိ သူရဦးရွှေမန်းကို အဘ၊ အဘနဲ့လုပ်ကြသူတွေ၊ အဘသာလျှင် သမ္မတဖြစ်သင့်တယ် ပြောတဲ့သူတွေ ကြက်ပျောက်ငှက်ပျောက် ဘယ်ချောင်တွေ ခိုကုန်ပြီလဲမသိ။ မျက်နှာပြောင်စွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမေခေါ်ဖို့၊ အစ်မခေါ်ဖို့ ပြင်နေကြပါပြီ။
တချိန်လုံး အဘလို့ခေါ် မြေကွက်တွေတောင်း၊ ဖုန်းတွေတောင်း၊ ကြံ့ခိုင်ရေးသည်သာ ဘာညာပြောပြီး ရတဲ့အခွင့်အရေး အကုန်လုံး ယူခဲ့ကြသူတွေ။ အစ်မ၊ အမေခေါ်ပြီး ပြေးကပ်ကုန်ကြပါပြီ။ ဒါကြောင့် ဇာဂနာကပြောတာ၊ န၀တခေတ်တုန်းက ကြံ့ခိုင်ရေးအတွက် ဇာတ်ကားတွေရိုက်ပြီး တိုက်ခန်းတွေ၊ ကားတွေ၊ တယ်လီဖုန်းတွေ ရသွားသူတွေထဲမှာ ဇာဂနာမပါဘူးလို့ မှန်၏၊ ထောက်ခံ၏။
အင်း အဘခေတ်က အစ်မခေတ် ရောက်တော့မည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Thursday, November 26, 2015
“အဘခေတ်မှသည် အစ်မခေတ်သို့”
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment