Lutaw Lupyaw
"Cyber Blackmail သို့မဟုတ် အွန်လိုင်းပေါ်က အိမ်မက်ဆိုး"
Cyber blackmail ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ လူသိမခံဝံ့တဲ့ အကြောင်းအရာတွေကို အွန်လိုင်းပေါ်မှာ လူတွေသိအောင် အရှက်ခွဲမယ်လို့ ခြိမ်းခြောက်ပြီး လိုချင်တာကို တောင်းဆိုတဲ့ အပြုအမူကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေဟာ အရင်ကတော့ တစ်ခြားနိုင်ငံတွေမှာပဲ တော်တော်များများ ကြားခဲ့ရပေမယ့် ခုချိန်မှာတော့ စာရေးသူတို့ မြန်မာနိုင်ငံမှာပါ ဖြစ်ပေါ်လာနေတာကို တွေ့ရပါတယ်။ ဖုန်းနဲ့ အင်တာနက်ကို လွယ်လွယ်ကူကူ အသုံးပြုလို့ရလာတဲ့ ခေတ်ကြီးထဲမှာ မြန်မာလူမျိုးတွေရဲ့ အယုံလွယ်တဲ့ ဗီဇနဲ့ အွန်လိုင်းအသုံးပြုပုံ ဗဟုသုတ နည်းပါးခြင်းကြောင့် facebook ပေါ်မှာ မိန်းကလေးတစ်ချို့ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း ခံရတာကိုလည်း တွေ့ရပါတယ်။ ဒီလို ခြိမ်းခြောက် အကျပ်ကိုင်မှုတွေဟာ လူတစ်ယောက်အတွက် တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ထိုးနှက်မှု တစ်ခုဖြစ်ပြီး နေ့စဉ်ဘ၀မှာ ဘယ်သူ့ကို အကူအညီတောင်းလို့ တောင်းရမှန်းလဲမသိ ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိပဲ နေရင်း စိတ်ဖိစီမှု ကြောက်စိတ်တွေဝင်ပြီး နောက်ဆုံး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။
Cyber blackmail ကိုဘယ်လိုကာကွယ်ရမလဲ
ဒီလိုအကြပ်ကိုင် ခြိမ်းခြောက်မှုတွေကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတော့ အရင်ဆုံး အွန်လိုင်းပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတတ်နိုင်ဆုံး မဖေါ်ပြပဲထားပါ။ ဥပမာအနေနဲ့ facebook မှာ ကိုယ့်ရဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာနဲ့ ကိုယ်ဘယ်မှာအလုပ်လုပ်တယ် စတာတွေကို မဖေါ်ပြပဲထားပါ။ မသိတဲ့သူတွေနဲ့ အွန်လိုင်းပေါ်မှာ စကားပြောတဲ့အခါမှာ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ အထူးသဖြင့် ဓာတ်ပုံတွေကို မပေးမိဖို့ အရေးကြီးပါတယ်။ အပြင်မှာ မမြင်ဖူးတဲ့သူတစ်ယောက်ကို ကိုယ့်ဓာတ်ပုံကို ပေးလိုက်မိတာဟာ အရမ်းကို ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်ပါတယ် ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဓာတ်ပုံက ဘယ်လိုဖြစ်ပြီး ဘယ်နေရာကို ရောက်သွားမလဲဆိုတာ မသိနိုင်လို့ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်နဲ့ မသိတဲ့သူတွေ စကားလာပြောရင် လက်ခံစကားမပြောပါနဲ့။ အထူးသဖြင့် facebook သုံးရင် မသိတဲ့သူတွေဆိုရင် လက်မခံတာ အကောင်းဆုံးပါ။ facebook မှာ တင်ထားတဲ့ profile picture တိုင်းဟာ အမှန်မဟုတ်ပါဘူး။ ကောင်လေး၊ ကောင်မလေး ချောချောလေးပုံတွေ တင်ထားတိုင်း အပြင်မှာ အမှန်တကယ် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အွန်လိုင်းပေါ်မှာ လူတိုင်းကို မယုံဖို့ အဓိကကျပါတယ်။
ကိုယ့်ဖုန်းမဟုတ်ပဲ တစ်ခြားနေရာ တစ်ခုခု ဥပမာအနေနဲ့ အင်တာနက်ဆိုင် ဒါမှမဟုတ် တစ်ခြားသူရဲ့ဖုန်းနဲ့ facbook တို့ အီးမေးလ်တို့ သုံးပြီးပြီဆိုရင် အကောင့်ကို ပြန်ထွက်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ကိုယ့်အီးမေးလ်ထဲ ဒါမှမဟုတ် message box ထဲကို ကိုယ်မသိတဲ့သူ တစ်ယောက်ယောက်က ပို့ထားတဲ့စာတွေ ဖိုင်တွေကို ဘယ်တော့မှ ဖွင့်တာပဲဖြစ်ဖြစ် download လုပ်တာပဲဖြစ်ဖြစ် မလုပ်မိအောင် သတိထားပါ။ လူမှုကွန်ရက် အကောင့်တွေမှာ ကိုယ့်ဆီကို ညစ်ညမ်းတဲ့ စာတွေ၊ ပုံတွေ ပို့တဲ့သူတွေကို ချက်ချင်း ဘလော့ပါ။ အထူးသဖြင့် လူမှုကွန်ရက် အကောင့်တွေမှာ ကိုယ့်ဓာတ်ပုံ မတင်ခင် အရင်ဆုံး တင်သင့်မတင်သင့် စဉ်းစားပြီးမှ တင်ပါ။ ဘာလို့လဲဆိုရင် အွန်လိုင်းပေါ်ကို ဓာတ်ပုံရောက်သွားပြီဆိုတာနဲ့ အလွယ်တကူ ဘယ်သူမဆို download လုပ်နိုင်ပါတယ်။
Cyber blackmail နဲ့ ခြိမ်းခြောက်ခံနေရပြီဆိုရင်
ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီလို ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ် ဆိုရင်တော့ အရင်ဆုံး ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေ၊ သူငယ်ချင်း ဒါမှမဟုတ် မိဘညီအကို မောင်နှမတွေနဲ့ တိုင်ပင် အကူအညီတောင်းပါ။ ကိုယ်တိုင်ကြိတ် မှိတ်ဖြေရှင်းတာထက် ရှက်စရာကောင်းပေမယ့် ကိုယ့်ကို ကူညီပေးနိုင်မယ့် သူတစ်ယောက်ဆီမှာ အကူအညီတောင်းတာ ပိုကောင်းပါတယ်။ ဒီလို အကူအညီတောင်းပြီးရင် ကိုယ်ခြိမ်းခြောက်ခံရတဲ့ ပုံနဲ့ စာတွေကို သက်သေအဖြစ် screen shot ရိုက်ထားပါ။ ဖြစ်နိုင်ရင် ခြိမ်းခြောက်နေတဲ့သူရဲ့ Profile ဒါမှမဟုတ် viber မှာဆိုရင် ခြိမ်းခြောက်တဲ့သူရဲ့ ဖုန်းနံပါတ်ကို မှတ်ထားပါ။ အဓိက လုပ်ရမယ့်အရာကတော့ ခြိမ်းခြောက်နေတဲ့သူကို လွယ်လွယ်နဲ့ အရှုံးပေးပြီး ခိုင်းတဲ့အတိုင်း လိုက်မလုပ်မိဖို့ အရေးကြီးပါတယ်။ ခြိမ်းခြောက်တာတွေကို ရပ်ပေးဖို့ မရပ်ပေးရင် ကိုယ့်မှာ ခြိမ်းခြောက်ခံရတဲ့ သက်သေတွေရှိကြောင်း သက်ဆိုင်ရာကို တိုင်ကြားမှာဖြစ်တဲ့အကြောင်း ပြောပြပါ။ ဒီလိုပြောတာနဲ့ မရပ်ဘူး ဆိုရင်တော့ သက်ဆိုင်ရာကို သွားပြီး အကူအညီ ရယူနိုင်ပါတယ်။
အားလုံးပဲ စိတ်လက်ချမ်းသာစွာနဲ့ အွန်လိုင်း လူမှုကွန်ရက်တွေကို အသုံးပြုနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Credit: Yangon Life
Lutaw Lupyaw
No comments:
Post a Comment