Lutaw Lupyaw
"ယောက်ျားလေးတွေရဲ့ ခံစားမှုကို နားလည်ပေးပါ"
၁။ မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့။ မချစ်ရင်မချစ်ဘူး အစကထဲက ပြတ်သားပေးပါ။ ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကို ယူသင့်ပါတယ်။
၂။ ရည်းစားဟောင်း ရှိခဲ့ဖူးတာ၊ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး အမှန်အတိုင်း ချစ်သူယောက်ျားလေးကို ပြောပြပေးပါ။ အချိန်ကြာပြီးမှ လိမ်ညာတယ်ဆိုတာ သိရတဲ့အခါ ခံစားရတဲ့သူမှာ ပိုပြီး နာကျင်စေပါတယ်။
၃။ ချစ်သူယောက်ျားလေးရှေ့မှာ အရင်ရည်းစားဟောင်း အကြောင်းကို ခဏခဏပြောဖို့ မသင့်တော်ပါဘူး။ သူ့ကို စာနာသင့်ပါတယ်။
၎။ မိန်းကလေးအများစု ပြောတတ်ကြပါတယ် သူတို့ဘ၀တစ်ခုလုံး ပေးအပ်လိုက်ရတာပါတဲ့။ ယောက်ျားလေးတွေကရော နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီး မချစ်ခဲ့ရလို့လား?
၅။ ယောက်ျားလေးတွေဟာ ချစ်သူနဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေကို အမြဲ မှတ်ထားတက်ကြတယ်။ အဲဒီနေ့ရက်တွေမှာ ဘာလုပ်ခဲ့တယ်။ ဘယ်သွားခဲ့တယ်ပေါ့။ ဒါပေမယ့် မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့ နေ့စွဲတွေကို မှတ်တတ်တာမျိုး မဟုတ်ပါဘူး။ နေ့စွဲတွေက အလွတ်ကျက်ထားလို့ရပေမယ့် အမှတ်တရလေးတွေကို အလွတ်ကျက်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
၆။ ချစ်သူတွေ ဖြစ်သွားကြရင် သူငယ်ချင်း ယောက်ျားလေးတွေနဲ့ အရောတ၀င် မနေပါနဲ့။ အထူးသဖြင့် ကိုယ့်ချစ်သူကောင်လေးရဲ့ ရှေ့မှာပေါ့။ အထင်သေးစေမယ့် အပြုအမူတွေ အပြောအဆိုတွေကို ရှောင်သင့်တယ်။ ကိုယ့်အပေါ်မှာ အလေးအနက် ထားတက်တဲ့သူဆိုရင် သံသယတွေ ၀င်တက်ပါတယ်။
၇။ ချစ်သူယောက်ျားလေးနဲ့ ချိန်းတွေ့တဲ့အခါ မထင်မှတ်တဲ့ ကြင်နာမှုလေးတွေကို ပေးပါ။ နှစ်များစွာတိုင်အောင် သူ သတိရနေမှာပါ။ ဥပမာ ကိုယ်တိုင်ချက်ယူလာတဲ့ ဟင်းနဲ့ ထမင်းချိုင့်လေးကို သူ့ကိုကျွေးတာမျိုးပေါ့။
၈။ ယုံကြည်မှုပေးပါ။ ယောက်ျားလေးတိုင်းဟာ အခွင့်အရေးသမားတွေ မဟုတ်ပါဘူး။ လွတ်လပ်စွာ နေချင်ရုံသက်သက်ကို ဆိတ်ကွယ်ရာလို့ မထင်မှတ်ပါနဲ့။
၉။ တခါတလေ ယောက်ျားလေးတွေမှာ ဆန်းသစ်တဲ့ စိတ်ကူးလေးတွေ ရှိကြတယ်။ ဥပမာ တီရှပ်အင်္ကျီ အတူလေးတွေဝယ်ပြီး လျောက်လည်ချင်တာလိုဟာမျိုး။ နောက် တစ်ခါမှမရောက်ဘူးတဲ့ နေရာတွေကို ချစ်သူနဲ့ ပထမဦးဆုံး သွားချင်တာလေးပေါ့။ သဘောမတူရင်နေပါ ကြောင်လွန်းပါတယ်လို့တော့ မတုံ့ပြန်မိစေနဲ့။
၁၀။ ယောက်ျားလေးတွေမှာလည်း မိန်းကလေး သူငယ်ချင်းတွေဆိုတာ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ချစ်သူနဲ့ ယှဉ်လိုက်မယ်ဆိုရင် သူတို့ရဲ့ပတ်သက်မှုက ကွာခြားလွန်းပါတယ်။ မိန်းကလေးတွေကြတော့ ချစ်သူနဲ့ ယောက်ျားလေး သူငယ်ချင်း ယှဉ်လာရင် ကွာခြားမှု သိပ်မရှိပေ။
၁၁။ ယောက်ျားလေးတွေက ချစ်သူမိန်းကလေးကို လှစေချင်ကြတယ်။ လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့် ချစ်လို့ လှတာလေ။ ဘယ်မိန်းကလေးနဲ့မှ နှိုင်းလို့မရအောင် သူတို့မျက်စိထဲမှာ လှနေတက်ကြတယ်။ ပြီးတော့ ကိုယ့်ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ်။
၁၂။ တခါတရံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက ထင်တတ်ကြတယ်။ အဲလိုမဟုတ်ပါဘူး။ ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ။
၁၃။ ရှိတတ်ပါသေးတယ်။ မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေရှေ့မှာ ကိုယ့်ချစ်သူလို့ ပြောဖို့၊ မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် ကောင်လေးသူငယ်ချင်းတွေ ရှေ့မှာကျတော့ ကိုယ့်ကိုချစ်သူလို့ အသိပေးစေချင်ကြတယ်။ Action to action ပါ ပဲဗျာ။ မိန်းကလေးကသာ သူ့မိတ်ဆွေတွေ အလယ်မှာ ချစ်သူလို့ အသိပေးပါစေ။ ယောက်ျားလေးများက သူ့အလိုလို သူငယ်ချင်းတွေနဲ့ တွေ့တိုင်း ချစ်သူလို့ မိတ်ဆက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
၁၄။ ဘ၀မှာ ရင်ဆိုင်ဖို့ အားအင်တွေနဲ့ အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ လစ်ဟာမှုလေးတွေ ရှိခဲ့ရင် နားလည်ပေးပါ။ ဂရုမစိုက်တာ မဟုတ်ပါဘူး။ နောင်တစ်ချိန်မှာ ပိုပြီး ဂရုစိုက်နိုင်ဖို့ပါ။
၁၅ ဂိမ်း၊ ဘောလုံးပွဲမက်တဲ့ ယောက်ျားလေးတွေ ရှိတယ်။ စိတ်အတွက် ဖျော်ဖြေမှု တစ်ခုအနေနဲ့ ကစားနေတာပါ။ တစ်သက်လုံး အဖော်ပြုပေးနေမှာ ကွန်ပျူတာတစ်လုံးနဲ့ ဘောလုံးကွင်းတစ်ခု မဟုတ်ပဲ ချစ်သူဆိုတာ ယောက်ျားလေးတိုင်း သိထားကြပါတယ်။
၁၆။ ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ဆိုတာ ယောက်ျားလေးရဲ့ တာဝန်ပါ။ ဒါပေမယ့် သူ့မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ်။
၁၇။ မိန်းကလေးတစ်ယောက်က ထက်မြက်နေဖို့ မလိုပါဘူး။ ဘေးနားကနေ အလိုက်အထိုက် အကြံဥာဏ် ပေးနိုင်ရင် ရပြီ၊။ ကူညီပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့။
၁၈။ ဥပုသ်စောင့်တဲ့ ကျား မရှိဘူးတဲ့။ မှန်ပါတယ် ဒါပေမယ့် ဦးနှောက်၊ အသိပညာတွေနဲ့ ထိန်းချုပ်နိုင်မှု စွမ်းရည်တွေက အလကားထားတာ မဟုတ်ပါဘူး။ လူ့တန်ဖိုးရဲ့ အဆုံးအဖြတ်တွေပါ။
၁၉။ ယောက်ျားလေးတွေရဲ့ မကောင်းတဲ့အကျင့် တစ်ခုခု (ဆေးလိပ်၊ အရက်၊ ကွမ်း) စတာတွေကို မကြိုက်ရင် ချစ်သူမိန်းကလေးက ပြောင်းလဲပစ်နိုင်ပါတယ်။ ချစ်သူမိန်းကလေးရဲ့ ပါးနပ်စွာ ပြောဆိုနိုင်မှုနဲ့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။
၂၀။ နောက်ဆုံးတစ်ချက်ကတော့ မာန်မာနပါပဲ။ လူတိုင်း ရှိတတ်ကြတာပါ။ ယောက်ျားလေးတစ်ယောက်ရဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့။ ယောက်ျားတစ်ယောက်ဟာ မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတစ်ယောက်ရဲ့ မာနက မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက် အဆပေါင်းများစွာ ပိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့ လိုတာပေါ့။
မှတ်ချက်။ ။ အခု တင်လိုက်တာက ယောက်ျားလေးတွေကို နားလည်ပေးဖို့ပါပဲ။ ကိုယ်ကိုတိုင်ကလဲ ယောက်ျားလေး တစ်ယောက်ဆိုတော့ ခံစားချက်တချို့နဲ့လဲ တိုက်ဆိုင်နေ၏။
လောကမှာ အဆိုးနဲ့အကောင်း ဒွန်တွဲနေပါတယ်။ လူဆိုးရှိသလို လူကောင်းလည်း ရှိမှာပါ။ မည်သူကိုမှ ထိခိုက်စေလိုတဲ့ ဆန္ဒမရှိပါဘူး။ ချစ်သူယောက်ျားလေးအပေါ်ကို မိန်းကလေးတွေ နားလည်ပေးနိုင်ရင် ကျေနပ်ပါတယ်ခင်ဗျာ။။။။
Credit : လက်တွဲဖော်
Lutaw Lupyaw
No comments:
Post a Comment