Tuesday, July 7, 2015

"မိမွေဖမွေ"


အမွေ
ကောင်းမွေဆိုးမွေ ဘယ်လိုအမွေပဲဖြစ်ပါစေ။ မိဘဘိုးဘွားတို့ထံမှ အမွေကို သားသမီးတို့က ခံယူရစမြဲသာ ဖြစ်ပါ၏။ သားသမီးမကောင်း မိဘခေါင်းဟု အဆိုရှိသည်။ သားဆိုးသားမိုက်၊ သမီးဆိုး သမီးမိုက်တို့ လူကဲ့ရဲ့စရာဖြစ်လာသမျှ မိဘကို ထိခိုက်လာကြသည်မှာ  အစဉ်အလာ ဖြစ်ပါ၏။ ဆိုဆုံးမ၍ မရလောက်အောင်မိုက်သွားသော သားသမီးတို့ကို အမွေပြတ်ကြော်ငြာသည်များလည်း သည်ခေတ်သည်အခါမှာ ပို၍ပို၍ များလာကြသည်။ မွေခံထိုက်စေ လှူမျှဝေ၍ အစချီသည့် သားသမီးဝတ္တရား ငါးပါးကိုက မိဘအမွေခံယူ ခံစားထိုက်သော သားသမီးဖြစ်အောင် နေထိုင်ဖို့ ဆိုဆုံးမစကားဖြစ်သည်။ မိဘထံမှ အမွေကို စံစားထိုက်စေဖို့ မိဘထံတွင် ပစ္စည်းဥစ္စာသော် လည်းကောင်း၊ အရှိန်အဝါဂုဏ်ဒြပ် သော်လည်းကောင်း ရှိရသလို အရက်သမား၊ ဖဲသမား၊ လူဆိုးလူမိုက် သားသမီးတို့ လူပုံအလယ်မှာ မျက်နှာငယ်ခဲ့ရသော ဖြစ်စဉ်များ လူ့လောကမှာ အများအပြားရှိပါသည်။ မိဘထံမှအမွေကို လက်ခံ စံစားရသည်များ ရှိသလို မိဘထံမှ ဆိုးမွေကိုလည်း သားသမီးများက အမွေခံရသည်များ ရှိသည်။ လူ့ဘုံလောကမှာ လူဖြစ်လာသမျှ တမင်တကာ စိတ်အကြံနှင့် မကောင်းမှု ပြုလုပ်သူဟူ၍ မရှိနိုင်။ အကျိုးရှိမည်အထင်နှင့် မှားယွင်းသော အတွေးအခေါ်ဖြင့် လုပ်မှားကိုင်မှားကြခြင်းက ပိုများမည် ထင်ပါသည်။

ထိုသို့ မှားယွင်းသော မိဘထံမှ အမွေအမှားကို သားသမီးတို့က အမွေခံကြရမည်သာ ဖြစ်ပါ၏။ ဆိုးမွေကောင်းမွေဟူသော မြန်မာစကားက ရှင်းပါသည်။ မိဘထံမှ ကောင်းမွေ ဆက်ခံရလျှင် အမွေစားဟုခေါ်၍ မိဘထံမှ မကောင်းသောအမွေကို ဆက်ခံရလျှင် အမွေခံဟုဆိုလျှင် အဓိပ္ပာယ်ဆီလျော်မည် ထင်ပါသည်။ ကျွန်တော့် မိဘသည် ရာထူးကြီးသူ ကြွယ်ဝသူမဟုတ်ခဲ့ပါ။ သာမန်အရာရှိငယ် ဘဝမှ ရုန်းရင်းကန်ရင်း ကျွန်တော်တို့ကို ပြုစုပျိုးထောင်ခဲ့ရသည်။ အထက်တန်းကျောင်း ရောက်သည်အထိ ချည်ချောမဟုတ်သော ချည်လုံချည် သုံးထည်နှင့် ကျောင်းတက်ခဲ့ရသည်။ တက္ကသိုလ်ရောက်သောအခါမှာလည်း နေအိမ်ရှိရာ ပုဇွန်တောင်မှ ဆူးလေဘုရားလမ်းသို့ ဘတ်စ်ကားခ ၁ဝ ပြား၊ ဆူးလေဘုရားလမ်းမှ တက္ကသိုလ်သို့ ၃၅ ပြား ပေးရသောကြောင့် အသွားအပြန် ပြား ၉ဝ ကုန်သည်။ တစ်နေ့အတွက် မုန့်ဖိုး ၂ ကျပ်သာ ရသော ကျွန်တော်သည် တက္ကသိုလ် ကင်တင်း(န်) တွင် ၁ ကျပ်တန် ထမင်းကြော်တစ်ပန်းကန်စားပြီး လက်ဖက်ရည် မသောက်နိုင်ပါ။ ထိုသို့ ချွေတာနေရသော မိသားစုမှာ အကြွေးတင်ခဲ့သည်။ အမေက ကျွန်တော်တို့ကို အသိမပေးခဲ့။ လဆန်းရက်များမှ လဝက်လောက်အထိ ညီအစ်ကိုတွေ အသားတစ်တုံး စားရသည်။ နောက်ပိုင်းလဝက်တွင် ချဉ်ရေနှင့် ဟင်းရွက်ကြော်နှင့် စားကြရသည်ကို ကျွန်တော်တို့က ကျင့်သားရနေပြီ။ ဘာမှမသိခဲ့ကြ။  အဖေ၏အဒေါ် ကျွန်တော်တို့ ဖွားလေးတစ်ဝမ်းကွဲက ငွေကြေး အသင့်အတင့် ရှိသည်။ ကျွန်တော်တို့ အိမ်နားမှ ရင်းနှီးသူတစ်ဦးက စီးပွားရေးအကြံရသည်။ ဘန်ကောက် ပိုးပုဆိုးတစ်ထည် ၂၂ ကျပ်ပေးရသည်ကိုယူ၍ ရုံးဝန်ထမ်းတွေအား လဆိုင်းနှင့် ရောင်းသည်။ တစ်ထည်ကို ၂၅ ကျပ်ရသည်။ အမြတ်ငွေ ၃ ကျပ်ကို အမေတို့နှစ်ယောက် ခွဲဝေရရှိကြမည်။ လိုသောငွေကြေးကို ဖွားလေးထံမှ အမေက အာမခံ၍ ချေးပေးသည်။ တစ်လမှာ လုံချည်ရောင်းရအမြတ်ငွေမှ နှစ်ဆယ်၊ အစိတ် အပိုဝင်ငွေရခြင်းသည် မီးဖိုချောင်စရိတ်ကို အတော်အားဖြည့်ပေးနိုင်ခဲ့ပါသည်။ ဝက်သားတစ်ပိဿာကို တစ်ကျပ်၊ တစ်ကျပ်ခွဲ ခေတ်မှာ အသားဟင်းကို ပိုစားခဲ့ကြရသည်ကို အမှတ်တမဲ့နေခဲ့မိသည်။ တစ်နှစ်လောက်ကြာသောအခါ အမေတို့ကိုယ်စား ရုံးတကာလှည့်၍ ပိုးလုံချည်ရောင်းသောသူက ပေါ်မလာတော့ပေ။ လုံချည်တွေလည်းမရ၊ ရောင်းရငွေလည်း မရသောအခါ တာဝန်ခံချေးယူထားသော အမေက ပြန်ဆပ်ရန် တာဝန်ရှိလာပြီ။ ကျေးဇူးရှင်အမေက ကျွန်တော်တို့ကို အသိမပေးခဲ့။ ကျွန်တော်လည်း တပ်မတော်ထဲ ဝင်ခဲ့သည်။ လခ ၄ဝဝ ကျော်ရသော ဗိုလ်အဆင့်ရောက်မှ သိရသောအခါ အဖွားလေးထံ ကျွန်တော်သွားသည်။ အမေပေးဆပ်ရန်ရှိသော ငွေကို ပေးဆပ်ဖို့သွားပြောသည်။ ဖွားလေးကလည်း သဘောကောင်းပါသည်။ တစ်လတစ်လ နည်းနည်းချင်း အမေဆပ်ခဲ့သော ငွေသည် ချေးယူထားသော ငွေပြေကျေပြီး လစဉ်ပေးသော အတိုးက အဖွားလေးအတွက် အမြတ်ရပါသည်ဟု ပြောသည်။ အမေ ပေးဆပ်ရမည့် ကြွေးအမွေကို ခံယူလိုသော်လည်း ပေးဆပ်ခွင့် မရခဲ့တော့ပါပေ။
ကျွန်တော့်လို အမွေခံရမည့်သူတစ်ဦးရှိသေးသည်။ တက္ကသိုလ်ဝင်တန်းတွင် အတူနေခဲ့ဖူးသော အိမ်နားက ကျောင်းသူလေး တစ်ဦးဖြစ်သည်။ ညီမလေးလို ရင်းနှီးသည်။ တစ်နေ့မှာ ဘတ်စ်ကားမှတ်တိုင်တွင် ငိုယိုလျက် ကားပေါ်မှ ဆင်းလာသည်ကို တွေ့ရသည်။ အပျိုအရွယ်လေး လမ်းမှာငိုယိုလာခြင်းကြောင့် အကြောင်းရင်းကို မေးသည်။ တော်တော်နှင့် မေးမရ။ ဇွတ်မေးတော့မှ သိရသည်။ နယ်မှလာသော သူ့အစ်ကို ဝမ်းကွဲကခေါ်၍ အဖေ့အစ်ကိုဝမ်းကွဲအိမ်သို့ အလှူသွားကြသည်။ ဧည့်သည်တွေကြားမှာ သူတို့မောင်နှမကို ဘကြီးလုပ်သူက ဟက်ဟက် ပက်ပက်မရှိ။ ထို့ထက်ဆိုးသည် က.. ”ဟဲ့… နင့်အဖေ အရက်သောက်တုန်း၊ မူးရမ်းတုန်းလား” ဟု မေးလိုက်သည်။

ထိုကလေးမက ချာခနဲလှည့်ပြီး အိမ်ကို ပြန်လာခဲ့သည်။ တစ်လမ်းလုံး ငိုလာခဲ့သည်။ တကယ်တော့ သူ့အဖေသည် အရက်သမားကြီးမဟုတ်။ တစ်ခါတစ်ရံ သောက်သည်။ ဖြစ်ပုံကလည်း ထိုဘကြီးကို အမြင်ကပ်၍ အရက်မူးဟန်ဆောင်ပြီး လူပုံအလယ်မှာ ဘုဘောက် ပြောခဲ့ခြင်းကြောင့်ဟု ဆိုသည်။ ကျွန်တော် စစ်ထဲဝင်ခဲ့ပြီးနောက် ကွဲကွာသွားကြရာမှ မကြာမီကမှ ပြန်တွေ့သည်။ ”ဟဲ့…ညည်းအဖေ အရက်သောက်သေးလား” ဟု မေးလိုက်ရာ ”အစ်ကိုက မမေ့သေးဘူးလား” ဟု ပြောရင်း ရယ်နေသည်။ ယခုအခါမှာ သူမငိုတော့ပါ။ ကျွန်တော်တို့ငယ်စဉ်က အကြောင်းတွေ ပြန်တွေးမိလာသည်ကလည်း ယနေ့ဖတ်နေရသော ဂျာနယ်တွေမှ သတင်းတွေ၊ ဆောင်းပါးတွေကြောင့် ဖြစ်ပါသည်။ တဖြည်းဖြည်း ရွေးကောက်ပွဲနား နီးလာလေ စိတ်ဝင်စားလာမိလေ ဖြစ်ရသည်။

မိမွေ-ဖမွေ။
မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးရခဲ့သည်မှာ ကြာပြီ။ ခေတ်အမျိုးမျိုး စနစ်အမျိုးမျိုး ပြောင်းခဲ့ပြီ။  ၂ဝ၁၁ ခုနှစ်မှာ သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာသည်။ ဒီမိုကရေစီကို ပုံစံဖော်မည်ဟု ကြွေးကြော်သည်။ လွတ်လပ်စွာ ပြောဆိုဝေဖန်မှုတွေ ပလူပျံနေသည်။  ယခင့်ယခင် အစိုးရများလက်ထက်က ကမ္ဘာ့ဘဏ်မှချေးငွေ၊ အာရှ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေတွေ၊ မဆပ်နိုင်ခဲ့။ ငွေကြေးလဲလှယ်မှုနှုန်းကလည်း တက်နေသည်။ ဧရာဝတီမြစ်ဆုံ စီမံကိန်းတွေ၊ လက်ပံတောင်းတောင် စီမံကိန်းတွေ၊ ကျောက်ဖြူစီမံကိန်းတွေ စသည် စသည်တို့သည် ယခင် မိဘလက်ထက်က အမွေများဖြစ်သည်။ မြစ်ဆုံစီမံကိန်းကို ယခုအစိုးရလက်ထက်မှာ ခေတ္တရပ်ဆိုင်း ထားခဲ့သည်။ ချေးငွေတွေ စီမံကိန်းတွေဟူသည် ပေးရန်ဆပ်ရန် စည်းကမ်းချက်များစွာနှင့် ချုပ်နှောင်ထားသည်။ ယခင် အစိုးရများခေတ် မဟုတ်တော့ပါ။ သို့သော် ယခင် မိဘလက်ထက်က အမွေများ ဖြစ်ပါသည်။ လောလောဆယ်တော့ ပြန်ဆပ်စရာ အချက်အလက်တွေ ရှိပါလိမ့်မည်။ မြစ်ဆုံစီမံကိန်းပင်လျှင် ၂ဝ၁၆ ခုနှစ် တက်လာမည့် အစိုးရ လက်ထက်မှာ ဖြေရှင်းရပါတော့မည်။ အခြားအခြား ပေးဆပ်ရမည့်အမွေတွေ ရှိပါသည်။ လောလောဆယ် သမ္မတကြီး ဘယ်လိုဖြေရှင်းမလဲ။ ၂ဝ၁၆ ခုနှစ်တွင် တာဝန်ယူမည့်သမ္မတကြီး ဘယ်လို ဖြေရှင်းမလဲ။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဝင်မည့် ပါတီများကို တိုးတိုးတစ်သွယ် ကျယ်ကျယ်တစ်မျိုး တီးတိုးဆက်သွယ်သော အားပေးသော နိုင်ငံကြီးတွေ ရှိပါမည်။ ယခု မြှောက်ပေးနေကြသော်လည်း တကယ်အစိုးရ ဖြစ်လာသောအခါ ကြွေးတွေလျှော်ပစ်ကြမှာလား။ စေတနာနှင့် ကူညီ ပေးဆပ်ကြမှာလား။ စီမံကိန်းတိုင်းက စာချုပ်တွေနှင့် စောင့်နေကြပါပြီ။ မွေခံထိုက်စေသော မကြာမီလာမည့် အစိုးရ ဘယ်ပုံဖြေရှင်းကြရမှာပါလဲ။ ၂ဝ၁၆ ခုနှစ် အစိုးရဖွဲ့မည့် သမ္မတကြီးတာဝန်တွေ ကြီးလှပါဘိ။ မိမွေဖမွေ ဆက်ခံရမှာ သနားလှပါဘိ။ ကျွန်တော်သာဆိုလျှင်တော့ နိုင်ငံတော်သမ္မတကြီး မဖြစ်လိုကြောင်းပါ ခင်ဗျား။

မောင်ဆွေသက်

Credit: Popular

No comments:

Post a Comment