Tuesday, December 1, 2015

"တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ"

"တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒများ"

(၁) စိတ်ဓါတ်အောက်တန်းကျသူ

စိတ်ဓါတ်ညံ့သူ၊ စိတ်ဓါတ်အောက်တန်းကျသူဟာ သင်ယူထားတဲ့ ခေတ်ပညာတွေ ဘယ်လောက်ဘဲ တတ်စေကာမူ၊ ဘွဲ့တွေ ရာထူးတွေ ကြီးမားစေကာမူ၊ မိဘအသိုင်းအ၀ိုင်း ချမ်းသာစေကာမူ လူတော်မဟုတ်၊ လူကောင်းလည်းမဟုတ်၊ စာပေ လုံးဝ မတတ်သူလောက်မှ အသုံးမကျ တန်ဖိုးမရှိသူတွေ ဖြစ်တယ်။

(၂) မေတ္တာစိတ်သာ ထားနေရင်

သတ္တ၀ါအားလုံးအပေါ် မေတ္တာစိတ် အမြဲ ထားနေပါက စိတ်ချမ်းသာ၏မှတ်။

(၃) စိတ်ရင်းစေတနာ

စိတ်ထားမြင့်မြတ်လျှင် ဘယ်သူမဆို အထက်တန်းစားလူ ဖြစ်နိုင်တယ်။ မိမိစိတ်ထားက အလယ်အလတ်ရှိလျှင် အလတ်တန်းစားလူ ဖြစ်ရ၏။ မိမိစိတ်က အောက်တန်းကျလျှင် အောက်တန်းစားလူ ဖြစ်ရမည်။ စိတ်ရင်းစေတနာသည် လူတန်းစားကို ခွဲခြားနေသော တရားခံလက်သည် ဖြစ်လေသည်။

(၄) စိတ်သည်အဓိက

လူဆိုတာ စိတ်ရယ်၊ ရုပ်ခန္ဓာရယ်၊ နှစ်မျိုး ပေါင်းစပ်ထားတယ်ဆိုတာ သိကြရဲ့လား။ စိတ်ဟာ အဓိကဖြစ်တယ်၊ စိတ်ကောင်းရင် လူကောင်းတယ်။ စိတ်မကောင်းရင် လူမကောင်းဘူး။ ရှေးခေတ်လူတွေ ကောင်းကြတယ်ဆိုတာ စိတ်ကောင်းလို့ စိတ်ထား ရိုးသားကြလို့ ကောင်းတာ၊ ခုခေတ်လူတွေ မကောင်းဘူးဆိုတာ ရိုးသားတဲ့စိတ်၊ ဖြောင့်မတ်တဲ့စိတ် မထားကြလို့ မကောင်းတာဘဲ၊ ဒီတော့ ဒီလူတွေ ကောင်းလာအောင် စိတ်ထားနည်း ပြုပြင်ပေးကြဖို့ လိုတယ်။ စိတ်ပျက်စရာ စကားတွေပြောပြီး ညည်းညူနေလို့တော့ ဒီခေတ်လူတွေ ကောင်းလာမှာမဟုတ်ဘူး။ အဲဒါ လိုရင်းအညှာကို မင်းတို့ သိကြအောင် ညွှန်ပြပေးတာဘဲ။

(၅) ဒေါသစိတ်ဟာ ကိုယ်တွေ့

စိတ်ဆိုးလာတယ်။ အဲဒီစိတ်ဆိုးတဲ့စိတ်ကို ကိုယ်က ဆင်ခြင်ကြည့်ရင် မသိဘူးလား၊ သိနိုင်တာဘဲ။ စိတ်ဆိုးတဲ့စိတ်က သာပြီး ပေါ်လွင်သေးတယ်။ တစ်ခါတည်းကို သူဖြစ်လာပြီဆိုရင် စိတ်ထဲ သူပုန်ထတော့တာဘဲ၊ အဲဒါကြောင့် စိတ်ဆိုးတယ်ဆိုတဲ့ ဒေါသစိတ်ဟာ ကိုယ်တွေ့၊ သူများပြောလို့မဟုတ်ဘူး။

(၆) မုန်းစိတ်ကင်းခြင်းသည်သာ

သူတစ်ပါးက အသင့်ကို မုန်းစိတ် ထားသူ ရှိချင်ရှိပါစေ။ သင်တို့ ငါတို့က သူတစ်ပါးအပေါ်၌ မုန်းစိတ်ကင်းခြင်းသည်သာ မူမှန်ဖြစ်၍ မြတ်ပါသည်။ ထိုသို့နေသောအခါ သင်တို့ ငါတို့အဖို့ ပထမဆုံး ရောက်လာမည့် ကောင်းကျိုးတရားကား စိတ်ချမ်းသာမှု၊ ကြည်လင်ပျော်မွေ့မှုကို လက်ငင်း ခံစားရခြင်းပင်တည်း။

(၇) ပင်တိုင်စိတ်ကောင်းကြောင့်

လောကတွင် ရိုးသားသောစိတ်၊ ဖြောင့်မတ်စိတ်၊ တည်ငြိမ်စိတ်ကို အဓိက ပင်တိုင်ထားရမည်။ ထိုစိတ်ကို ပုံမှန်ထား၍ ကံ၊ ဥာဏ်၊ ၀ီရိယ စွမ်းအင်ကို အခြေအနေအလျောက် အရင်းတည်ပြီး မနေမနား ကြိုးစား နေလေ့ရှိသူများသည် ထန်းပင်၊ ပေပင်ကြီးများကဲ့သို့ အစဉ် တိုးတက်နေကြသည်။ မရိုးသားသူများအပေါ် ကျော်တက်သွားကြသည်။ ရိုးသား ဖြောင့်မတ်သူများသည် မဖြောင့်မတ်သူများကို နောက်ချန် ထားခဲ့ကြသည်။

(၈) သေခါနီးစိတ်အာရုံ

ငါသေတော့မည်ဟု ထင်မှတ်ရသော အချိန်ပိုင်းတွင် မိမိ၏ စိတ်အာရုံကို ကြည်လင်အောင် ရှင်းရှင်းထား၍ နေပါ။ သံယောဇဉ်ဟူသမျှ ဘာသံယောဇဉ်မှ (ပစ္စည်း သံယောဇဉ်၊ လူ့သံယောဇဉ် စသည်) မိမိ၏ စိတ်အာရုံတွင် ၀င်ရောက်မလာစေရ။ ၀င်ရောက်လာလျှင် ဖယ်ထုတ်ပစ်ပါ။ မိမိပြုခဲ့ဖူးသော ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ် စသည်တို့တွင် မိမိ စိတ်ဝင်စား၍ အနှစ်သက်ဆုံးသော ကုသိုလ်အာရုံတစ်ခုခု ထပ်ပြန်တလဲလဲ စွဲနေအောင် နှလုံးသွင်း၍ ကျေနပ် ၀မ်းမြောက်နေရမည်။ ကုသိုလ်အာရုံတစ်ခုခုကို စိတ်ကြည်လင်အောင် နှလုံးသွင်း၍ စိတ်ဝင်စားကာ ပျော်မွေ့ရင်း သေသွားတတ်ရမည်။

(၉) မေတ္တာစိတ်သာထားနိုင်မယ်ဆိုရင်

စိတ်ကို ရှင်းရှင်းထား။ ရှင်းရှင်းထားဆိုသည်မှာ စိတ်ထားခြင်းကို ဆိုလိုတယ်။ လောကကြီးမှာ မေတ္တာလောက်ကောင်းတာ ဘာမှ မရှိဘူး။ မေတ္တာလောက်ကောင်းတဲ့ အဆောင်ကောင်း တခြား ဘာမှမရှိနိုင်ဘူး။ မေတ္တာစိတ်သာ ထားနိုင်မယ်ဆိုရင် သံသရာ လည်ရမှာတောင် မကြောက်နဲ့။ မေတ္တာတရား လက်ကိုင်ထား သံသရာခရီးသွား မပင်ပန်းဘူးမှတ်။

(၁၀) စိတ်ရင်းထဲမှာ ဖြစ်ပေါ်လာသော

လူများဟာ ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့ ပြောလေ့ရှိကြတယ်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်းမဟုတ်ဘူး။ ကိုယ့်ကံကိုယ်သာလျှင် ဖန်တီးနေကြခြင်း ဖြစ်တယ်။ ကံတရားဆိုတာ မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာတဲ့ စေတနာပင် ဖြစ်တယ်။ စေတနာကောင်းလျှင် ကံကောင်းမယ်၊ စေတနာဆိုးလျှင် ကံဆိုးမယ်။ စေတနာဖြောင့်လျှင် ကံဖြောင့်မယ်၊ စေတနာ ကောက်လျှင် ကံကောက်မယ်။


No comments:

Post a Comment