Friday, December 4, 2015

"စိတ်အာဟာရလေးတွေပါ…"

"စိတ်အာဟာရလေးတွေပါ…"

ကိုယ့်ရဲ့ကျော်ကြားမှုဟာ သူများလက်ထဲမှာ ရှိနေတယ်။ ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကတော့ ကိုယ့်လက်ထဲမှာ ပဲရှိတယ်။

ကိုယ့်ကို သူတစ်ပါးက မလေးစားတာ တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မလေးစားနိုင်တော့တာက ပိုဆိုးပါတယ်။

ငါ့ကိုယ်ငါ လေးစားမှုရှိနေသေးသရွေ့ သူများတကာ ဘယ်လိုထင်တယ်ဆိုတာကို ကြောင့်ကျဂရုစိုက်နေဖို့ မလိုပါဘူး။

ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ သူများ ကိုယ့်ကိုအထင်သေးတာကို ဂရုမစိုက်ဘူး။

ကိုယ့်ကိုယ်ကို ကျေနပ်တဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။

သူများချီးမွမ်းတိုင်းကဲ့ရဲ့တိုင်း ကိုယ့်စိတ်မှာ ခံစားမှုတွေ ဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ဟာ သူများပိုင်နက် ဖြစ်နေပြီပေါ့။

နေရာတစ်ခုကို မရမက မယူချင်တဲ့သူအဖို့ နေရာပျောက်တယ်ဆိုတာ မရှိနိုင်တော့ဘူး။

သူများအမှတ်ပေးလို့ရတဲ့ အရာတွေအားလုံးဟာ သူများနယ်မြေပဲ။ ဘယ်သူမှ အမှတ်ပေးလို့ မရတာမှ ကိုယ့်နယ်မြေ။ ကိုယ့်နယ်မြေ အစစ်ထဲမှာ ကိုယ်နေရင် ဘယ်သူမှ ဖယ်ခိုင်းလို့ မရဘူး။

သူများပါးစပ်လှုပ်တိုင်း ကိုယ့်စိတ်က လှုပ်ရှားရမယ်ဆိုရင် ကိုယ့်ဘ၀ဟာ သူများပါးစပ်မှာ လမ်းဆုံးသွားမယ်။

ကိုယ့်ကို တကယ်နှိပ်စက်နိုင်တာ ကိုယ့်အတွေးတွေပဲ။ တခြားသူတွေက ကိုယ့်စိတ်ထဲဝင်လာပြီး နှိပ်စက်လို့ မရဘူး။

ကိုယ့်ကိုယ်ကို ချောင်ပိတ်တဲ့အတွေးမျိုးတွေကို မတွေးပါနဲ့။

လူတွေကိုတော့လေးစားပါ ဒါပေမယ့် သူတို့ဝေဖန်တာကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။

လူမသိတဲ့အရာ၊ လူမသိနိုင်တဲ့အရာ၊ သူများတိုင်းတာလို့ မရနိုင်တဲ့အရာဟာ ကိုယ့်အတွက် တန်ဖိုးအရှိဆုံး၊ တန်ဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်တယ်။ သူများသိနိုင်တဲ့အရာ၊ သူများတိုင်းတာလို့ ရတဲ့အရာဟာ ကိုယ့်အတွက် တန်ဖိုးအရှိဆုံးအရာ မဖြစ်နိုင်ဘူး။

ကိုယ့်အတွက် အားကိုးစရာအကောင်းဆုံးဟာ ကိုယ့်ရင်ထဲမှာရှိမှ ဖြစ်မယ်။ အပြင်မှာရှိနေလို့ မဖြစ်ဘူး။ အပြင်မှာရှိနေတာ ဘယ်အရာမှ အားကိုးစရာအစစ် မဖြစ်ဘူး။

တကယ်တော့ ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာကို နားလည်ပါ။ ဘာအတွက်မှ စိတ်ဆင်းရဲမခံပါနဲ့။

သူများက ကိုယ့်အပေါ် မတရားတာရှိစေတော့ ကိုယ့်ကိုယ်ကိုတော့ တရားမှာဖြစ်မယ်။

အခြေအနေက ဘယ်လိုပဲဖြစ်နေနေ စိတ်ဆင်းရဲနေတာဟာ ဘာမှအကျိုးမရှိပါဘူး။

Credit: Hnin Nandar


No comments:

Post a Comment