Lutaw Lupyaw
"အဓိပ္ပာယ်ရှိသောခရစ္စမတ်"
ဒီဇင်ဘာလဟာ သူ့ရဲ့ထုံးစံအတိုင်း မြူနှင်းလေးတွေဝေပြီး လူတိုင်းကို အအေးဓာတ်တွေနဲ့ လွှမ်းခြုံနေပါတယ်။ ဒါဟာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးအချိန်ရောက်တိုင်း ကြည်နူးခြင်းတွေ မြင်တွေ့ခံစားရတဲ့ အချိန်အခါသမယ ဖြစ်ပါတယ်။ ဒီဇင်ဘာလကိုရောက်တိုင်း ရင်ခုန်မိတာကတော့ နိုင်ငံတိုင်းမှာ ဒီအချိန်ဆို သူ့နည်းသူ့ဟန်နဲ့ ကျင်းပနေကြတဲ့ ခရစ္စမတ်ပွဲတော်ကိုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ခရစ္စမတ်ကို သူ့နေရာနဲ့သူ ကျင်းပကြပါတယ်။ ခရစ္စမတ်ရဲ့ အကြောင်းကို ပြောရမယ်ဆိုရင်တော့ ခရစ်ယာန်ဘာသာတွေရဲ့ သမ္မာကျမ်းစာလာ ယေရှုခရစ်တော် မွေးဖွားတဲ့ ရာသီကာလကို အစွဲပြုပြီး ကျင်းပကြတဲ့ပွဲတော် ဖြစ်ပါတယ်။ ဒီလိုပြောလိုက်လို့ ခရစ္စမတ်ဆိုတာ ခရစ်ယာန် ဘာသာဝင်တွေအတွက်ပဲလို့ မဆိုလိုပါဘူး။ ခရစ်ယာန်ဘာသာဝင်ဖြစ်ဖြစ် အခြားဘာသာဝင်တွေပဲဖြစ်ဖြစ် ခရစ္စမတ်ကို ပါဝင်ဆင်နွှဲပြီး နွေးထွေးတဲ့ ခရစ္စမတ်အချိန်အခါကို ရရှိနိုင်ပါတယ်။
အရင်ဆုံး ခရစ္စမတ်ရဲ့ အနှစ်သာရကို ပြောပြချင်ပါတယ်။ ခရစ္စမတ်ရဲ့ အဓိက အရသာကတော့ ချစ်ခြင်းမေတ္တာ ဝေမျှခြင်းမှာပါဝင်ပါတယ်။ တစ်နှစ်တာလုံးမှာ အကောင်းအဆိုး အကျိုးအကြောင်းတွေ ဖြစ်ပျက်ခဲ့သမျှအပြီးမှာတော့ နှစ်သစ်ကို စိတ်သစ် အတွေးအခေါ်အသစ်နဲ့ စတင်ဖို့ ပြန်လည်သုံးသပ်သင့်တဲ့ အချိန်ကောင်းလည်းဖြစ်ပါတယ်။ ဒီလိုပဲ အသက်တစ်နှစ် ကြီးတော့မှာဖြစ်တဲ့အတွက် မိမိဘ၀ စာမျက်နှာတစ်ရွက်မှာ အမှတ်တရဖြစ်စေမယ့် အတွေ့အကြုံ ကောင်းလေးတွေကို ချန်ခဲ့နိုင်မယ့် အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုမျိုးအဓိပ္ပာယ်ရှိတဲ့ ခရစ္စမတ်ကာလလေးကို အားလုံး ဖြတ်သန်းနိုင်ဖို့အတွက် ကျွန်တော် နည်းနည်းလောက် သိသလောက် မှတ်သလောက် ပြောပြပေးချင်ပါတယ်။
သူတစ်ပါးကို ပျော်ရွှင်စေပါ
ခရစ္စမတ်မှာ အားလုံးနီးပါလုပ်ကြတဲ့ အရာတစ်ခုကတော့ လက်ဆောင်လေးတွေ အပြန်အလှန် ပေးကြတာပဲ ဖြစ်ပါတယ်။ ဒီနှစ်ခရစ္စမတ်မှာ ဒီထက်ပိုပြီး ထူးထူးခြားခြား အဓိပ္ပာယ်ရှိစေချင်ရင်တော့ ကိုယ်ချစ်တဲ့ ကိုယ့်ရဲ့မိသားစု အသိုင်းအ၀ိုင်းမှာတင်မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ချို့တဲ့ပြီး တကယ်လိုအပ်တဲ့သူတွေကို တတ်နိုင်တဲ့ လက်ဆောင် အနည်းအများမဆို ပေးခြင်းနဲ့ မေတ္တာပြနိုင်ပါတယ်။ ဒီလိုမေတ္တာပြခြင်းအားဖြင့် ကိုယ်လက်ဆောင်ပေးလိုက်တဲ့အခါ ပျော်ရွှင်သွားတဲ့ သူတို့ရဲ့အပျော်လေးတွေဟာ ကိုယ့်ဆီကိုလည်း ကူးစက်လာမှာဖြစ်ပြီး ခရစ္စမတ်ဟာလည်း အဓိပ္ပာယ်ရှိပြီး ပိုလှပလာမှာဖြစ်ပါတယ်။
အလှူအတန်းပြုလုပ်ပါ
ကိုယ့်နာမည်နဲ့ပဲဖြစ်စေ ကိုယ်ရည်စူးပြီး လှူဒါန်းချင်တဲ့သူရဲ့ နာမည်နဲ့ပဲဖြစ်ပါစေ လိုအပ်တဲ့ မိဘမဲ့ဂေဟာတို့ ပရဟိတ ဖောင်ဒေးရှင်းတို့မှာ ပါဝင်ပြီး အနည်းအများမရွေး အလှူအတန်းတစ်ခုလောက် လုပ်ပေးပါ။ ဒါဟာ ကိုယ့်ရဲ့ခရစ္စမတ်ကို ပိုပြီး အဓိပ္ပာယ်ရှိစေပါတယ်။ ဘယ်သူမှ သိဖို့မလိုပါဘူး ကိုယ်တိုင်သိပြီး ပြန်စဉ်းစားရုံနဲ့ ပီတိဖြစ်နိုင်ပါတယ်။
စာရေးပါ
စာရေးပါလို့ပြောတဲ့အခါမှာ ဘာကိုရေးရမလဲဆိုတော့ ပထမဆုံး စာအုပ်တစ်အုပ်ကို ယူလိုက်ပါ။ ပြီးရင် ပြန်စဉ်းစားပါ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့ဝေးကွာနေတဲ့ မိသားစု ဒါမှမဟုတ် ကိုယ်နဲ့စိတ်သဘောထားချင်း မတိုက်ဆိုင်လို့ မခေါ်မပြောတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက် ကိုယ်ပြောချင်တဲ့ စကားတွေကို မပြောနိုင်ခဲ့တဲ့ အချိန်တွေအတွက် တစ်ယောက်စီတိုင်းရဲ့ နာမည်တပ်ပြီး စာရေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် မိဘနဲ့သားသမီးဆက်ဆံရေး သူငယ်ချင်း မိတ်ဆွေဆက်ဆံရေးတွေမှာ လွဲချော်ခဲ့တဲ့ အရာလေးတွေကို သိရှိလာပြီး ပြင်ဆင်နိုင်မယ့် နည်းလမ်းလေးတွေကို သိရှိလာမှာဖြစ်ပါတယ်။
မိသားစုနဲ့အချိန်ပေးပါ
တစ်နှစ်ပတ်လုံး အလုပ်တွေ ဆက်တိုက်များနေလို့ မိသားစုနဲ့ နွေးနွေးထွေးထွေး မနေနိုင်တဲ့သူတွေအတွက် ခရစ္စမတ်အချိန်အခါမှာ မိသားစုနဲ့ အချိန်ပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ကိုယ့်မိသားစုမှာရှိတဲ့ နှစ်ဖက်ဆွေမျိုးတွေ တွေ့ဆုံပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ခရစ္စမတ်ပွဲလေး ကျင်းပေးခြင်းအားဖြင့် မိသားစုကြားထဲမှာ ပိုပြီး နွေးထွေးတဲ့ ဆက်ဆံမှု ရရှိနိုင်မှာဖြစ်သလို ပိုပြီး စည်းလုံးညီညွတ်တဲ့ မိသားစုလေးလည်း ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
တန်ဖိုးရှိတဲ့ ဇာတ်ကားကောင်းလေးတွေကြည့်ပါ
နောက်တစ်ခုအနေနဲ့ကတော့ လုပ်နိုင်တာကတော့ ခရစ္စမတ်ကာလမှာ ကိုယ့်ဘ၀အတွက် တန်ဖိုးရှိပြီး သင်ယူနိုင်မယ့် ရုပ်ရှင်ဇာတ်ကားကောင်းလေးတွေ ကြည့်ခြင်းအားဖြင့် ခရစ္စမတ်ကို ဖြတ်သန်းပါ။ နှစ်သစ်ကို အစပြုဖို့ ခွန်အားလည်း ပေးနိုင်သလို နည်းလမ်းကောင်းလေးတွေလည်း ရှာဖွေတွေ့ရှိနိုင်မှာပါ။
နှစ်သစ်မှာလုပ်ဆောင်မယ့်အရာများကို မှတ်တမ်းပြုစုပါ
နှစ်ဟောင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို မေ့ပြစ်ပြီး နှစ်သစ်မှာ ကိုယ်ရည်ရွယ်ထားတဲ့ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်ချင်တဲ့ အရာတွေကို မှတ်စုစာအုပ်တစ်အုပ်မှာ ချရေးပါ။ စိတ်ထဲမှာရှိသလောက် လုပ်ချင်သလောက် များများလေး ရေးလိုက်ပါ။ ဒါတွေက နှစ်တစ်နှစ်မှာ ကိုယ်ဘယ်လောက်ထိ လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကို ဒီမှတ်စုက ပြန်ပြောပြပါလိမ့်မယ်။
အားလုံးပဲ ၂၀၁၅ ရဲ့ ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပယ်ရှိတဲ့ ခရစ္စမတ်ကို ပိုင်ဆိုင်နိုင်ပြီး ကောင်းခြင်းတွေနဲ့ ပြည့်ဝတဲ့ ၂၀၁၆ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit: Yangon Life
Lutaw Lupyaw
No comments:
Post a Comment