Lutaw Lupyaw
"ဂုတ်ထိပ် တံတားပေါ်တွင် လူဖြတ်သန်းခွင့် မရှိစေရန် လုံခြုံရေး တင်းကျပ်မည်"
မန္တလေး ဒီဇင်ဘာ ၁၄
သက်တမ်း ၁၀၀ ကျော်ရှိပြီဖြစ်သော ဂုတ်ထိပ် တံတားပေါ်တွင် နယ်မြေလုံခြုံရေးအရ လူဖြတ်သန်းခွင့် တားမြစ်ထားသော်လည်း သွားလာမှု ဖြစ်ပေါ်လာသဖြင့် ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ လုံခြုံရေး တင်းကြပ်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၃) သွားလာရေး လက်ထောက် အထွေထွေမန်နေဂျာ ဦးအေးမောင်က ပြောကြားသည်။
၂၂၆၀ ပေရှည်လျားသော ဂုတ်ထိပ်တံတားပေါ်သို့ လူသွားလာမှုကို တားမြစ်ထားသော်လည်း အဆိုပါ တံတားပေါ်သို့ သွားလာနေသူများ ရှိသဖြင့် တံတားကို ဖြတ်သန်းပြေးဆွဲပေးမည့် သံလမ်းပြေး ကားတစ်စင်း ထားရှိရန် စီစဉ်နေကြောင်း ၎င်းက ထပ်မံပြော ကြားသည်။
“ဂုတ်ထိပ်တံတားကို အရင်ကတည်းက ဖြတ်သန်းသွားလာခွင့် ပေးထားတာမဟုတ်ဘူး၊ ဂုတ်ထိပ်တံတားက လူလျှောက်ဖို့ လက်ရန်းတွေ အကာအရန်တွေ ရှိတာမဟုတ်ဘူး၊ တံတားမှာလည်း ရထားဖြတ်ဖို့ ဇလီဖားတုံးပဲရှိတာ၊ အမြင့်ကြောက်တဲ့သူတို့၊ သောက်စားထားသူတို့သွားရင် ပြုတ်ကျမှာ စိုးရိမ်ရတယ်” ဟု လက်ထောက် အထွေထွေမန်နေဂျာ ဦးအေးမောင်က ပြောကြားသည်။
လူဖြတ်သန်းရန် ဖောက်လုပ်ထားသည့် တံတားမဟုတ်သဖြင့် လူအများ တံတားပေါ် သွားလာရန် အဆင်မပြေကြောင်း၊ ယခုနှစ်အတွင်း ဂုတ်ထိပ်တံတားသို့ ကားဖြင့် လာရောက်လည်ပတ်မှု မြင့်တက်နေသဖြင့် ဂုတ်ထိပ်ဘူတာမှ တံတားပေါ်ပြေးဆွဲပေးရန် ဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဂုတ်ထိပ်တံတားကြီးပေါ် ဖြတ်သန်းသွားလာမည့် နောင်ချို-နောင်ပိန် ဘူတာ အသွားအပြန်ခရီးစဉ်ကို သံလမ်းပြေးကားဖြင့် လူအယောက် ၂၀ လျှင် ကျပ်တစ်သိန်းဖြင့် ပြေးဆွဲပေးလျက်ရှိရာ သွားလာမှု မြင့်တက်နေသဖြင့် ဂုတ်ထိပ်ဘူတာမှ တံတားပေါ် ထပ်မံ ဖြတ်သန်းပြေးဆွဲရန် စီစဉ်နေခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း (၃) မှသိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း နောင်ချိုမြို့နယ်ရှိ နောင်ချိုဘူတာနှင့် (၇) မိုင်အကွာတွင် တည်ရှိသည့် ဂုတ်ထိပ်တံတားကို မန္တလေးမှ နေ့ချင်းပြန် မီးရထားခရီးစဉ်ဖြင့် သွားလာမှုများရှိပြီး ပြင်ဦးလွင်ဘူတာမှလည်း ရထားဖြင့် သွားလာသူများ မြင့်တက်နေကြောင်း ဒေသခံများကဆိုသည်။
The Voice Weekly
Monday, December 14, 2015
"ဂုတ်ထိပ် တံတားပေါ်တွင် လူဖြတ်သန်းခွင့် မရှိစေရန် လုံခြုံရေး တင်းကျပ်မည်"
Labels:
ပြည်တွင်းသတင်း
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment