Lutaw Lupyaw
"ငွေဆောင်ကမ်းခြေတွင် ပင်လယ်ရေအောက် ရှုခင်းများကို ရေငုပ်ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှု စတင်"
ပင်လယ်ရေအောက် ရှုခင်းများ ကြည့်ရှုနိုင်မည့် ရေအောက်အသက်ရှူကိရိယာဖြင့် ရေငုပ်ခြင်း (Scuba Diving) ကို ငွေဆောင်ကမ်းခြေ၌ စတင် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း Myanmar Dive Center ကုမ္ပဏီမှ သတင်းရရှိသည်။
‘‘ကမ်းခြေကနေ နာရီဝက်ကျော်လောက် သင်္ဘောငယ်နဲ့သွားပြီး ရေအနက်ပေ ၆၀ လောက်ရှိတဲ့နေရာမှာ ရေငုပ်နိုင်ဖို့အတွက် ဝန်ဆောင်မှု ပေးသွားမှာပါ။ ကမ်းခြေကို လာပြီးလည်တဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေက ပိုပြီး စိတ်ဝင်စားကြမယ်လို့ မျှော်လင့်ပါတယ်’’ ဟု Myanmar Dive Cen-ter ကုမ္ပဏီမှ မန်နေဂျာ ကိုရှုပသက်ဝေက ပြောသည်။
Myanmar Dive Center သည် ပင်လယ်ရေအောက်တွင် ရေငုပ်၍ ရှုခင်းများ ကြည့်ရှုခြင်းကို လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၂၀ နှုန်းဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလျှင် အနည်းဆုံး လူနှစ်ဦးမှ အများဆုံး လူခြောက်ဦးခန့်သာ လက်ခံပေးမည်ဟုဆိုသည်။
‘‘ဒေါ်လာ ၁၂၀ က ရေငုပ်တဲ့ ခရီးစဉ်တစ်ခုလုံးအတွက် အပြီးအစီးစရိတ် ဖြစ်ပါတယ်။ အဲဒီမှာရေငုပ်တဲ့အခါမှာ အဆင်ပြေစေဖို့ လမ်းညွှန်ပေးမယ့် Guide တစ်ယောက်လည်း ထားပေးမှာဖြစ်သလို ရေငုပ်ပြီးရင် စားသုံးနိုင်ဖို့ အသီးအနှံနဲ့ ရေဘူးတွေကိုလည်း သင်္ဘောပေါ်မှာ အခမဲ့ စီစဉ်ပေးထားပါတယ်’’ ဟု ကိုရူပသက်ဝေက ပြောသည်။
ပင်လယ်ရေအောက် ရှုခင်းများ ကြည့်ရှုခြင်းကို ငွေဆောင်ကမ်းခြေအနီး ငှက်ကျွန်းနှင့် တောင်ကြားရှည်နှစ်နေရာတွင် စီစဉ်ပေးထားကာ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သည့် အသက်ကယ်ပစ္စည်းများကိုလည်း အသင့် ထားရှိပေးမည်ဖြစ်ကြောင်း သိရှိရသည်။
Myanmar Dive Center ကို ငွေဆောင်ကမ်းခြေရှိ Sunny Paradise ဟိုတယ်အနီးတွင် ဖွင့်လှစ်ထားသည်။
နိုင်လင်းအောင်
Credit: 7day daily
ပင်လယ်ရေအောက် ရေငုပ်နေသူတစ်ဦး။
(ဓာတ်ပုံ-Myanmar Dive Center)
Lutaw Lupyaw
No comments:
Post a Comment