Tuesday, December 15, 2015

"ဆောင်းတွင်းမှာ အသားအရေ စိုပြည်စေမယ့် နည်းလမ်းများ"



Lutaw Lupyaw


"ဆောင်းတွင်းမှာ အသားအရေ စိုပြည်စေမယ့် နည်းလမ်းများ"

ဆောင်းတွင်းချိန်ခါကို ရောက်တာနဲ့ အသားအရေ၊ ဆံပင်သားတွေဟာ ခြောက်သွေ့ အက်ကွဲလာတတ်ပါတယ်။ အသားအရေတွေ ခြောက်သွေ့လာသလို၊ ဆံသားမှာလဲ တခြားအချိန်တွေထက် ဗောက်တွေပိုထတာကို ခံစားမိကြမှာပါ။ ခြောက်သွေ့တတ်တဲ့ အသားအရေသမားတွေဆို အရင်ထက်ပိုလို့တောင် အသားရေတွေ ခြောက်ကပ်၊ ဗောက်တွေ ပိုထလာလို့ စိတ်ညစ်တတ်ကြပါတယ်။ ဒီလိုမဖြစ်ရအောင် ဘယ်ဟာကို ရှောင်ရှားသင့်လဲ။

နေ့တိုင်းခေါင်းလျှော်တာဟာ သင့်ဦးရေက အဆီဓါတ်ကို ခန်းခြောက်စေပါတယ်။ ဆောင်းတွင်းမှာ ဗောက်ထလေ့ရှိပေမယ့်လည်း ၂ ရက်တစ်ခါ ၃ ရက်တစ်ခါလောက်မှ လျှော်သင့်ပါတယ်။ ခြောက်သွေ့တဲ့ ဆံသားပိုင်ရှင်တွေဆိုရင် jojoba, shea butter, rosemary oils တို့လို အဆီဓာတ်ပိုများတဲ့ ပစ္စည်းနဲ့ ထုတ်ထားတဲ့ conditioner ကို မဖြစ်မနေ သုံးပေးသင့်ပါတယ်။

ဆောင်းရာသီမနက်ခင်း ချမ်းချမ်းစီးစီးအချိန်မှာ ရေနွေးနဲ့ ရေချိုးရတဲ့အရသာကို လူတိုင်း နှစ်သက်ကြမှာပါ။ ဒါပေမယ့် ခုလို ရေနွေးနဲ့ အချိန်အတော်ကြာ ရေချိုးခြင်းဟာ ကိုယ်တွင်းအဆီဓာတ်တွေ ခန်းခြောက်စေပြီး၊ အရေပြားယားယံမှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် မနက်ဘက် ရေနွေးနဲ့ရေချိုးမယ်ဆိုရင် ၁၀ မိနစ်လောက်ပဲ ချိုးသင့်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း နို့နဲ့လုပ်ထားတဲ့ ရေချိုးဆပ်ပြာ ခရင်မ်တွေက သင့်အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်စွမ်း ရှိပါတယ်။ ရေချိုးပြီးရင်လည်း အဆီဓာတ်များများပါတဲ့ lotion လိမ်းပေးထားပါ။ အဆီဓာတ်ပါတဲ့ lotion တွေကို မနက်တစ်ခါ လိမ်းထားရုံနဲ့ တစ်နေလုံးစာအတွက် မလုံလောက်ပါဘူး။ အနည်းဆုံး တစ်နေ့ကို သုံးကြိမ်လောက် လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်နှာအသားရေ အတွက်လည်း ကိုယ့်အသက်အရွယ်ပေါ်မူတည်ပြီး moisturizers ခရင်မ် လိမ်းရပါမယ်။

ဆောင်းတွင်းဘက်မှာ ကြုံတွေ့ရတဲ့ နောက်ထပ် ပြသနာတစ်ခုကတော့ မျက်ရည် ခမ်းခြောက်လွယ်တာပါ။ အလုံပိတ် အဲကွန်းခန်းတွေထဲမှာ တစ်နေကုန် ကွန်ပျူတာရှေ့က မခွာပဲ အလုပ်လုပ်ရတဲ့ ၀န်ထမ်းတွေဆို မျက်ရည်ခမ်းခြောက်တာ ပိုဖြစ်လွယ်ပါတယ်။ ဒါကြောင့် အခုလို ဆောင်းရာသီမှာ ရေဓာတ်ခန်းခြောက်စေမယ့် ကဖင်းဓာတ်၊ အရက်သောက်တာမျိုးကို ရှောင်ပါ။ နေ့ခင်းဘက် အပြင်ထွက်မယ်ဆိုရင်လည်း နေလောင်ခံခရင်မ်၊ နေကာမျက်မှန် တပ်သွားပါ။ ရေဓာတ် ပြန်လည်ဖြည့်ပေးမယ့် မျက်စဉ်းဆေးကိုလည်း နေ့စဉ်ပုံမှန် အသုံးပြုပေးရပါမယ်။

Omega 3 အက်စစ်ဟာ လူကို အကျိုးဖြစ်စေတဲ့ အဆီဓာတ်တွေ အပြည့်အ၀ပါတာမို့ အခုလို ဆောင်းတွင်းဘက်မှာ အသားအရေစိုပြေအောင် နေ့စဉ် မှီဝဲသင့်ပါတယ်။ နှုတ်ခမ်းသား ခြောက်တတ်တဲ့သူတွေဆိုလည်း အမျိုးသားရော၊ အမျိုးသမီးပါ သုံးနိုင်တဲ့ နှုတ်ခမ်းအဆီတောင့်တွေ ဆောင်ထားလိုက်ပါ။

Credit: Yangon Life



Lutaw Lupyaw

No comments:

Post a Comment