Monday, December 7, 2015

ဗမ္မာစိုရ်တရားရှိတဲ့သူရဲ့


ဗြမ္မာစိုရ်တရားရှိတဲ့သူရဲ့ ပြောလိုက်တဲ့ စကားတိုင်းဟာ တန်ဘိုးကြီးမားသလို လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာလည်း အများသူငှါအတွက် ငြိမ်းချမ်းရေးကို ဦးတည်နေတယ်။

ဗြမ္မာစိုရ်တရားမရှိတဲ့သူရဲ့ ပြောလိုက်တဲ့ စကားတိုင်းဟာ တန်ဘိုးမရှိသလို လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းဟာလည်း အများသူငှါအတွက် အတိဒုက္ခ ဆင်းရဲတွင်းနက်ဖို့ ပဲဖြစ်တယ်။

အတွင်းစိတ်သဏ္ဍန် ဖြူစင်ဖြောင့်မတ်ပြီး ရိုးသားမှုရှိတဲ့သူရဲ့ ပြောဆိုဆက်ဆံတဲ့ စကားတွေဟာ မှန်ကန်လေးနက်ပြီး အဓိပ္ပါယ် ပြည့်ဝနေတယ်။

အတွင်းစိတ်သဏ္ဍန် ဖြူစင်ဖြောင့်မတ်မှုနဲ့ ရိုးသားမှုမရှိတဲ့သူရဲ့ ပြောဆိုဆက်ဆံတဲ့ စကားတွေဟာ ဟန်ဆောင်လိမ်ညာမှုတွေနဲ့ အနှစ်သာရမရှိ အဓိပ္ပါယ်မဲ့နေတယ်။

သူတော်ကောင်းဆိုတာ အမှန်တရားကို မြတ်နိုးတယ်။ သူတပါးအသက်ကို ကိုယ့်အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်တတ်တယ်။ သေရမှာလည်း မကြောက်ဘူး။

သူယုတ်မာဆိုတာ အမှန်တရားကို မုန်းတီးတယ်။ သူတပါးအသက်ကိုသတ်ဖို့ ၀န်မလေးဘူး။ သူ့အသက်ကိုကျတော့ သေရမှာ အင်မတန်မှ ကြောက်တယ်။

မသူတော်ဆိုတာ သူတပါးကို ဒုက္ခပေးဖို့ အမြဲတမ်း ကြံစည်အားထုတ်နေတတ်တယ်။ ဒါပေမယ့် သူ့အကုသိုလ်က သူ့အနောက်မှာ အရိပ်လိုလိုက်ပြီး သူ့ကို ပြန်လည် ဒုက္ခပေးမယ်ဆိုတာ သူမေ့နေတယ်။

ခိုးတတ်တဲ့သူ၊ လိမ်လည်တတ်တဲ့သူ၊ သစ္စာမရှိတဲ့သူတွေဟာ သူတပါးကိုလည်း တူညီသောသူတို့ရဲ့ စိတ်နဲ့ပဲ တိုင်းထွာကြည့်ရှု နေတတ်တယ်။

မုသာဝါဒဆိုတာ ဟီရိသြတပတရား ရှိသူအတွက် ရှက်ခြင်း၊ ကြောက်ခြင်း၊ ရှက်စရာ ကြောက်စရာလို့ နားလည် ယုံကြည်တတ်ပေမယ့် မုသာဝါဒဆိုတာ ဟီရိသြတပတရား မရှိသူအတွက် ရှက်စရာ ကြောက်စရာလို့ နားမလည်၊ မယုံကြည်တဲ့အပြင် လိမ်လည်လှည့်စားခြင်းဟာ သူတို့အတွက် ပျားသကာလို နှုတ်ဖျားမှာ အရသာ ရှိနေတတ်တယ်။

မိုးခါးရေ သောက်တဲ့သူတွေရဲ့ ဘ၀က အမြဲတမ်း ခါးနေပေမယ့် မိုးခါးရေ မသောက်တဲ့သူတွေရဲ့ ဘ၀ကတော့ အမြဲတမ်း ချိုနေတာပါပဲ။

လောကမှာ လူဖြစ်ရဖို့ အင်မတန်မှ ခဲယဉ်းသလို လူဖြစ်ပြီးတော့ လူပီသတဲ့လူကို တွေ့ရဖို့ဟာလည်း အခက်ခဲဆုံးအရာ တခုပါပဲ။
 လွဲမှားတဲ့ အယူဝါဒတွေနဲ့ မေတ္တာတရားခေါင်းပါးတဲ့ အရပ်ဒေသဟာ ငရဲပါပဲ။

ဓမ္မစာစုများ ရှာဖွေတင်ပြသည်။

မိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ……။

Credit: စိုင်းစစ်ခြံရံ

No comments:

Post a Comment