Wednesday, December 16, 2015

"သတိမထားမိနိုင်တဲ့ ကင်ဆာလက္ခဏာရပ်များ"



Lutaw Lupyaw

"သတိမထားမိနိုင်တဲ့ ကင်ဆာလက္ခဏာရပ်များ"

ကင်ဆာဆိုတာ လူတွေရဲ့စိတ်ဝိဥာဉ်ကို ခြိမ်းခြောက်လွန်းတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကင်ဆာမှာ အမျိုးမျိုးရှိကြရာ တစ်ချို့က စောစီးစွာသိပြီး နုနေတုန်းမှာ ကုသခြင်းဖြင့် သက်သာမှုတို့ ရရှိကြပါတယ်။ တစ်ချို့ဆိုရင် အချိန်လွန်မှ ကင်ဆာဖြစ်မှန်း သိကြရကာ အချိန်မမှီလိုက်တာတွေ ရှိကြပါတယ်။ ကင်ဆာရဲ့လက္ခဏာရပ်တွေမှာ တစ်ချို့က သိသာစေတာ ရှိပေမယ့် တစ်ချို့က သတိမထားမိလိုက်နိုင်တဲ့ အချက်တွေ ရှိနေကြပါတယ်။ အောက်ဖော်ပြပါ အချက်တွေက လူတွေ သတိမထားမိနိုင်တဲ့ ကင်ဆာရဲ့ လက္ခဏာရပ်တွေ ဘဲဖြစ်ပါတယ်။

ကာလကြာရှည်စွာ မောပန်းနွမ်းနယ်နေခြင်း

တစ်ခါတစ်လေ မောပန်းနွမ်းနယ်တတ်တာတွေက အကြောင်းမဟုတ်ပေမယ့် အမြဲတမ်း မောပန်းနွမ်းနယ်မှုတွေကတော့ သတိထားစရာဘဲ ဖြစ်ပါတယ်။ ဘယ်မှရှည်ရှည်ဝေးဝေး မသွားနိုင်ဘဲ အမြဲတမ်း မောပန်းနွမ်းနယ်နေပြီဆိုရင်တော့ ဒါဟာ တကယ့်စိတ်ပူစရာအဆင့် တစ်ခု ဖြစ်ပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဒီလိုမောပန်းနွမ်းနယ်မှုတွေကို သက်သာ ပျောက်ကင်း စေဖို့ အိပ်စက်အနားယူစေခြင်းဖြင့် ကုသပေမယ့် မပျောက်ကင်းနိုင်သလို အများအားဖြင့် ဒီလိုလက္ခဏာရပ်တွေဟာ သွေးကင်ဆာ၊ အူမကင်ဆာနဲ့ အစာအိမ်ကင်ဆာတို့ ဖြစ်ပွားစေနိုင်တဲ့ လက္ခဏာရပ်တစ်ခုဖြစ်ကြောင်း ဖော်ပြပါတယ်။

အကြောင်းအရင်းမဲ့အလေးချိန်ကျနေခြင်း

အထက်ကဖော်ပြခဲ့တဲ့ မောပန်းနွမ်းနယ်မှုလိုဘဲ အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန် ကျနေတာဟာ ကင်ဆာဖြစ်နိုင်ချေများတဲ့ လက္ခဏာရပ်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ပုံမှန်တက်ကြွစွာ နေထိုင်နေသူတစ်ယောက် ဖြစ်ပါလျှက်နဲ့ ကိုယ်အလေးချိန် ကျနေတယ်ဆိုရင် ဒါဟာ လျစ်လျှူမရှုသင့်တဲ့ ကိစ္စတစ်ရပ်ဘဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံဟာ စနစ်တကျနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်နေပေမယ့် ဒီလို အကြောင်းအရင်းမရှိ အလေးချိန်ကျနေပြီဆိုရင် ဒါဟာ အဆုတ်ရောဂါ၊ pancreatic ကင်ဆာ၊ အစာအိမ်ကင်ဆာ တစ်ခုခု ဖြစ်ဖို့ ဖြစ်နိုင်ချေ များနေပြီဆိုတာ သတိရှိသင့်ပြီဖြစ်ကြောင်း အမေရိကန် ကင်ဆာအဖွဲ့အစည်းက ဖော်ပြပါတယ်။

နာကျင်ခြင်း

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခန္ဓာမှာ နာကျင်မှု ဝေဒနာတွေ ခံစားကြရတဲ့အခါ ရှိပါတယ်။ ကျောနာ၊ ခါးနာ၊ ခေါင်းကိုက်နာ ဆိုပြီး နာကျင်ကိုက်ခဲတာတွေ ရှိကြရာမှာ တစ်ချို့က ဆေးသောက်ရင် ပျောက်သွားပေမယ့် တစ်ချို့ကျတော့ ရက်ကာလကြာရှည်စွာ ဆေးသောက်ပေမယ့် မပျောက်ဘဲ ခံစားနေကြရတာတွေ ရှိပါတယ်။ ဒီလိုမျိုး ခံစားနေကြရပြီဆိုရင် သတိထားရမယ့် အနေအထားတစ်ခုဆိုတာ သတိချပ်သင့်ပြီ ဖြစ်ပါတယ်။ ရက်ကာလကြာရှည်စွာ ခါးနာတာတွေ၊ ကျောအောင့်တာတွေ၊ ကျောနာနေတာတွေဟာ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်နိုင်တဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ ရက်ရှည်လများ ဆေးသောက်ပေမယ့် ခေါင်းကိုက်တာ မပျောက်ဘဲ တစ်ဆစ်ဆစ် ခေါင်းကိုက်နေတာတွေကတော့ ဦးနှောက်ကင်ဆာ ဖြစ်နိုင်ချေများတဲ့ လက္ခဏာရပ်တွေ ဖြစ်ပါတယ်။ အရိုးကင်ဆာ၊ ကယ်ပယ်အိတ်ကင်ဆာတို့ရဲ့ အစောပိုင်း လက္ခဏာရပ်တွေကတော့ စူးစူးရှရှ နာကျင်ခြင်းဘဲ ဖြစ်ပါတယ်။

အရေပြားအောက်က အကျိတ်အဖုလေး

အရေပြားလွှာအောက်မှာ အကျိတ်အဖုလေးတွေ တွေ့ရခြင်းဟာ ရင်သားကင်ဆာ၊ ကပ်ပ္ပါယ်အိတ်ကင်ဆာ၊ အကျိတ်ကင်ဆာ တို့ကို ဖြစ်ပွားစေနိုင်တဲ့ လက္ခဏာရပ်မျိုး ဖြစ်ပါတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် မိမိတို့ရဲ့ အရေပြားလွှာအောက်မှာ ဒီလိုအကျိတ်မျိုးကို တွေ့ရပြီဆိုရင် ပေါ့မနေဘဲ ချက်ချင်းစစ်ဆေး ပြသသင့်ပါတယ်။

ခြေထောက်ယောင်ရမ်းခြင်း

အမျိုးသမီးတွေမှာ ခြေသလုံးတွေ၊ ခြေဖမိုးတွေ ယောင်ရမ်းပြီဆိုရင် မပေါ့သင့်တဲ့အရာ ဖြစ်ပါတယ်။ အမျိုးသမီးကိုယ်အင်္ဂါ ကိုက်ခဲနာကျင်ခြင်း၊ ယောင်ရမ်းခြင်းတို့ ဖြစ်ပွားပြီဆိုလျင် အမှုမဲ့အမှတ်မဲ့ မနေသင့်တော့ဘဲ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တို့နဲ့ သွားရောက် ဆွေးနွေးသင့်ပြီ ဖြစ်ပါတယ်။ ဒီလို နာကျင်ကိုက်ခဲတာတွေ၊ ယောင်ရမ်းတာတွေဟာ အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်တဲ့ လက္ခဏာမျိုး ဖြစ်ကြောင်း University of Texas MD Anderson Cancer Center က ဖော်ပြထား ပါတယ်။

အရေပြား အရောင် ပြောင်းလဲခြင်း

အရေပြားကင်ဆာဟာလည်း သတိမထားမိဘဲ ဖြစ်သွားတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ လူတွေရဲ့ အရေပြားလွှာပေါ်မှာ ရှိနေတတ်ကြတဲ့ မှဲ့တွေ၊ ကြွက်နို့တွေ၊ တင်းတိတ်တွေဟာ အရောင်ပြောင်းတာဘဲဖြစ်ဖြစ်၊ အရွယ်အစား ပြောင်းတာဘဲဖြစ်ဖြစ် ကြုံလာခဲ့ရင် ဒါဟာ သတိထားရမယ့် အခြေအနေတစ်ခု ဖြစ်ပါတယ်။ အလွန်အကျွံ ယားယံတာမျိုး ခံစားရပြီး အရေပြား ပြောင်းလဲလာတာမျိုး ကြုံလာရရင် သတိထားပြီး ကျွမ်းကျင်သူ ဆေးပညာရှင်တို့နဲ့ သွားရောက် တိုင်ပင်သင့်ပြီ ဖြစ်ပါတယ်။ melanoma လို့ခေါ်တဲ့ အရေပြားကင်ဆာ အပါအဝင် အရေပြားကင်ဆာ အမျိုးမျိုးရှိရာ ဒါဟာ အရေပြားကင်ဆာ ဖြစ်နိုင်တဲ့ လက္ခဏာရပ် ဖြစ်ပါတယ်။ melanoma လို့ ခေါ်တဲ့ အရေပြားကင်ဆာဟာ နေပူရှိန်ဒဏ်ပြင်းပြင်း ခံရခြင်းကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားကင်ဆာမျိုး ဖြစ်ပါတယ်။

ဝမ်းသွားတဲ့အနေအထား ပြောင်းသွားခြင်း

မိမိတို့ ဝမ်းသွားတဲ့အခြေအနေကို သတိပြုမိကြတဲ့အခါ ရှိပါသလား။ တကယ်လို့ သင်ဟာ ပုံမှန်သွားနေကျထက် အကြိမ်ပိုပြီး ဆီးသွားခြင်း၊ ဝမ်းသွားခြင်းတို့ ဖြစ်လာခဲ့ရင်၊ သွားလိုက်တဲ့ ဝမ်းတွေ၊ ဆီးတွေမှာ သွေးတွေပါလာတာ တွေ့ရ များလာခဲ့ရင် ဒါဟာ ဆီးအိမ်ကင်ဆာ ဖြစ်ပွားနိုင်တဲ့ အစောပိုင်း လက္ခဏာရပ်တွေ ဖြစ်နိုင်ပါတယ်။

ရက်တာရှည်ဖျားခြင်း

ပုံမှန်ရိုးရိုးဖျားခြင်းဟာ ပြဿနာမရှိပေမယ့် ရက်ရှည်ဖျားပြီး ဆေးသောက်ရင်လည်း မသက်သာဘူးဆိုရင် ဒါဟာ သတိထားရတော့မယ် အခြေအနေတစ်ခု ဖြစ်ပါတယ်။ သွေးကင်ဆာလို ကင်ဆာမျိုးဟာ လူရဲ့ကိုယ်ခံအားစနစ်ကို များစွာသက်ရောက်မှု ပေးတာကြောင့် အဖျားလျော့ကျစေဖို့ တိုက်ဖျက်မှုအား နည်းသွားခြင်းပင် ဖြစ်ပါတယ်။

Credit: Yangon Life



Lutaw Lupyaw

No comments:

Post a Comment