Lutaw Lupyaw
"သင့်ကို သင့်ချစ်သူက ခြေသုတ်ခုံအဆင့်လောက်သာ သဘောထားနေသလားဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်"
အချစ်ဆိုတာ ကိုယ်ပေးသလောက် ပြန်မရနိုင်တာမျိုးလား။ ဒီလိုတွေးပြီး သင့်အချစ်ရေးကို စိတ်ဓာတ်ကျနေရတဲ့ အခြေအနေ ရောက်နေပြီလား။ ဒါမှမဟုတ် တစ်လလောက် ငိုပဲငိုနေရပြီး တစ်ရက်လောက် ပြန်ဝမ်းသာရတာကို ဘ၀လို့ ထင်နေတာများလား။ ကိုယ်ပေးလိုက်တဲ့ အချစ်အတွက် ဘာကိုမှမမျှော်လင့်ပဲ အဖြူသက်သက်လို့ ပြောရင် ဒါဟာ စာအုပ်တွေ၊ ၀တ္ထုတွေထဲကပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကိုယ်ပေးသလောက် ကိုယ့်ဆီကို အလုံးစုံ ပြန်မရရင်တောင် တစ်ဖက်လူဘက်က လျစ်လျူရှုပြီး ကိုယ့်ကို ခြေသုတ်ခုံသဖွယ် ဆက်ဆံတာမျိုးတော့ ဘယ်သူက ခံချင်ပါ့မလဲ။ ခံလည်း မခံသင့်ပါဘူး။ သင့်ချစ်သူဟာ သင့်ကို ဒီလိုအခြေအနေမျိုး၊ အပြုအမူမျိုးတွေနဲ့ ဆက်ဆံလာပြီဆိုရင် ဒီဆက်ဆံရေးကို ဒီမှာတင် ရပ်လိုက်ဖို့ အကြံပေးပါရစေ။ ဒီတော့ ခုပြောပြပေးမယ့် အချက်တွေက သင့်ချစ်သူ သင့်အပေါ် ဘယ်လောက်အရေးမထားသလဲ၊ လေးစားမှုမရှိသလဲ ဆိုတာ ပေါ်လွင်စေပါလိမ့်မယ်။
၁။ သင့်ကိုအရံအဖြစ် ထားထားတယ်။ သူ့ဘ၀ရဲ့အဓိကနေရာမှာ သင်မရှိဘူး။
လူတစ်ယောက်ရဲ့ လိုသုံးဖြစ်ရတာ တကယ်ရင်နာစရာ ကောင်းပါတယ်။ သင့်ချစ်သူက သင့်ကို တစ်ပတ်တစ်ခါလောက် မတ်ဆေ့ခ်ျလေးတွေ ပို့မယ်။ သင်သူ့ကို စောင့်နေသေးရဲ့လား၊ စိတ်ရှိသေးရဲ့လားဆိုတာ သိချင်လို့ ခုလို လုပ်နေခြင်းမျိုးပါပဲ။ သင်ဟာ သူ့အတွက် အရံနေရာကနေ ရှိနေတာပါ။ အဓိကနေရာမှာ မရှိပါဘူး။ တစ်နည်းပြောရင် တစ်ခုခုဖြစ်ရင် သင်တော့ သူ့ဘေးမှာ ရှိသေးတယ်ဆိုတဲ့ သဘောမျိုးလည်း ပါပါတယ်။ သင့်မှာတော့ သူတစ်ပတ်ကို တစ်ခါ မတ်ဆေ့ခ်ျပို့ပြီး တွေ့ကြရအောင်လို့ ခေါ်မယ့်အချိန်လေးကို မျှော်တလင့်လင့် ဖြစ်နေပါလိမ့်မယ်။ သူ့မှာ ဒီ့ထက်ပိုပြီး သင်နဲ့ ရင်းနှီးနွေးထွေးအောင် လုပ်ဆောင်ပေးတဲ့အရာ တစ်ခုမှလည်း မရှိပါဘူး။
၂။ သင့်ကိုချိန်းရင် နောက်ဆုံးမိနစ်တွေကျမှ ကပ်ချိန်းတတ်တယ်။
သင့်ဆီကို ဘာမှလည်း ကြိုပြောမထား၊ ဖုန်းလည်းမခေါ်ထားပဲ အနီးကပ်မှ နောက်တစ်နာရီလောက်ကျရင် ဘယ်မှာတွေ့မယ် ဆိုတာမျိုး အမြဲ လုပ်တတ်တယ်။ သူ့မှာ ဘယ်လောက်အလုပ်များများ ကိုယ့်ချစ်သူဆီတော့ တစ်ပတ်ကို သုံးခါ၊ လေးခါလောက် လာသင့်ပါတယ်။ ဒါမှမဟုတ် အလုပ်သိပ်ရှုပ်လွန်းလို့ တစ်ပတ်တစ်ခါ တွေ့သည့်တိုင် သင့်ကို တစ်ရက်လောက် ကြိုတင်အသိပေးထားသင့်ပါတယ်။ အဲ့ဒီလို မဟုတ်ပဲ နောက်ဆုံးအချိန်ကျမှ သင့်ကို တွေ့မယ်ပြောခြင်းဟာ သင့်အပေါ် အလေးမထားတာနဲ့ တူနေပါတယ်။
၃။ သင်က သူ့အ၀တ်တွေကို အမြဲ လျှော်ဖွတ်ပေးရတယ်။
အမျိုးသမီးတို့ရေ သင်တို့နှစ်ဦးဟာ အတူတူနေတာမျိုးလည်း မဟုတ်ပဲ သင့်ကို သူ့အ၀တ်တွေ အမြဲ လျှော်ခိုင်းနေတယ် ဆိုရင်တော့ ဒါစဉ်းစားစရာပေါ့။ သူက ကိုယ့်အ၀တ်တောင် ကိုယ်မလျှော်နိုင်လောက်အောင် အလုပ်များနေပြီဆိုရင် သူ့အမေဆီ ဖုန်းဆက်ပြောခိုင်းရင်ခိုင်း၊ မဟုတ်ရင်လည်း အခကြေးငွေယူပြီး အ၀တ်လျှော်ပေးတဲ့ နေရာတစ်ခုခုကို ပို့ခိုင်းလိုက်ပါ။
၎။ သင်က သူ့အတွက် တစ်ပတ်ကို လေးရက်လောက် ထမင်းချက်ပေးရတယ်။
ဘာမှမဖြစ်ခင် မရခင်ကတည်းက သူ့အ၀တ်တွေလျှော်၊ သူစားဖို့ ထမင်းဟင်းတွေ ချက်ပေး၊ ပန်းကန်တွေ ဆေးပေးနေရရင်တော့ ရှေ့လျှောက် သင် ဘာတွေဆက်လုပ်ပေးရမလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် တွေးကြည့်ပေါ့။ သင့်ကို တစ်သက်လုံး သူ ဒီလိုပဲ ဆက်ဆံသွားမှာပဲ။
၅။ အရက်တွေ သောက်စားပြီး ညသန်းခေါင်ကျော်မှာ သင့်ဆီရောက်လာတယ်။
သင့်ဆီရောက်လာတတ်တဲ့ အချိန်တွေဟာ ညသန်းခေါင်းမှ ဖြစ်တတ်တယ်။ မဟုတ်ရင်လည်း သင့်ကို ညသန်းခေါင်မှ သူမူးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ထုတ်တယ်ဆိုရင် ဒီယောက်ျားရဲ့ အကျင့်စာရိတ္တပိုင်းကို သင် ထည့်တွေးသင့်ပါပြီ။
၆။ ပထမဆုံးဒိတ်မှာတင် သူ့ဆီကို သင်က သွားတွေ့ရတယ်။
ကိုယ်ကမိန်းကလေးမို့ သူက ကိုယ့်ဆီ လာတွေ့သင့်တယ် မဟုတ်လား။ ကဲ ညီတူညီမျှပဲ စဉ်းစားမယ်ဆိုရင်တောင် သူနဲ့ကိုယ်နဲ့ ကြားတစ်နေရာမှာ ချိန်းသင့်တယ်လေ။ ဒီလို မဟုတ်ပါပဲ၊ သင်က သူ့ဆီ သွားရပြီဆိုရင်တော့ ဒါ စတင်ကြောတာပါပဲ။ အစကတည်းက ခုလို ဆက်ဆံရင် နောင် ပိုအဆင်ပြေဖို့ အလားအလာ နည်းပါးပါတယ်။
၇။ သင်နဲ့အတူနေပြီး သင့်ကို အိမ်ချက်ချင်းပြန်ခိုင်းတတ်တယ်။
ဒီအချက်ကတော့ သင့်ကို ခြေသုတ်ခုံသဖွယ်ဆက်ဆံသလား၊ မဆက်ဆံဘူးလားဆိုတာ သိသာသွားစေတဲ့ အဆိုးဆုံးအချက်ပါ။ တကယ်တော့ နှစ်ဦးသဘောတူ နေကြတယ်ဆိုရင်တော့ ခုလို နေပြီးကာစအချိန် ကိုယ့်ချစ်သူရင်ခွင်မှာ ဘယ်သူမဆို မှေးစက်ချင်ကြသေးတာပဲလေ။ သူ့ဆန္ဒပြည့်တာနဲ့ သွားတော့လို့ ပြောခြင်းဟာ ဘယ်လောက်ခံပြင်းဖို့ ကောင်းသလဲ သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။
ဟန်နီ
Credit: Trend Myanmar
Lutaw Lupyaw
No comments:
Post a Comment