Saturday, December 12, 2015
"Sorry တခွန်းပြောလိုက်ရုံနဲ့"
"Sorry တခွန်းပြောလိုက်ရုံနဲ့"
တနေ့မှာပေါ့ အိမ်တအိမ်မှာ ဖုံးသံမြည်လာတယ်။
ကလင် ကလင် ကလင်…
"ဟယ်လို… မိန်းမလား"
"ရှင်……"
"မိန်းမလား…… လို့…"
"မဟုတ်ပါဘူးရှင်… ကျွန်မက ဒီအိမ်က အိမ်ဖော်ပါ"
"သြော်… အေးအေး… မင်းမမလေးကော ရှိလား"
"ဟုတ်..."
"ခေါ်ပေးကွာ အရေးကြီးလို့"
"ရှင်… မမလေးက သူ့အမျိုးသားနဲ့ အိပ်နေတယ်… မခေါ်ပေးရဲဘူး"
"ဘာ… သူ့ယောက်ျားနဲ့ဟုတ်လား…"
"အင်းလေ… သူတို့ အိပ်နေကြတုန်းဘဲ''
"ဒီမှာ … ဒီမှာ ငါကမှ သူ့ယောက်ျား… မှတ်ထား ဒီကောင်မ ခု လင်ငယ်နဲ့ အိပ်နေတယ်ပေါ့…… တောက်… သေမယ့်သာမှတ်… ဟေ့… ဟေ့… ဒီမှာ… မင်း အခုချက်ချင်း အခန်းထဲဝင်ပြီး… ဒီင်္ကောင်မကိုရော… အကောင်ကိုရော… သတ်ပစ်စမ်းကွာ…"
(အိမ်ဖော်မလေး… ဆတ်ခနဲ တုန်သွားပြီးမှ)……
"ရှင်..!!!! ... မ... မ.. လုပ်ပါရစေနဲ့ရှင်"
"တောက်… နင်ပါသေချင်လို့လား… ငါအခုပြန်လာလိုက်ရ… ၃ လောင်းပြိုင် ဖြစ်သွားမယ်… နားလည်လား… သွားစမ်း သွားစမ်း အံဆွဲထဲမှာ သေနတ်ရှိတယ်… နှစ်ယောက်စလုံးကို ပစ်သတ်… ကြားလား… ဖြစ်သမျှ ငါရှင်းမယ်… သွားပစ်လိုက်စမ်း"
"ဟို… ဟိုလေ……"
"ဟိုလေ ဒီလေ လုပ်မနေနဲ့… ဘာလဲ နင်ပါသေချင်လို့လား"
"မဟုတ်ပါဘူးရှင်… သ… သ… သွားပါ့မယ်……"
(ခဏအကြာ… ဒိုင်းခနဲ သေနတ်သံနှစ်ချက် ကြားလိုက်ရသည်)။
"ပြီး… ပြီး… ပြီ.. ဘာ… ဘာဆက်လုပ်ရမှာလဲ ဟင်…"
"အေး… ပြီးရင်… ဂုန်နီအိတ်နဲ့ထုပ်ပြီး… အိမ်ရှေ့ ယူလာခဲ့… ပြီးရင်ပြော…"
(အနည်းငယ်ကြာပြီးနောက်……)
"ပြီးပြီ… ဆက်ပြော…"
"ပြီးရင်… အိမ်ရှေ့က ရေကန်ဘေးမှာ ခဏချထား… ငါပြန်လာမယ်… ကြားလား"
"ရှင်… ဘာကြီး……"
"ရေကန်ဟေ့… ရေကန်… နားလေးနေလား… ငါ ဒေါသထွက်နေရတဲ့အထဲ"
"ဟို… ဟိုလေ… အိမ်ရှေ့မှာ ရေကန်မရှိဘူးရှင့်"
"ဘာ… ဟုတ်လို့လား? ။ ဘာလို့မရှိရမှာလည်း ဟ"
"ဟုတ်… ဟုတ်… တကယ်ပြောနေတာပါရှင့်"
"ဒါ… ဒါဖြင့်… ခုပြောနေတဲ့ phone နံပါတ်က ဘယ်လောက်လဲ… ဟင်…"
"123456789 လေ……"
"ဗျာ……987654321 က မဟုတ်ဖူးလား… အဟင်း… ဘယ်လိုပြောရမလဲ…… sorry ပေါ့နော်… အဟင်း… ဟို… ဟိုလေ… phone မှားသွားလို့… သိလား… ဒါပဲနော်"
ဂလောက်…… တီ… တီ……
***** ***** ***** ***** *****
ဒီရယ်စရာလေးကို ကြားဖူးကြမလား မသိဘူးနော်။ ရယ်စရာဆန်ဆန် ဇာတ်လမ်းလေးကို နဲနဲ ပြန်လည် စမ်းသစ်ထားတာပါ။
ဒါပေမဲ့ တကယ်တန်း တွေးကြည့်လိုက်တော့ ရယ်အားထက် ငိုအားသန်ရမလိုပါဘဲ။ လူတဦးတယောက်ရဲ့ မစဉ်းစား မဆင်ခြင်ဘဲ ဒေါသအလျှောက် ပြုလုပ်လိုက်တာဟာ တဖက်သားအတွက် ဘယ်လောက် ဒုက္ခ ရောက်သွားစေနိုင်သလည်းဆိုတာ။ ကိစ္စတခုကို မပြောခင်၊ မလုပ်ခင် ဦးဆုံး သေချာ စဉ်းစားသင့်တာပေါ့။ တဖက်သား အခြေအနေကို ထဲ့မတွက်ပဲ ကိုယ့်ဖက်က လွယ်လွယ်တွေး၊ လွယ်လွယ်ဆုံးဖြတ်၊ ငါတကောကောနဲ့၊ ဒေါသရှေ့ထားပြီး လုပ်လိုက်တဲ့ အရာတခုဟာ တဖက်လူရဲ့ ဘဝတခုလုံးကို ထိခိုက်သွားစေတယ်၊ ပျက်စီး ဆုံးရှုံးသွားတတ်စေတယ် ဆိုတာ၊ ပြုသူအဟောင်း ဖြစ်သူအသစ် ဆိုသလို။ ခံလိုက်ရတဲ့ သူအတွက် မသက်သာလှပါဘူး။
ုပြီးတော့လည်း လွယ်လွယ်ကူကူ ဆောရီး ဆိုတဲ့ စကားတခွန်းနဲ့ သူ့ရဲ့ အမှားတွေ၊ အပြစ်တွေ ကျေပျက်သွားနိုင်ပါ့မလား။
တချို့များဆို ပိုဆိုးသေးရဲ့။ ကိုယ့်ဖက်က မှားမှန်းသိရက်နဲ့ ဆောရီး တခွန်းလေးတောင် တောင်းပန်ုခြင်းတောင် မရှိတဲ့သူမျိုး။
ကိုယ့်စေတနာတွေ အထင်လွဲခံရတာမျိုးနဲ့ တဖက်သတ် စီရင်ချက် ချခံလိုက်ရတာမျိုးတွေ ထပ်ပြီး ပေါင်းလိုက်ရင်တော့……
ဪ…… နေရင်းထိုင်ရင်း အကုသိုလ် ဝင်တယ် ထင်ပါရဲ့။
ချစ်တတ်လို့ မုန်းတတ်ကြတာ၊ မချစ်တတ်ရင်ရော… အမုန်းဆိုတာ ရှိအုံးမှာလား……
အချစ်ကြီးလို့ အမျက်ကြီးတယ်လို့လည်း ဆင်ခြေတွေ ပေးတတ်ကြသေးရဲ့။
မချစ်မမုန်းတာ အကောင်းဆုံးပါဘဲ။
Credit: kiki
Labels:
ဟာသ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment