မြန်မာ့ပထမဆုံး ရန်ကုန်စတော့အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း လက်တွေ့လုပ်ကိုင်မှုမှာ ၂၀၁၆ နှစ်ဆန်းတွင်မှ စတင်မည်ဖြစ်သည်။
(ဓာတ်ပုံ − စိုင်းဇော်)
"မြန်မာ့ပထမဆုံး စတော့အိတ်ချိန်း စတင်ဖွင့်လှစ်"
ရှယ်ယာရောင်းချခွင့်ရ ကုမ္ပဏီခြောက်ခုသည် ရှယ်ယာများကို ၂၀၁၆ နှစ် ဆန်းပိုင်းတွင်မှ စတင်ရောင်းခွင့်ရှိမည်
မြန်မာ့ပထမဆုံး ရန်ကုန်စတော့ အိတ်ချိန်းကို ဒီဇင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး ရှယ်ယာရောင်းချခွင့်ရရှိထား သည့် ကုမ္ပဏီခြောက်ခုသည် ၂၀၁၆ ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လတွင်မှ ရှယ်ယာများ စတင် ရောင်းခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်း ထောင့်ရှိ ယခင် မြဝတီဘဏ်ရုံးဟောင်း နေရာ၌ ဖွင့်လှစ်ခဲ့သော စတော့အိတ်ချိန်း ဈေးကွက်အတွက် ဂျပန်နိုင်ငံက ၄၉ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ၅၁ ရာခိုင်နှုန်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၃၁ ဘီလီယံ (ဒေါ်လာ ၂၄ သန်းကျော်) ရှိသည်ဟုဆိုသည်။ အစုရှယ်ယာ ရောင်းချခွင့်ရရှိသည့် ကုမ္ပဏီခြောက်ခုကို ဖွင့်ပွဲနေ့တွင် ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ကြေညာပေးခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းချခွင့် ရရှိသည့် ကုမ္ပဏီများမှာ FMI၊ ပထမ ပုဂ္ဂလိက အများပိုင်ကုမ္ပဏီ၊ GREAT HOR KHAM အများပိုင် ကုမ္ပဏီ၊ MAPCO အများပိုင် ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများဘဏ် အများပိုင်ကုမ္ပဏီနှင့် သီလဝါ အများပိုင်ကုမ္ပဏီတို့ဖြစ်ပြီး ယင်းကုမ္ပဏီများသည် လတ်တလောတွင် ပြည်တွင်း၌ ငွေကြေး၊ ဘဏ်ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားဆက်စပ် စီးပွားရေးလုပ်ငန်းများတွင် အဓိကလုပ် ကိုင်နေသည့် ကုမ္ပဏီများ ဖြစ်သည်။ အဆိုပါကုမ္ပဏီခြောက်ခု လုပ်ငန်းလည်ပတ်မှုများ စနစ်တကျ ဖြစ်စေရေး ဈေးကွက် စတင်ဖွင့်ဖွင့်ချင်းတွင် ရှယ်ယာများ ရောင်းချခွင့်ကို ချက်ချင်း ခွင့်မပြုခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကုမ္ပဏီများအနေဖြင့် ရှယ်ယာထုတ်ရောင်းခြင်းကို ယခု လာမည့် ၂၀၁၆ ဖေဖော်ဝါရီနှင့် မတ်လအတွင်း စတင် ခွင့်ပြုမည်ဖြစ်ပြီး လတ်တလောတွင် ရှယ်ယာရောင်းချမည့် ကုမ္ပဏီများကို ကြားခံဆောင်ရွက်ပေးမည့် ပြည်တွင်းနှင့် ပြည်ပ ဖက်စပ်လုပ်ကိုင်သည့် ကုမ္ပဏီ ၁၀ ခုကိုလည်း လိုင်စင်များ တစ်ခုချင်းစီ ထုတ်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
‘‘လောလောဆယ်တော့ listed ကုမ္ပဏီခြောက်ခုနဲ့စပြီး လည်ပတ်မယ်။ နောက်ပိုင်းတော့ ပိုများလာနိုင်တာပေါ့’’ ဟု ဒေါက်တာ မောင်မောင်သိမ်းက ဆက်လက်ပြောသည်။
ကြားခံအဖြစ် လုပ်ဆောင်ပေးသည့် Securities ကုမ္ပဏီ ၁၀ ခုထဲမှ လက်ရှိတွင် ကမ္ဘောဇ ကုမ္ပဏီကို လိုင်စင် စတင်ထုတ်ထားပေးပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ပြည်တွင်း၌ စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းတည်ထောင်ထားသည့် အများပိုင်ကုမ္ပဏီ ၂၅၀ ကျော်ရှိကာ အဆိုပါကုမ္ပဏီများ အားလုံးကို စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ခွင့်ပြုမည်မဟုတ်ဘဲ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က သတ်မှတ်ထားသည့် စံနှုန်းများ ပြည့်မီမှသာ ဝင်ရောက် လုပ်ကိုင်ခွင့် ရရှိမည်ဟု သတ်မှတ်ထားသည်။
‘‘ဘောလုံးလောင်းသူတွေ၊ ချဲလောင်းသူတွေ၊ အိမ်ခြံမြေ ကစားတဲ့သူတွေ ဒီစတော့အိတ်ချိန်းမှာ ပါဝင်ပတ်သက်လာမှာပါ။ ဖြစ်သလိုတော့ လုပ်လို့မရဘူး။ ကြီးကြပ်တဲ့ အဖွဲ့အစည်းတွေ အဆင့်ဆင့်ရှိတယ်။ ဒါကြောင့် အရင်းအနှီးတွေ ဒီထဲဝင်လာခဲ့ရင် နိုင်ငံတော်လည်း အကျိုးရှိမယ်၊ လူတွေလည်း အလုပ်အကိုင်ရမယ်၊ တိုင်းပြည်လည်း တိုးတက်တယ်’’ ဟု စတော့အိတ်ချိန်းတွင် Security ကုမ္ပဏီပုံစံဖြင့် ဝင်ရောက်လုပ်ကိုင်မည့် လွယ်ဟိန်းကုမ္ပဏီ ဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။
မိုးညို
Credit: 7day daily
Thursday, December 10, 2015
"မြန်မာ့ပထမဆုံး စတော့အိတ်ချိန်း စတင်ဖွင့်လှစ်"
Labels:
ပြည်တွင်း သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment