Monday, December 14, 2015

"ဆောင်းရာသီနဲ့ ကျန်းမာရေး"



Lutaw Lupyaw

"ဆောင်းရာသီနဲ့ ကျန်းမာရေး"

တစ်နှစ်တာရဲ့ နောက်ဆုံးလတစ်လဖြစ်တဲ့ ဒီဇင်ဘာလကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အအေးဓာတ်တွေ တစ်ဖြည်းဖြည်း ကြီးစိုးလာကာ ဆောင်းရာသီရဲ့သရုပ်တွေ ပေါ်လာပါပြီ။ အအေးဓာတ်တွေလွှမ်းနေတဲ့ အချိန်ကာလတွေမှာ လူကြီးလူငယ်မရွေး အနေအထိုင် အစားအသောက်ကို ဂရုစိုက်သင့်ပါတယ်။ ရာသီဥတုကိုလိုက်ပြီး လူတွေရဲ့ ဇီဝ ရုပ်လက္ခဏာတွေဟာလည်း ပြောင်းလဲတတ်ကြရာ အမှုမဲ့အမှတ်မဲ့ နေထိုင်မှုတွေက ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းမှုကို များစွာ သက်ရောက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

သက်ကြီးတို့နဲ့ ဆောင်းရာသီ

မိမိတို့အိမ်မှာ သက်ကြီးမိဘဘိုးဘွားများ ရှိနေရင် အခုလို အအေးဓာတ်ကြီးစိုးလာချိန်မှာ နွေးနွေးထွေးထွေး ဖြစ်စေဖို့ ဂရုစိုက်သင့်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ ငယ်ရွယ်စဉ်တုန်းကလို မကောင်းနိုင်တော့တာကြောင့် ကျန်းမာသန်စွမ်းတဲ့ မိမိတို့နဲ့ နှိုင်းယှဉ်ရင် အအေးဒဏ်ကို ပိုမိုခံစားရတတ်ကြပါတယ်။ ဒါကြောင့် သတိထားပြီး အနွေးဓာတ်လေး ကိန်းအောင်းနေစေဖို့ စီစဉ်ပြင်ဆင် ပေးထားသင့်ပါတယ်။ အခုလို ဆောင်းရာသီမှာ အများအားဖြင့် အအေးဒဏ်ကြောင့် ရုတ်တရက် လေဖျန်းတာတို့ အဖြစ်များတတ်ကြရာ ရေချိုးတာကအစ ဂရုစိုက်ပေးသင့်ပါတယ်။ အစားအစာကအစ အစာကြေညက်လွယ်စေတဲ့ အစားအစာမျိုးကို ကျွေးပေးသင့်သလို အစာမကြေမှုက အခုလို ဆောင်းရာသီမှာ ရာသီနဲ့လိုက်ပြီး ပိုပြီး မအီမသာ ခံစားရစေပါတယ်။

ကလေးတို့နဲ့ ဆောင်းရာသီ

ကလေးတို့အတွက် ဆောင်းရာသီဟာ မေမေဖေဖေတို့အတွက် အထူးဂရုစိုက်စရာ ဖြစ်ပါတယ်။ ကလေးတို့ဟာ နုနယ်လွန်းသလို ကိုယ်ခံအားစနစ်ကလည်း မဖွံ့ဖြိုးသေးတဲ့ အရွယ်တွေဖြစ်ကြရာ ရာသီဥတုရဲ့ အပူအအေးဒဏ်ကို လူကြီးတွေထက် ပိုမို ခံစားကြရပါတယ်။ နှာစေးချောင်းဆိုး အဖြစ်လွယ်တတ်ကြရာ သားသားမီးမီးတို့ ဖျားနာပြီဆိုရင် မေမေဖေဖေတို့လည်း အရမ်း ပင်ပန်းကြရပြီ ဖြစ်ပါတယ်။ သားငယ်သမီးငယ်တို့ရဲ့ ပင်ပန်းမှုဟာ မိခင်ဖခင်တို့ကို ပိုမိုနာကျင်ပင်ပန်းစေရာ အခုလို ဆောင်းရာသီမှာ အအေးဒဏ်မမိစေဖို့ သတိထားသင့်ပါတယ်။ ရေချိုးတာကအစ အချိန်မှန်ချိုးပေးခြင်း၊ ရေချိုးပေးပြီးရင် နွေးနွေးထွေးထွေးလေး ဝတ်ဆင်ပေးထားခြင်းဖြင့် အအေးဒဏ်ကြောင့် ဖြစ်လွယ်တဲ့ ရောဂါဘာယတို့ ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်။ အများအားဖြင့် အစာကြေလွယ်စေတဲ့ အစားအစာမျိုးကို ကျွေးသင့်သလို အစာမကြေခြင်းကြောင့် ဖြစ်တတ်တဲ့ ဝေဒနာခံစားမှုတို့လည်း လျော့ပါး ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်။

အမျိုးသမီးတို့ရဲ့ အလှအပနဲ့ ဆောင်းရာသီ

ဆောင်းရာသီဟာ အသားပတ်လွန်းတဲ့ ရာသီမျိုးဖြစ်ရာ အမျိုးသမီးတွေအနေနဲ့ အသားအရေနဲ့ အလှအပရေးရာတို့အတွက် ပိုမိုဂရုစိုက်သင့်တဲ့ ရာသီတစ်ခုလို့ ပြောရပါမယ်။ တစ်ချို့အမျိုးသမီးတွေမှာ အသားပတ်လွန်းတာကြောင့် မျက်နှာအလှကို များစွာ ထိခိုက်စေရာ တစ်ခါတစ်ရံ ဆောင်းရာသီဟာ ပျိုမေတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ရာသီ ဖြစ်ပါတယ်။ ဒီအတွက် မိမိတို့အသားအရေနဲ့ လိုက်ဖက်တဲ့ အသားလှဆီ တစ်မျိုးမျိုးကို ပြင်ဆင်သင့်ပြီ ဖြစ်ပါတယ်။ အပူများပြီး နှုတ်ခမ်းကွဲတတ်ကြရာ ရေများများသောက်ပြီး အပူနည်းစေဖို့ ဂရုစိုက်သင့်ပါတယ်။ အခုလို ရာသီမျိုးမှာ ဆံပင်တွေဟာလည်း ဂရုစိုက်ရမယ့် အကြောင်းအရာ တစ်ခုထဲမှာ ပါဝင်နေပြန်တယ်။ မိမိတို့ရဲ့ ဆံသားအနေအထားကိုလိုက်ပြီး ဆံပင်ကျန်းမာရေးနဲ့ ညီညွတ်စေဖို့လည်း သတိထားသင့်ပါတယ်။ တစ်ချို့က ခြေဖနောင့်ကွဲတတ်ကြရာ ခြေထောက်၊ လက်တို့ကို စိုပြေနေစေမယ့် အလှဆီတစ်မျိုးမျိုးကို လိမ်းပေးသင့်ပါတယ်။ အာဟာရပြည့်စေဖို့ အသီးအနှံများများ စားပေးသင့်သလို အခုလိုအေးတဲ့ရာသီမှာ ဆံနွယ်ရှည်တဲ့ အမျိုးသမီးတွေအနေနဲ့ ဂရုစိုက်ပြီး ခေါင်းလျော်သင့်ပါတယ်။ အသက်အရွယ်ငယ်ပေမယ့် လေဖျန်းတတ်တဲ့ သဘာဝမျိုးရှိရာ ခေါင်းလျော်ပြီးတဲ့အခါ ခြောက်သွေ့အောင် အသေအချာ ဂရုစိုက်သင့်သလို ရာသီအချိန်ကိုလိုက်ပြီး သင့်တင့်တဲ့အချိန်တွေမှာ ခေါင်းလျော်သင့်ပါတယ်။ ညည့်နက်မှ ခေါင်းလျော်တာတို့၊ မနက်စောစော လျော်တာတို့ကို သတိထားသင့်ပါတယ်။

လူငယ်တွေနဲ့ ဆောင်းရာသီ

တစ်ချို့လူငယ်တွေဟာ မိမိကိုယ်ကို ကျန်းမာရေးကောင်းသူများလို့ ယုံကြည်နေတတ်ကြရာ တစ်ခါတစ်ရံမှာ ရာသီဥတုကို အံတုပြီး လစ်လျှူရှုတတ်ကြတဲ့အခါ ရှိပါတယ်။ မိမိကိုယ်ကို နွေးနွေးထွေးထွေး မထားဘဲ အအေးဒဏ်ကို ရင်ဆိုင်တတ်ကြပါတယ်။ ဒါဟာ ကျန်းမာနေချိန်မှာ ကိုယ်ခံအားစနစ်ကြောင့် မသိသာပေမယ့် တစ်စုံတစ်ခုကြောင့် ကိုယ်ခံအား နည်းနေတဲ့အချိန်မှာ မိမိတို့ရဲ့အဆုတ်ကို များစွာ ဒုက္ခပေးပြီ ဖြစ်ပါတယ်။ ငယ်ရွယ်ပေမယ့် အခုလိုခေတ်မျိုးမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ လေဖျန်းသူတွေ များလှရာ မိမိတို့ကျန်းမာရေးအတွက် အထူးသတိထား ဆင်ခြင်စရာတွေဖြစ်ပါတယ်။ အချိန်လွန်မှ ရေချိုးခြင်းတို့ကို ရှောင်ရှားသင့်သလို အတတ်နိုင်ဆုံး အအေးဒဏ်ကို လစ်လျှရှုခြင်းအား ရှောင်ကြဉ်သင့်ပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ ကျန်းမာရေးအတွက် ညီညွတ်စွာနေထိုင်နိုင်ဖို့ ကျန်းမာရေး လေ့ကျင့်ခန်းတွေပါလုပ်ရင်း မိမိအတွက်သာမက မိသားစုရဲ့ ကျန်းမာရေးကိုပါ ကူညီ ဆောင်ရွက်ပေးနိုင်ကြစေဖို့ ဆောင်းရာသီနဲ့ ကျန်းမာရေးဆောင်းပါးကို ဖော်ပြပေးလိုက်ပါတယ်။

Credit: Yangon Life




No comments:

Post a Comment