"၀သူများကို မနှစ်သက်မှု မျိုးရိုးလိုက်တတ်ဟုဆို"
မိခင်ဖြစ်သူက ၀သူများကို မနှစ်သက်ပါက ကလေးငယ်များသည်လည်း ၀သူများကို မနှစ်သက်သူများ ဖြစ်လာတတ်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။
ကလေးငယ်များသည် အသက် သုံးနှစ် မတိုင်မီမှာပင် ၀သူများကို မနှစ်သက်သည့် အမြင်များ ရှိလာတတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။
နယူးဇီလန်နိုင်ငံရှိ အိုတာဂို တက္ကသိုလ်မှ ပါမောက္ခ တက်ဒ်ရက်ဖ်မန်းနှင့်အဖွဲ့က သုတေသန ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ပါမောက္ခ ရက်ဖ်မန်းနှင့် အဖွဲ့သည် ကလေးငယ် (၇၀) ဦးခန့်ကို လေ့လာမှု ပြုလုပ်ခဲ့သည်။
သုတေသန ပညာရှင်အဖွဲ့သည် ကလေးငယ်များ၏ မိခင်များအား ၀သူများနှင့် ပတ်သက်သော မေးခွန်းများကို ဖြေဆိုစေခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့၏ ကလေးငယ်များအား ခန္ဓာကိုယ် အရွယ်အစား အမျိုးမျိုး ရှိသူများ၏ ဓာတ်ပုံများကို ကြည့်ရှုစေခဲ့သည်။ ခန္ဓာကိုယ် အရွယ်အစားကို ပိုမိုအာရုံစိုက် စေလိုသောကြောင့် ဓာတ်ပုံများပါ မျက်နှာများကို ၀ါးထားခဲ့သည်။
မေးခွန်းလွှာ ဖြေဆိုမှုတွင် မိခင်များက ၀သူများအပေါ် မနှစ်ကြောင်း ဖြေဆိုလေ သားသမီးငယ်များက ၀သူများ၏ ခန္ဓာကိုယ်များကို မကြည့်ဘဲ ပိန်သူများ၏ ခန္ဓာကိုယ်ကို ပိုကြည့်လေ့ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ သုတေသန ပညာရှင်များသည် အခြား အကြောင်းတရားများကိုလည်း လေ့လာခဲ့သေးသည်။
မိဘများ၏ ခန္ဓာကိုယ်အလေးချိန်၊ ပညာရေးနှင့် ကလေးငယ်၏ ရုပ်မြင်သံကြား ကြည့်သည့် အကျင့်များကိုလည်း လေ့လာခဲ့ရာ ကလေးငယ်များ၏ ၀သူများပေါ် ထားရှိသော အမြင်နှင့် ဆက်စပ်မှုမရှိကြောင်း တွေ့ရှိခဲ့သည်။
မိခင်များကို အပြစ်တင်ရန် ယခုလေ့လာမှုကို ပြုလုပ်ခြင်း မဟုတ်ဘဲ မိခင်များသည် သားသမီးများအတွက် အဓိက ပြုစုစောင့်ရှောက်သူ ဖြစ်နေသောကြောင့် မိခင်၏ အမြင်များက သားသမီးများအပေါ် လွှမ်းမိုးသွားခြင်းသာဖြစ်ကြောင်း ပါမောက္ခ ရက်ဖ်မန်းက ပြောဆိုသည်။ ယခုတွေ့ရှိမှု စမ်းသပ်ကလေး စိတ်ပညာ ဂျာနယ်တွင် ဖော်ပြထားသည်။
မွန်ရဲ
Credit: messenger
Tuesday, December 1, 2015
"၀သူများကို မနှစ်သက်မှု မျိုးရိုးလိုက်တတ်ဟုဆို"
Labels:
အတွေးအမြင်
Location:
Lewe, Myanmar (Burma)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment