Lutaw Lupyaw
"အချစ်စစ်နဲ့ အိမ်ထောင်ဖက် (၁)"
သမီးရည်းစားအဆင့်မှာတောင် မပျော်ရွှင်ရရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို သူနဲ့ ထူထောင်နိုင်ပါ့မလား။ ကျွန်မ ခံစားခဲ့ရဖူးတဲ့ အချစ်စစ်ကို မျှဝေလိုက်မယ်နော်။ ဘယ်ဝတ္ထုစာအုပ်ကမှ ကူးချထားတာ မဟုတ်ဘူး။ ကိုယ်တိုင်ခံစားရချိန်တွေမှာ အမှတ်တရဖြစ်အောင် ချရေးခဲ့တဲ့ တချိန်က မှတ်တမ်းတွေပေါ့။ ဘဝမှတ်တမ်းတခုအဖြစ် အမှတ်တရ သိမ်းထားဆဲလေ။
အချစ်ဆိုတာ ကိုယ်ကခိုင်းစေလို့မရဘဲ ကိုယ့်ကိုသာ အမျိုးမျိုး ခိုင်းစေသွားတာပါ။
အချစ်ဆိုတာ စတင်ခြင်း၊ ပြီးဆုံးခြင်းတွေကို ဖန်တီးယူလို့မရဘူး။
အချစ်ဆိုတာ တကယ်စစ်မှန်ရင် တူညီတဲ့ခံစားမှု (အချစ်ဆိုတာမျိုး) နောက်ထပ် လုံးဝ မရှိနိုင်တော့ဘူး။
အချစ်ဆိုတာ နီးခြင်း၊ ဝေးခြင်းတွေကြောင့် ပြောင်းလဲသွားတာမျိုး မရှိဘူး။
အချစ်ဆိုတာ အချိန်ကာလတွေအပေါ် မူတည်ပြီး ဟောင်းနွမ်း မပျောက်ကွယ်သွားနိုင်ဘူး။
အချစ်ဆိုတာ ရယူလိုခြင်း၊ ပေးဆပ်လိုခြင်း စတဲ့ အစွန်းနှစ်ဘက် ခံစားချက်တွေအပြင် အစွန်းနှစ်ဘက်အကြားက ခံစားချက်တွေလဲ ဖြစ်ပေါ်စေတယ်။
အချစ်စစ်မှန်ရင် နိမ့်ခြင်း၊ မြင့်ခြင်းနဲ့ အရာရာအပေါ် မူတည်လို့ လုံးဝ မပြောင်းလဲနိုင်သလို ဒီလိုကွာဟမှုတွေကိုလဲ မမြင်တော့ဘူး။
အချစ်ဆိုတာ ပေါင်းစပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကြောင့်မဟုတ်ဘဲ ဘယ်လိုမှ မပေါင်းစပ်နိုင်တော့တာ ယုံကြည် လက်ခံနေရက်က မေ့ပျောက်မရ၊ စူးစူးနစ်နစ် ခံစားချစ်မိနေတယ်။
အချစ်ဆိုတာ နာကြည်းသင့်မှန်း၊ မုန်းမေ့လိုက်သင့်မှန်း သိနေရက်က ဘယ်လိုမှ မနာကြည်းနိုင်၊ မမုန်းနိုင်တဲ့ အဖြစ်မျိုးနဲ့ ရှင်သန်စေတယ်။
အချစ်ဆိုတာ နီးစပ်နေတဲ့အခါ ပြီးပြည့်စုံသော ဘဝအဓိပ္ပါယ်ကို ခံစားစေနိုင်သလို ဝေးသွားတဲ့အခါ ဘာကို ဘယ်လိုလုပ်လုပ် အဓိပ္ပါယ် မရှိတော့ဘူးလို့လည်း ယုံကြည်သွားစေတယ်။
အချစ်ဆိုတာ အထူးဆန်းဆုံးနဲ့ အင်အားအကြီးဆုံး စိတ်ခံစားမှုဖြစ်ပြီး အဲဒီ အချစ်ကြောင့် အရာရာကို ရင်ဆိုင်သွားနိုင်သလို ကိုယ့်ဘဝထဲက အရာရာကိုလည်း ပျက်စီးသွားစေနိုင်တယ်။
အပေါ်ကအချက်တွေထဲက တစ်ချက်တည်း ကွက် ခံစားနေရင် (သို့မဟုတ်) အချက်အနည်းငယ် ကိုက်ညီနေလို့ဆိုပြီး အချစ်စစ်လို့ မတွက်လိုက်ပါနဲ့။ စိတ်ကစားတာနဲ့ ကြိုက်မိတာလည်း ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်က သူ့ကို ချစ်မိပြီလို့ ယုံကြည်မိနေတာကိုး။ ဒါပေမယ့် အပေါ်က အချက်တွေအားလုံးကို တကယ်ခံစားရပြီဆို အချစ်စစ်မှ အချစ်စစ်ပဲနော်။ အချစ်စစ်အတွက် ခံစားချက်တွေ လိုနေသေးရင် Comment မှာ ထပ်ဖြည့်ရေးပေးနိုင်ပါတယ်။ ကိုယ်ခံစားရတဲ့အချစ်စစ် သူများလည်း သိတာပေါ့။
Credit: ရတု (burmesehearts.com)
Lutaw Lupyaw
No comments:
Post a Comment