Lutaw Lupyaw
"လူတွေ အမှားလုပ်တတ်ကြတဲ့ အကြောင်း"
တခါတလေ တွေးမိတယ် လူတွေ အမှားလုပ်တတ်ကြတဲ့ အကြောင်းလေ။ လူကြီးတွေ ပြောနေကျကတော့ “အမည်းစက်ဆိုတာ ဖျတ်လို့မရဘူး” တဲ့။ ဒါပေမယ့် "မမှားသော ရှေ့နေ မသေသော ဆေးသမား" ဆိုသလို လူတိုင်းက မှားဖူးကြတာချည်းပါပဲ။ ကိုယ့်ဘက်က အဲဒီရဲ့ အမှားကို လက်ခံနိုင်လား၊ လက်မခံနိုင်ဘူးလား၊ ခွင့်လွှတ်မှာလား၊ စွဲမှတ်ထားပြီး ခွင့်မလွှတ်နိုင်တော့ဘူးလား။ တကယ်ပဲ အမှားဆိုတဲ့ အမည်းစက်ဟာ ဖျောက်ဖျက်ပစ်လို့ မရဘူးလား။
ကိုယ့်အပေါ် တယောက်ယောက်က အမှားလုပ်လို့ ကိုယ်က အရမ်းနာကျည်းရတယ်။ ဒါပေမယ့် စိတ်ဆိုး နာကျည်းနေရုံနဲ့ မပြီးဘူး။ ခွင့်လွှတ်သင့်မသင့်လည်း ဆုံးဖြတ်ဖို့
လိုလာတယ်။ ဒီလို အခါမျိုးမှာဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကို သိသလောက် ပြောပြချင်ပါတယ်။ တတ်လို့ရယ်သဘောမထားဘဲ ကျနော် ဆွေးနွေးခြင်းလို့ ယူဆစေချင်ပါတယ်။
နံပါတ် (၁)
တစ်ခါခိုးဖူးတဲ့လူကို နောက်တခါလည်း ခိုးဦးမှာပဲ။ သူခိုးပဲဆိုပြီး လူတွေက တေးမှတ်ထားတတ်ကြပါတယ်။ ဘာကြောင့်ခိုးတာလည်း ဆိုတာကို သိပ်ပြီး စိတ်ထဲ မထားတတ်ကြပါဘူး။ တော်ရုံလည်း မသိချင်ကြပါဘူး။ အခု ဒီအမှားကို လုပ်ဖူးရင် နောက်လည်း ဒီအမှားကို ထပ်လုပ်ဖို့ ၀န်လေးမှာ မဟုတ်တော့ဘူးလို့ မှတ်ယူတတ်ကြပါတယ်။ အမှန်တကယ်က အကြောင်းတရားထက် အဲဒီ အကြောင်းတရားကို ဖြစ်စေတဲ့ အကျိုးတရားက ပိုပြီး ချက်ကျတဲ့ နေရာပါ။ အဲဒီ လူတစ်ယောက် ဘာကြောင့် ဒီအမှားကို ပြုရတယ်ဆိုတာကို သိအောင် အရင်လုပ်ပြီးမှ အဲဒီလူကို ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် ပိုပြီး အဓိပါယ်ရှိတာပေါ့။ ဒီတော့ ပြောချင်တာက ခွင့်လွှတ်သင့်မသင့် ဆုံးဖြတ်ရင် "အဲဒီလူ ဒီအမှားကို ဘာကြောင့်လုပ်ရတာလည်း" ဆိုတာ အရင်ဆုံး ထည့်သွင်း စဉ်းစားပေါ့နော်။
နံပါတ် (၂)
သူ အမှားလုပ်ရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို သိပြီး ချင့်ချိန်ပြီးလို့တောင်မှ ကိုယ်က သူ့ကို ဒီအတွက် ခွင့်မလွှတ်နိုင်သေးဘူးဆိုရင် နောက်တစ်ဆင့်တက်ပြီး ဆုံးဖြတ်ရမှာက "သူလုပ်လိုက်တဲ့ အမှားက ကိုယ့်အတွက် (ဒါမှမဟုတ်) တစ်စုံတစ်ယောက်အတွက် ဘယ်လောက်များ ထိခိုက်နစ်နာသွားရလဲ" ဆိုတာကို ထည့်သွင်း စဉ်းစားရမယ်။ ဥပမာ ဒီလူလုပ်လိုက်တဲ့အမှားက စိတ်တော့ဆိုးစရာပဲ။ ဒါပေမယ့် သူ့ကြောင့် ဘယ်လောက်မှ များများစားစား ထိခိုက်ဆုံးရှုံးမှု ဖြစ်မသွားခဲ့ဘူးဆိုရင် "ချစ်စကိုရှည်စေ မုန်းစကိုတိုစေ" ဆိုသလို ခွင့်လွှတ် နားလည်ပေးသင့်တယ်လို့ ထင်ပါတယ်။
နံပါတ် (၃)
တကယ်လို့ သူက ထိခိုက်နစ်နာမှု များများစားစားပေးခဲ့လို့ သူ့ကို ခွင့်မလွှတ်နိုင်ဘူးဆိုရင် နောက်ထပ် တစ်ဆင့်တက်ပြီး ထည့်သွင်းစဉ်းစားရမှာက "သူ့ရဲ့ တာဝန်ယူတဲ့စိတ်ဓာတ်၊ သူ့ရဲ့ အမှားကို
သူ နောင်တရ ၀မ်းနည်းခြင်းရှိမရှိပေါ့"။ သူကသာ သူ့အမှားကို သူသိလို့ သူတာဝန်ယူပါမယ်၊ ဒါမှမဟုတ် တာဝန်ယူလို့မရတဲ့ အမှားမျိုးဆိုရင်လည်း သူတကယ် နောင်တရပြီး သူ့အမှားတွေကို သူ ၀န်ချ တောင်းပန်ခဲ့မယ်ဆိုရင် သူ့စိတ်က တကယ်ကို လိုလိုလားလားနဲ့ နောက်မဖြစ်တော့အောင် ဂတိတွေ အထပ်ထပ်ပေးနေမယ် ဆိုရင်တော့ ခွင့်လွှတ်ပေးဖို့ သင့်တယ်လို့ ထင်ပါတယ်။
လူတိုင်းဟာ မှားတတ်ကြပါတယ်။ သူဘက်ကလည်း ကိုယ်ချင်းစာမိလို့ ဒီလိုမျိုးအနူးအညွတ် တောင်းပန်နေတာပေါ့။
မဟုတ်ဘူးလား ကိုယ်သာဆိုရင်လည်း ဒီလောက်တောင် စိတ်ရင်းမှန်နဲ့ ၀န်ခံဂတိတွေပေးနေပြီးရင် သူများက ကိုယ့်အပေါ် ကျေအေးပေးတာပဲ လိုချင်မှာပေါ့။ ဒီလိုလေး ကိုယ်ချင်းစာပေးသင့်တယ်လို့ ထင်ပါတယ်။ မဟုတ်ရင် ဒေါသဖြစ်နေရတဲ့ ကိုယ်တို့ပဲ ဆက်ပြီး စိတ်ဆင်းရဲနေကြရမှာပေါ့။
နံပါတ် (၄)
ဒီလို အထက်က အဆင့် (၃) ဆင့်လုံးကို ထည့်သွင်းစဉ်းစားပြီးကာမှ ကိုယ့်ဘက်က
မကြေအေးနိုင်သေးဘူး၊ ခွင့်မလွှတ်ပေးနိုင်သေးဘူး ဆိုရင် နောက်ဆုံးအဆင့် အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်ပါ။ “ငါ သူ့ကို ခွင့်မလွှတ်ပဲနဲ့ တသက်လုံး နေသွားနိုင်မှာလား”။ ပြီးရင် ကိုယ့်ဘာကိုယ် ပြန်ဖြေတဲ့အဖြေက မတင်မကျနဲ့ “တသက်လုံးတော့ နေမသွားနိုင်ဘူး။ ဒါပေမယ့်
ခဏတဖြုတ်တော့ ဆက်ပြီး မကြေအေးပဲ ထားလိုက်ဦးမယ်” ဆိုတဲ့ အဖြေမျိုး ရလာရင် မလုပ်ပါနဲ့။ ဒီအတွေးကို ဖျောက်လိုက်ပါ။ ဘာလို့လဲဆိုတော့ ကိုယ် သူ့ကို စိတ်ဆိုးပြေတဲ့အခါ၊ ခွင့်လွှတ်လိုက်တဲ့အခါကျရင်
အချိန်နှောင်းသွားနိုင်တယ်။ ဒါကြောင့် တစ်သက်လုံး စိတ်ဆိုးမနေနိုင်ဘူးဆိုရင် အခုလည်း စိတ်ဆိုးမနေပါနဲ့တော့။
နံပါတ် (၅)
ဒါမှမဟုတ် သူ့ရဲ့ အမှားက ကြီးမားလွန်းလို့ ခွင့်မလွှတ်သင့်တော့ဘူး ဆိုရင်တော့ ခွင့်လွှတ်စရာ မလိုပါဘူး ဒါပေမယ့် "ကိုယ့်ကိုကိုယ် အပင်ပန်းခံပြီး သူ့ကို စိတ်ဆိုးမနေပါနဲ့တော့။ သူ့ကို ကိုယ့်ဘ၀ထဲက ဆွဲထုတ်ပစ်လိုက်ပါ"။ ဖြစ်ခဲ့တဲ့ အကြောင်းတွေနဲ့ သူနဲ့ ပတ်သက်သမျှကို တတ်နိုင် သလောက် ကြိုးစား မေ့ဖျောက်ပစ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။
လူတိုင်းလုပ်နိုင်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ သို့သော်လည်း အမှားဆိုတာမျိုးက လူတိုင်းလည်း မကင်းနိုင်ဘူးလေ။ အရာရာက ကိုယ်စိတ် ထားတတ်ဖို့ဘဲ လိုပါတယ်။
ချစ်ခင်လေးစားလျှက်
Credit: ကိုလင်း (1919)
Lutaw Lupyaw
No comments:
Post a Comment