Friday, December 11, 2015

"လူမှုရေးအရ အရက်သောက်တတ်သူတွေဟာ ပိုမိုဆွဲဆောင်မှု ရှိကြ"


"လူမှုရေးအရ အရက်သောက်တတ်သူတွေဟာ ပိုမိုဆွဲဆောင်မှု ရှိကြ"

အရက်သောက်ခြင်းကြောင့် သင်ဟာ အခြားလူတွေကို ပိုမို ဆွဲဆောင်နိုင်စွမ်း ရှိလာစေနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြလိုက်ပါတယ်။

Houston တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ လူမှုရေးအရ အရက်သောက်တတ်ကြောင်း ၀န်ခံထားတဲ့ ကောလိပ်ကျောင်းသားတွေဟာ အရက်လုံးဝ မသောက်တတ်သူတွေထက် ပိုမို ဆွဲဆောင်မှုရှိတယ်ဆိုတာကို ရှာဖွေ တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် တစ်ခုရှိတာကတော့ အရက်ကို အလွန်အကျွံသောက်သုံးသူတွေဟာ ဆွဲဆောင်မှု နည်းကြပါတယ်။ ဒီသက်ရောက်မှုဟာ လူမှု အဖွဲ့အစည်းရဲ့ သဘောတရားအရ ဖြစ်ပေါ်လာတယ်လို့ မှတ်ယူလို့ရနိုင်ပါတယ်။ အနောက်နိုင်ငံ အများစုမှာတော့ အရက်သောက်ခြင်းဟာ "အထာကျ" တဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်နေလို့ပါ။

ဆေးလိပ်သောက်ခြင်းလို အလေ့အကျင့်တွေဟာ လူမှုရေးအရ လက်ခံနိုင်စွမ်း မရှိတဲ့အချိန်မျိုးမှာ Mad Men လို တီဗွီစီးရီးတွေဟာလည်း အရက်သောက်ခြင်းကို စတိုင်ကျတဲ့ လုပ်ဆောင်မှုတစ်ခုလို မြင်လာအောင် ဖန်တီးပေးနေပါတယ်။ ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် အရက်သောက်ခြင်းဟာ လုံးမသောက်ခြင်းထက်တော့ ပိုပြီး ဆွဲဆောင်မှုရှိနေပါတယ်။

ထိုသုတေသနမှာတော့ ဘွဲ့မရသေးတဲ့ ကျောင်းသား ၅၉၄ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ လေ့လာမှုအရတော့ ကျောင်းသားတွေကို ဆန့်ကျင်ဘက် လိင်အမျိုးစား လူပုဂ္ဂိုလ် ၂၅ ယောက်ရဲ့ ဓါတ်ပုံ ၂၅ ပုံကို ပြခဲ့ပြီး ဓါတ်ပုံတိုင်းမှာလည်း သူတို့ရဲ့ အရက်သောက်တတ်တဲ့ အမူအကျင့် အခြေအနေတွေကို ရေးသားပြထားပါတယ်။

ကျောင်းသားတွေဟာ သူတို့ကိုပြသထားတဲ့ မျက်နှာတိုင်းရဲ့ ဆွဲဆောင်မှုရှိနှုန်း ၊ အသိဥာဏ်ရှိနှုန်း ၊ သဘောကျစရာ ကောင်းနှုန်းတို့ကို ၀-၇ စကေးလ်နဲ့ တိုင်းတာဆုံးဖြတ်စေခဲ့ပါတယ်။ လူမှုရေးအရ အရက်သောက်သုံးလေ့ ရှိသူတွေဟာ ၃.၆၉ မှတ်နဲ့ ဆွဲဆောင်မှု အရှိဆုံးဖြစ်ခဲ့ပြီး တစ်ခါတစ်လေမှ အရက်သောက်တတ်သူတွေကတော့ ၃.၄၂ မှတ်ရခဲ့ပါတယ်။ လုံးဝ အရက်မသောက်တတ်သူတွေကတော့ ၃.၂၇ မှတ်ရရှိခဲ့ပါတယ်။ အလွံအကျွံ သောက်သုံးသူတွေကတော့ ၂.၈၆ မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာမှုကိုတော့ Addictive Behaviors ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

သစ်ထူးလွင်(ကျန်းမာရေး)

No comments:

Post a Comment