Wednesday, December 9, 2015
"မတူညီတဲ့ပျော်ရွှင်မှု"
"မတူညီတဲ့ပျော်ရွှင်မှု"
ဘဝမှာ လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှင်သန်နေထိုင်ကြရာ ပျော်ရွှင်မှုဆိုတာကို အနည်းနဲ့အများ ခံစားကြရပါတယ်။ တစ်ချို့က ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာလို့ ပျော်ရွှင်ကျေနပ်သူရှိသလို တစ်ချို့က ပညာတတ်မြောက်လို့ ပျော်ရွှင် ကျေနပ်နေကြသူတွေ ရှိကြပါတယ်။ တစ်ချို့က အောင်မြင်လို့ ပျော်ရွှင်ကျေနပ်နေကြတယ်။ ဒါပေမယ့် လူတွေရဲ့ပျော်ရွှင်မှုပုံစံတွေဟာ မတူညီကြပါ။ အနှစ်သာရချင်းလည်း ကွာခြားပါတယ်။
လူတွေမှာ မိမိတို့ရဲ့ ကိစ္စရပ်များစွာနဲ့ပတ်သက်ပြီး စိတ်ပင်ပန်းမှုတို့ ရှိသလို စိတ်ပျော်ရွှင်မှုဆိုတာလည်း ရှိပါတယ်။ တစ်ချို့က ဘဝမှာ ပျော်ရွှင်မှုတွေနည်းပါးလွန်းပြီး စိတ်ပင်ပန်းမှုတွေဘဲ ပိုများတယ်လို့ ဆိုကြပါတယ်။ မိသားစုအရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုဆက်ဆံရေး၊ လုပ်ငန်းခွင်ဆက်ဆံရေး အစရှိတဲ့ ဆက်ဆံရေး အမျိုးမျိုးတို့မှာ ပင်ပန်းမှု၊ ပျော်ရွှင်မှုတို့ဆိုတာ အမြဲ ဒွန်တွဲလျက် ရှိနေကြပါတယ်။ ဒါပေမယ့် အများစုဟာ ပင်ပန်းမှုတွေကိုသာ ထွေးပိုက်ထားကြပြီး ပျော်ရွှင်မှုကို ဖမ်းဆုပ်ဖို့ မေ့လျော့နေတတ်ကြတာ များပါတယ်။ ပင်ပန်းမှုတွေထဲ နစ်မြှုပ်နေရင်း နေ့ရက်များစွာရဲ့ တိုက်စားမှုအောက်မှာ ပျော်ရွှင်မှုဆိုတဲ့ အရသာကို မသိဘဲ ပြီးဆုံးသွားကြသူတွေ ရှိကြပါတယ်။ အမှန်တကယ်တော့ ဘဝမှာ မိမိရဲ့ကိုယ်စိတ်နှစ်ပါးကို ရွှင်လန်းစေတဲ့ ပျော်ရွှင်မှုဆိုတဲ့ ရသကို ဖမ်းဆုပ်နိုင်မှုဟာ မိမိအပေါ်မှာသာ မူတည်ပြီး မိမိကိုယ်ကို ပျော်ရွှင်အောင် ထားနိုင်ဖို့က မိမိမှာသာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။
သူတစ်ပါးကြောင့် စိတ်ချမ်းသာရတယ်၊ ပျော်ရွှင်ရတယ်ဆိုတာ ခိုင်မြဲတဲ့ပျော်ရွှင်မှု မဟုတ်ပါ။ သူတို့မပေးနိုင်တဲ့ အချိန်မှာ ကိုယ်တို့ဘဝဟာ မပျော်ရွှင်ရတော့ဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်စေနိုင်ပါတယ်။ မိမိကိုယ်ကို ပျော်ရွှင်အောင် ဖန်တီးနိုင်မှုကသာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိနိုင်တာ ဖြစ်ပါတယ်။ မိမိရဲ့ပျော်ရွှင်မှုအတွက် သူတစ်ပါးကို မှီခိုရခြင်းဟာ စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ အလှမ်း ဝေးစေတတ်ပါတယ်။ သူတစ်ပါးကို အားကိုးပြီး ပျော်ရွှင်မှု့ကို ရှာဖွေခြင်းက မိမိကိုယ့်ကို အရမ်း ပင်ပန်းစေပါတယ်။ မိမိမျော်လင့်သူရဲ့ လွှမ်းမိုးမှုအောက်မှာ နစ်မျောရင်း ပင်ပန်းမှုကို ခံစားကြရပါတယ်။ တကယ့်တော့ လူတွေဟာ မိမိရရှိနေတဲ့ အရာဟာ ပင်ပန်းမှုလား၊ ပျော်ရွှင်ရမှုလား တကယ်ခွဲခြားနိုင်သူ နည်းပါတယ်။
မိသားစုထဲမှာလည်း ပင်ပန်းရမှုတွေ၊ ပျော်ရွှင်ရမှုတွေ ရှိကြပါတယ်။ ဒါပေမယ့် ဖြစ်ပေါ်လာတဲ့ အခက်အခဲပင်ပန်းမှုတွေကို အကောင်းဆုံး ရင်ဆိုင်ကျော်လွှား ဖြေရှင်းနိုင်မှုတို့က ပင်ပန်းမှုတို့ကို ပြေပျောက်စေပြီး စိတ်လက်ပျော်ရွှင်မှုကို ပြန်လည် ဖမ်းဆုပ်ကိုင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ မိသားစုထဲမှာ မိသားစုဝင်တွေဟာ တစ်ဦးနဲ့တစ်ဦး တူညီတဲ့သဘောထား မရှိနိုင်ပါ။ မတူညီတဲ့ စိတ်ထားတွေနဲ့ ပေါင်းစည်းထားတာကြောင့် အုပ်ထိန်းသူဖြစ်တဲ့ မိခင်ဖခင်တို့ဟာ သားသမီးတို့ကြား ဖြစ်ပျက်လာတဲ့ ပြသနာရပ်တွေကို ရှုထောင့်အမျိုးမျိုးက သုံးသပ် ဖြေရှင်းပေးကြပြီး ပြန်လည် ပေါင်းစည်းပျော်ရွှင်ဖို့ အားထုတ်ကြရပါတယ်။ ပျော်ရွှင်တဲ့ မိသားစုတစ်စု ဖြစ်နေမှ အရာရာကို ရင်ဆိုင် ကျော်လွှားနိုင်ပြီး မိသားစုအကျိုးကို သယ်ပိုးနိုင်တာ ဖြစ်ပါတယ်။ သင်းကွဲတဲ့နွား ကျားဆွဲဆိုသလို မိသားစုတစ်စုမှာ သဘောထား ပြိုကွဲနေရင် ပြင်ပလူတွေရဲ့ စော်ကားမှုကို ခံစားရနိုင်တာကြောင့် မိသားစုရဲ့ ပျော်ရွှင်စည်းလုံးမှုကို ဖမ်းဆုပ်ထားသင့်ပါတယ်။
မိတ်ဆွေသူငယ်ချင်းတို့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေး တို့မှာလည်း ပင်ပန်းမှုတို့ကို အတူလက်တွဲ ရင်ဆိုင်ဖြေရှင်းပြီး ပျော်ရွှင်မှုတစ်ခုကို အတူတူ ရယူခံစားနိုင်ခြင်းဟာ ခိုင်မြဲတဲ့ ပျော်ရွှင်မှုအစစ်ကို ရရှိနိုင်ပါတယ်။ စည်းလုံးစွာ လုပ်ဆောင်နိုင်ခြင်းဟာ ပင်ပန်းမှုဆိုတဲ့ အခက်အခဲတွေကို လွယ်ကူစွာ ကျော်လွှားနိုင်ခြင်း အားတစ်မျိုးဖြစ်ပြီး အောင်မြင်မှုကို ထူထောင်နိုင်ခြင်းပင်.ဖြစ်ပါတယ်။ လူတွေမှာ စိတ်မပျော်ရွှင်နိုင်ဘဲ ဘယ်အလုပ်မဆို အလုပ်လုပ်ရတာ မတွင်ကျယ်နိုင်ပါ။ ဒါဟာ သတိထားစရာတွေ ဖြစ်ပါတယ်။ မိမိတစ်ကိုယ်တည်း သက်သာရေးကို ရှေးရှုပြီး ခေါင်းရှောင်ခြင်းဟာ ရေရှည်မှာ မိမိရဲ့စွမ်းရည်ကိုသာ ကျစေပြီး မိမိကိုယ်ကိုသာ ထိခိုက်စေတာကြောင့် မိတ်ဆွေသူယ်ချင်းတို့နဲ့ ပူးပေါင်း လုပ်ဆောင်မှုတို့မှာ စစ်မှန်တဲ့ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်ဖို့ သတိထားစရာ သော့ချက် တစ်ခုဖြစ်ပါတယ်။
လုပ်ငန်းခွင် ပူးပေါင်း ဆောင်ရွက်မှုတို့မှာလည်း ပင်ပန်းမှု၊ ပျော်ရွှင်မှုတို့ဆိုတာ အမြဲ ဒွန်တွဲလျက်ရှိကြပါတယ်။ လူတွေမှာ မိမိကြောင့် သူတစ်ပါးကို အကျိုးဆောင်လိုက်နိုင်ခြင်းကြောင့် ရရှိခံစားရတဲ့ ပျော်ရွှင်မှုဟာ အခြားပျော်ရွှင်မှု အရသာမျိုးနဲ့ မတူညီပါ။ မိမိတစ်ယောက်တည်းက အများစုအတွက် အထောက်အကူ ပြုနိုင်ခြင်းဟာ ရင်ထဲမှာ ခိုင်မာတဲ့ ပျော်ရွှင်မှုတစ်ခုခုကို တစ်စိ့မ်စိ့မ် ခံစားစေပြီး ဒီလို ခံစားမှုမျိုး အနည်းစုလူတွေသာ ခံစားနိုင်ကြပါတယ်။
လုပ်ငန်းခွင်မှာ မိမိလက်အောက်ငယ်သားတွေအပေါ် ခိုင်မာစွာ ရပ်တည်ပေးနိုင်တဲ့ လူတွေဟာ ငယ်သားတွေရဲ့ အားကိုးချစ်ခင်ခြင်း ခံရတဲ့လူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းပီသစွာ မိမိအရေးထက် လက်အောက်ငယ်သားတို့ရဲ့ အရေးကို ဦးစားပေးသူတွေ ဖြစ်ပါတယ်။ ခေါင်းဆောင်ပီသစွာ ကာကွယ်စောင့်ရှောက် ပေးနိုင်သူတွေ ဖြစ်ပါတယ်။ ဒီလိုလူမျိုးမှာ မတူညီတဲ့ ပျော်ရွင်မှုတွေ စီးမျောနေတတ်ပြီး အများအတွက် အလုပ်လုပ်ရတာကို ကျေနပ်ပျော်မွေ့နေသူဖြစ်ပြီး ဒီလိုပျော်ရွှင်မှုကို ရယူနိုင်သူ နည်းပါးပါတယ်။
ပျော်ရွှင်မှုဆိုတာ ပုံစံအမျိုးမျိုးရှိရာ မိမိရရှိနေတဲ့ ပျော်ရွှင်မှုဟာ မိမိအတွက် ဘယ်လိုပျော်ရွှင်မှုလဲ ဆင်ခြင်သုံးသပ်နိုင်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
Credit: Yangon Life
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment