Monday, April 4, 2016
"ကံကောင်းမဲ့ အချိန်"
"ကံကောင်းမဲ့ အချိန်"
တစ်ခါတစ်လေ “ကံ” ဆိုတာကို ကိုယ်က ကြိုးစားပေမဲ့ ဘယ်လိုမှ ကံကောင်းမဲ့ အချိန် မရောက်သေးရင် ဘယ်လိုမှ မဖြစ်မြောက်နိုင်သေးဘူး။ ဒါကို မြန်မာ စကားလေးက ဒီလိုလည်း ဆိုထားတယ်။
“ကံမရှိ ဥာဏ်ရှိတိုင်းမွဲ” တဲ့။ ဒါပေမဲ့ ကံမကောင်းသေးလို့။ ဒါဆို ဘာမှ မလုပ်ရတော့ဘူးလား။ ဒီလိုလည်း မဟုတ်ပါ။ ဒီအတွက် လုံလဖြင့် ကြိုးစားသူတွေအတွက် ကြိုးစားသလောက် လောကကပေးသော ဆုများရှိပါသည်။ ဒါကို စကားပုံလေးက ဒီလို ဆိုတယ်။
“လုံလအကျိုး ကံထက်ဝက်” တဲ့။ ဟုတ်တယ် လုံလဖြင့် စိုက်ထုတ်ကြိုးစားသူဟာ ကံမကောင်းဘူးပဲ ထားဦး။ ကံကောင်းသူတွေလောက် မရပေမဲ့လည်း ကံကောင်းသူတွေရဲ့ တစ်ဝက်လောက်တော့ သူ့မှာ ခံစားခွင့် ရှိနေပါသေးတယ်လို့ ဆိုလိုချင်တာပါ။ ဒါတွေ အားလုံးကို ပေါ်လွင်စေတဲ့ ပုံပြင်လေး တစ်ပုဒ်က ဒီလို ဆိုတယ်။
××××× ××××× ××××× ××××× ×××××
တစ်ခါက အလွန်ချစ်ကြတဲ့ သူငယ်ချင်း ၂ ယောက် ရှိတယ်။ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်လည်း ကတိကဝတ် ပြုထားကြတယ်။ တကယ်လို့ တစ်ယောက်ကောင်းစားပြီး နောက်တစ်ယောက် အခြေအနေ မကောင်းခဲ့ရင် အခြေအနေ ကောင်းသူဟာ အခြေအနေ မကောင်းသူကို ကူညီရမယ်လို့ သူတို့ ကတိကဝတ် ပြုထားတယ်။
ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာပြီးတော့ တစ်ယောက် တိုင်းပြည်တစ်ခုမှာ ရှင်ဘုရင် ဖြစ်တယ်။ နောက်ထပ် တစ်ယောက်ကတော့ နောက်ထပ် တိုင်းပြည်တစ်ခုမှာ အလွန်ချမ်းသာတဲ့ မြင်းကုန်သည်ကြီး ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ထားရှိထားကြတဲ့ ကတိကဝတ်ကို မမေ့ကြပေမဲ့ နှစ်ယောက်စလုံးကလည်း အဆင်ပြေနေတော့ ဘယ်သူက ဘယ်သူကိုမှ အကူအညီ ပေးစရာ မလိုတော့ဘူးပေါ့။
ဒါပေမဲ့ တစ်နေ့မှာ မြင်းကုန်သည် သူဌေးကြီးဟာ ကံဆိုးမှုတစ်ခုကို အဆိုးရွားဆုံး ခံစားလိုက်ရတယ်။ တခြားနိုင်ငံတစ်နေရာမှာရှိတဲ့ မြင်းတွေကို ဈေးကောင်းပေး သွားဝယ်ပြီး ပြန်အလာ လမ်းမှာ ဓါးပြတွေက သူရဲ့ ဈေးဝယ်ရေးအဖွဲ့က ပစ္စည်းတွေ၊ ပိုက်ဆံတွေ၊ ဝယ်လာတဲ့ မြင်းတွေကို တိုက်ခိုက် လုယူသွားတယ်။ ကုန်သည်ကြီးရဲ့ သစ္စာရှိသော လူယုံနှစ်ယောက်လည်း ဓါးပြတွေကို ပြန်လည်တိုက်ခိုက်ရင်း သေဆုံးသွားရတယ်။
ဒီသတင်းက သူဌေးကြီးဆီကို မရောက်သေးဘူး။ လမ်းမှာပဲ ရှိသေး။ သူဌေးကြီးနေထိုင်တဲ့ တိုင်းပြည်ကို လေပြင်းမုန်တိုင်းတိုက်ခတ်တယ်။ လေပြင်းမုန်တိုင်းက ရုတ်တရက်တိုက်ခတ်တာ ဆိုတော့ ဘယ်သူ့ဘယ်သူမှ ပြင်ဆင်စရာ မရှိပဲ ကိုယ့််အသက်ပဲ ကိုယ်လုပြီး ကာကွယ်နေရတာနဲ့ ကိုယ့်ပိုင်ဆိုင်သမျှကို ဘာမှ မပြင်ဆင်လိုက်နိုင်ဘူး။ လေပြင်းတိုက်ခတ်ရာကလည်း သူဌေးကြီးနေထိုင်တဲ့ အိမ်တဝိုက်မှာ ပိုပြီး များပြားတော့ သူဌေးကြီးမှာ ဆုံးရှုံးမှုများစွာ ဖြစ်သွားတယ်။
သူ့ရဲ့ နေထိုင်တဲ့ အိမ်ကြီး မုန်တိုင်းဒဏ်ကြောင့် ပြိုကျသွားသလို သူ အရောင်းအဝယ်လုပ်တဲ့ မြင်းတွေလည်း မြင်းဇောင်းပြိုကျမှုကြောင့် ၂ ကောင်သာ အသက်ရှင်တော့တယ်။ မုန်တိုင်းလည်းပြီးရော အရင်က တိုင်းပြည်မှာ အချမ်းသာဆုံးသူဌေးကြီးက အခုတော့ ချက်ချင်းကို သာမာန်လူတန်းစားနဲ့ မခြား ဖြစ်သွားတယ်.။ တစ်ခုပဲ မျှော်လင့်ရတာက သူအဝယ်လွှတ်လိုက်တဲ့ ဈေးဝယ်ရေးအဖွဲ့ကိုပဲ မျှော်လင့်ရတာပေါ့။ ဒီမှာ သူ့ရဲ့ ရင်းနှီးငွေ အကုန်နီးပါး စိုက်ထုတ် ရင်းနှီးထားတာကိုး။
ဒါပေမဲ့ သူဌေးကြီးရဲ့ ဈေးဝယ်ရေးအဖွဲ့ ပြန်ရောက်လာပြီး သူဌေးကြီးကို သူ့ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ဓါးပြရန်ကြောင့် ဆုံးရှုံးသွားတယ်လို့ ကြားလည်း ကြားလိုက်ရော သူဌေးကြီးလည်း ရူးမတတ်ခံစားရတာပါပဲ။ ဒါပေမဲ့လည်း အားကိုးမာန်တတ် အမြဲ ကြိုးစားတတ်တဲ့ သူရဲ့တပည့်တွေကိုလည်း ဘာမှ မပြောဖြစ်တော့ပဲ သူရဲ့ ကံဆိုးမှု၊ ကံမကောင်းစွာ တိုက်ဆိုင်မှုကိုပဲ အံ့သြစွာ လက်ခံလိုက်မိသည်။ သူဌေးကြီးကနေ သာမာန်လူတန်းစားနီးနီး ဖြစ်သွားရတဲ့ မြင်းကုန်သည်ကြီးလည်း မိသားစုတာဝန်၊ တပည့်တပန်းများတာဝန်နဲ့ ဘယ်လိုဖြေရှင်းရမှန်း မသိအောင် အခက်အခဲများစွာ ကြုံတွေ့လာခဲ့တယ်။
ဒါနဲ့ ဒီလို အခက်အခဲလည်း ဖြစ်လာရော ကုန်သည်ကြီးက သူ့သူငယ်ချင်း ဘုရင်ကြီးကို သွားသတိရတယ်။ ဒါနဲ့ သူလည်း သူ့သူငယ်ချင်း ဘုရင်ကြီးရှိတဲ့ တိုင်းပြည်ကို ထွက်လာခဲ့တယ်။ သူ့ကိုတွေ့တော့ ဘုရင်ကြီးက ဝမ်းသာအားရပဲ ဆီးကြိုတယ်။ မတွေ့ရတာကြာပြီဆိုတဲ့ အကြောင်း ပြောပြီး သူ့ကို ရောက်ရောက်ချင်းပဲ သူမျက်နှာ မသာမယာတာကို သိတော့ ဘာလို့လာတာလည်း တန်းမေးတယ်။ ဒီတော့ သူကလည်း သူငယ်ချင်း အချင်းချင်းဆိုတော့ ဘာမှ အားနာစရာမရှိတော့ လိုရင်းကို တန်းပြောတယ်။
“ဒီလို သူငယ်ချင်း။ ငါ ကံဆိုးပြီး မြင်းသွားဝယ်တော့လည်း ဓါးပြအတိုက်ခံရတယ်။ ငါ့အိမ်ကိုလည်း မုန်တိုင်းက ဝင်မွှေသွားလို့ အခု ငါ့မှာ ရှိသမျှ ဆုံးရှုံးခဲ့ပြီ။ ဒါကြောင့် ငါ အခု အရင် မြင်းလုပ်ငန်း ပြန်လုပ်ဖို့နဲ့ အခုလောလောဆယ် မိသားစု စားဝတ်နေရေးနဲ့ အလုပ်သမားတွေအတွက် လုပ်ခရှင်းချင်လို့ မင်းဆီက ပိုက်ဆံ လာချေးတာ။ ငါ တစ်နှစ်ဆိုရင် ပြန်ပေးနိုင်မှာပါ”
ဒီလို ပြောတော့ ဘုရင်ကြီးက သေချာနားထောင်ပြီး…
“ဒီအတွက် မပူနဲ့သူငယ်ချင်း။ မင်းကိစ္စတွေ ငါ ဖြေရှင်းပေးပါ့မယ်။ ငါတို့က ဒီလို ပြောစရာမလိုတဲ့ သူငယ်ချင်းတွေပဲကွာ”
ဒီလိုပြောပြီး ဘုရင်ကြီးက သူ့မူးမတ်တစ်ယောက်ကို ခေါ်ပြီး…
“အမတ်ကြီး အခု ငါ့ သူငယ်ချင်းအတွက် နေထိုင်စရာ ပြင်ဆင်ပေး။ ပြီးတော့ သူမိသားစုနဲ့ အလုပ်သမားတွေအတွက် တစ်နှစ် ဘာမှ ပူစရာမလိုအောင် လိုသမျှ ထောက်ပံ့ကြေးငွေ အခုပဲ သွားရောက်ပေးစေ” လို့ ပြောပြီး သူ့သူငယ်ချင်းကို လှည့်ကြည့်ပြီး ပြုံးလိုက်တယ်။
“မင်းကတော့ ငါနဲ့ အေးဆေး နေဦးကွာ။ အခုတော့ သူတို့ ပူစရာမလိုတော့အောင် ငါ လုပ်ပေးလိုက်ပြီ။ မင်း ပြန်တော့မယ်ဆိုရင်တော့ မင်းလိုချင်သလောက် ရင်းနှီးမြှပ်နှံဖို့ ငါ ပေးလိုက်ပါ့မယ်”
ဒီလိုနဲ့ ကုန်သည်ကြီးနဲ့ ဘုရင်ကြီး နန်းတော်ထဲမှာ သူငယ်ချင်းနှစ်ယောက် အတူတူ လိုလေသေးမရှိ နေလာလိုက်ကြတာ တစ်လကြာတော့ ကုန်သည်ကြီး ဘာမှမလုပ်ရတော့ ပျင်းလာတယ်။ ဒါနဲ့ ဘုရင်ကြီးကို ပြောတယ်…
“သူငယ်ချင်း… ငါ ငါ့တိုင်းပြည်ပြန်ပြီး မြင်းကုန်သည် ပြန်လုပ်ချင်နေပြီကွာ”
ဒီတော့ ဘုရင်ကြီးက
“သြော်… မင်းလည်း အလုပ်မရှိတော့ ပျင်းနေတယ် ထင်တယ်။ ငါနဲ့ ခဏတော့ နေပါဦးကွာ။ ငါတို့ သူငယ်ချင်းတွေ မတွေ့တာ ကြာပြီမဟုတ်လား။ ဒါပေမဲ့ မင်း ဒီအတိုင်းနေရတော့ ပျင်းနေမှာစိုးလို့ တစ်ခုခုတော့ လုပ်ကွာ” လို့ ဆိုပြီး သူ့အမတ်ကြီး တစ်ဦးကို
“ဟဲ့… အမတ်ကြီး၊ ငါ့ရတနာတော်တိုက်ထဲက အသပြာ ၁၀၀ တန်တဲ့ ကျောက်မျက်တစ်ခု သွားယူချေ” လို့ ဆိုပြီး အမတ်ကြီးက သွားယူလာတော့ ဘုရင်ကြီးက ကုန်သည်ကြီးဘက်ကို လှည့်ပြီး
“သူငယ်ချင်း… မင်းလည်း ကုန်သည်ပဲကွာ။ ကျောက်မရောင်းဖူးပေမဲ့ မြင်းရောင်းတာနဲ့ ကျောက်ရောင်းတာ နားလည်မှုပဲ ကွာလိမ့်မယ်။ ဒီကျောက်က အသပြာ ၁၀၀ တန်တာတော့ အထွေအထူး ပြောနေစရာ မလိုဘူး။ ဒါကို မင်း အခု သွားရောင်းပါ။ မင်း ဒီနေ့ တစ်ခါတည်း အပြီးရောင်းခဲ့။ ရတဲ့ဈေးနဲ့သာ ရောင်းခဲ့။ ရသလောက်ပေါ့။ ဒါဆို မင်းလည်း အပျင်းပြေပေါ့ကွာ။ အသပြာ ၁၀၀ မရလည်း ငါ့အတွက် ဘာမှ မဖြစ်သွားပါဘူး။ ဟုတ်တယ် မလား။ ရောင်းမရဘဲနဲ့တော့ ပြန်မလာနဲ့။ ရတဲ့ ဈေးနဲ့သာ ရောင်းခဲ့”
ဒီလိုနဲ့ မြင်းကုန်သည်ကြီး ကျောက် အရောင်း ထွက်ခဲ့တယ်။ သူကျွမ်းကျင်တဲ့ လုပ်ငန်း မဟုတ်ပေမဲ့ ကုန်သည်ဆိုတော့လည်း အရာရာ သဘောပေါက်တယ်။ ဒါနဲ့ သူ တစ်နေကုန် ကျောက်လိုက်ရောင်းတယ်။ အသပြာ ၁၀၀ တန်ပါတယ်ဆိုတဲ့ကျောက်က သူလိုက်ရောင်းတာ အသပြာ ၁၀၀ မပေးချင်ကြဘူး။ နောက်ဆုံး မိုးချုပ်ခါနီးတော့ သူလည်း ရတဲ့ဈေးနဲ့ ရောင်းခဲ့တာ အသပြာ ၆၀ သာ ရခဲ့တယ်။
ဒါနဲ့ သူလည်း ဘုရင်ကြီးဆီကို ပြန်လာပြီး ရတဲ့ အသပြာကို ပေးရင်း ဖြစ်ကြောင်းကုန်စင် ပြောပြတယ်။ ဒီတော့ ဘုရင်ကြီးက…
“ဒါဆို ငါနဲ့ နေပါဦးကွာ“ လို့ပဲ ပြောတယ်။ ဘုရင်ကြီးက ဒီလို ပြောတော့ သူလည်း မနေသာတော့ဘူးပေါ့။ ဒီလိုနဲ့ ဆက်နေလာလိုက်တာ နောက်ထပ် နှစ်ပတ်လောက်ကြာတော့ သူ ဘုရင်ကြီးကို နောက်တစ်ခါ သူပြန်ပြီး ကုန်သည်ပြန်လုပ်ဖို့ ပြောမိတယ်။ ဒီတော့ ဘုရင်ကြီးကလည်း အရင်လိုပဲ အသပြာ ၁၀၀ တန် ကျောက်လေးကို ထပ်ရောင်းခိုင်းတာပဲ။ သူလည်း ကျောက်အရောင်းထွက်ခဲ့တယ်။ အရင်တစ်ခါလိုပဲ ညနေစောင်းတဲ့ အထိ အသပြာ ၁၀၀ တန်ကို အသပြာ ၁၀၀ မရခဲ့ဘူး။ အသပြာ ၇၀ သာ ရခဲ့တယ်။
ဒီလိုနဲ့ ကုန်သည်ကြီးနဲ့ ဘုရင်ကြီးဟာ ကုန်သည်ကြီးက ပြောလိုက် ဘုရင်ကြီးက ကျောက်ရောင်းခိုင်းလိုက်နဲ့ ကုန်သည်ကြီး သွားသွားရောင်းတဲ့ အသပြာ ၁၀၀ တန်ကျောက်တွေကလည်း နောက်တော့ အသပြာ ၁၀၀ ရလာတယ်။ ဒါပေမဲ့လည်း ကုန်သည်ကြီးပြန်ဖို့ ဆိုတာကို ဘုရင်ကြီးက နေပါဦးကွာလို့ပဲ ပြောတော့ ကုန်သည်ကြီးလည်း ပြန်ရခက်နေတယ်။
ဒါနဲ့ နောက်ထပ် နှစ်လလောက်ကြတော့ ကုန်သည်ကြီး သူ ကုန်သည်ပြန်လုပ်ချင်နေတာကို ဘုရင်ကြီးကို ပြောတော့ ဘုရင်ကြီးက အရင်လိုပဲ အသပြာ ၁၀၀ တန်ကျောက် ရောင်းခိုင်းလိုက်ပြန်တယ်။ ကုန်သည်ကြီးလည်း စိတ်မပါတာ လုပ်နေရပေမဲ့ ကုန်သည်တွေရဲ့ ထုံးစံအတိုင်း လုပ်မိရင်တော့ သေချာလုပ်တာပါပဲ။ ဒီတစ်ခါမှာတော့ အရင်တစ်ခေါက်က အသပြာ ၁၀၀ တန်ကို ၁၀၀ ရလာပေမဲ့ ဒီတစ်ခေါက်တော့ အသပြာ ၁၀၀ တန်ကို အသပြာ ၁၂၀ ရလာခဲ့တယ်။ ဘာကြောင့်လဲ ကုန်သည်ကြီး မစဉ်းစားမိပဲ ရလာတဲ့ အသပြာကို ဘုရင်ကြီးကို ပေးပြီး သူကတော့ သူအရင်လုပ်ချင်နေတဲ့ ကုန်သည် အလုပ်ကိုပဲ ပြန်လုပ်ချင်နေတဲ့ စိတ်ပဲ သူ့မှာ ရှိတယ်။
ဘုရင်ကြီးဆီလည်းရောက်ရော သူက ရလာတဲ့ အသပြာကို ပေးတော့ ဘုရင်ကြီးက…
“ဘယ်လိုလဲကွ အခုတော့ အသပြာ ၁၀၀ တန်ကျောက်က အသပြာ ၁၂၀ တောင်မှ ရလာခဲ့ပါရောလား။ ဘာကြောင့်လဲ သူငယ်ချင်း”
ကုန်သည်ကြီးလည်း ခေါင်းခါပြပြီး…
“မသိဘူးလေ သူငယ်ချင်း။ ငါ့ကို မျက်မှန်းတန်းမိသွားကြလို့လား”
ဘုရင်ကြီးက ခေါင်းကို ခါလိုက်ပြီး…
“မဟုတ်ဘူး သူငယ်ချင်း။ မင်း ကံတွေ တတ်လာလို့ပါ။ ဒီလို ပြောလိုက်လို့ မင်း အံ့သြသွားလိမ့်မယ်။ ဒါပေမဲ့လည်း ဒါက တကယ်ကွ။ လူတွေမှာ ကံဆိုတာ အဆိုး အကောင်းဆိုပြီး အချိန် ကန့်သတ်နေတဲ့ အခိုက်အတန့်လေးတွေ ရှိနေတယ်။ ကံ ညံ့နေတဲ့ ဒီအချိန်မှာ ဘာပဲ လုပ်လုပ် အဆင်မပြေတတ်ကြဘူး။ ကံလေး ကောင်းလာတော့လည်း ဘာပဲ လုပ်လုပ် အဆင်ကို ချောနေတာပဲလေ။
ဘေဘီလုံ စကားပုံလေးတောင်မှ ရှိသေးတယ်။
“လူတစ်ယောက် ဘယ်လောက်ကံကောင်းတယ် ဆိုတာ ဘယ်လိုမှ မသိနိုင် သွားလေရော့ ဆိုပြီး ယူဖရေးတီးမြစ်ထဲ ပစ်ချလိုက်သည့်တိုင်
အသက်မသေတဲ့အပြင် လက်ထဲ ပုလဲတစ်လုံးကိုင်ပြီး ပြန်တတ်လာနိုင်သည်” တဲ့။ ဒါက တကယ်ပဲကွ။
ငါ ဘာလို့ မင်းကို အသပြာ ၁၀၀ တန်ကျောက်တွေ သွားရောင်းခိုင်းနေတာလဲ မင်းသိမှာ မဟုတ်ဘူး။ မင်း ငါ့ကို လာပြီး အကူအညီတောင်းတုန်းက မင်းရဲ့ကံက အရမ်းဆိုးနေခဲ့တယ်လေ။ ဒီချိန်မှာ မင်းကို ငါက အရင်းအနှီးထုတ်ပေးလိုက်ရင် မင်းမှာ ကံမကောင်းတော့ ဆုံးရှုံးဦးမှာပဲလေ။ ဒါဆို ငါက ကူညီရာ မရောက်တော့ဘူး။ မင်းကို ပိုနှစ်လိုက်သလို ဖြစ်သွားနိုင်တယ်။
ဒါကြောင့် မင်းကံကို စမ်းတဲ့အနေနဲ့ အသပြာ ၁၀၀ ကျောက်တွေ ရောင်းခိုင်းတာပဲ။ တကယ် အသပြာ ၁၀၀ တန်ကျောက်တွေက ကံမကောင်းတဲ့ မင်းသွားရောင်းတော့မှ အသပြာ ၆၀ ပဲ ရတယ်။ ၇၀ ပဲ ရတယ်။ ၈၀ ပဲ ရတယ်။ ၉၀ ပဲ ရတယ်။ ဒါတွေက ဘာကိုပြလဲဆိုတော့ မင်းမှာ ကံမကောင်းသေးဘူးဆိုတာပဲ။ နောက်တော့ မင်းကံလေးက ပြန်မှန်လာတော့ အသပြာ ၁၀၀ တန်ကျောက်ကို အသပြာ ၁၀၀ ရလာခဲ့တယ်။
ဟော အခု မင်းကံလည်း ကောင်းလာရော အသပြာ ၁၀၀ တန်ကျောက်ကို မင်းကပဲ သွားရောင်းတာ အသပြာ ၁၂၀ ရလာခဲ့ပြီ။ သူငယ်ချင်း အခုဆို မင်းကံကို ငါ ယုံသွားပြီ။ အခု မင်းကို ငါ မင်းလုပ်ချင်တဲ့ မြင်းကုန်သည် ပြန်လုပ်နိုင်အောင် အရင်းအနှီး ပြန်ထုတ်ပေးလိုက်မယ်။ မင်းလုပ်ကြည့်ပါ။ မင်း ပြန်အောင်မြင်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းမှာ အရည်အချင်းက ရှိပြီးသား ကံလေး မကောင်းမသေးတာ။ အခုတော့ ကံကောင်းနေပြီ။ လုပ် သူငယ်ချင်း မင်း ပြန်အောင်မြင်လာပါလိမ့်မယ်”
ဘုရင်ကြီးက ဒီလိုပြောပြီး ကုန်သည်ကြီးကို မြင်းကုန်သည်ပြန်လုပ်ဖို့ အရင်းအနှီးတွေ ထုတ်ပေးလိုက်တယ်။ ကုန်သည်ကြီးကလည်း အခုမှ သူ့ကို ဘုရင်ကြီးက ဘာလို့ ကျောက်တွေ ရောင်းခိုင်းနေတာလဲ ဆိုတာကို သဘောပေါက်သွားတော့တယ်။
ဒါနဲ့ ဘုရင်ကြီး ထုတ်ပေးတဲ့ မြင်းကုန်သည် ပြန်လုပ်ဖို့ အရင်းအနှီးနဲ့ သူနေထိုင်ရာ တိုင်းပြည်သို့ ပြန်လာခဲ့တယ်။ ပြီးတော့ သူကျွမ်းကျင်ရာ မြင်းကုန်သည်အဖြစ် ပြန်လည်လုပ်ကိုင်ခဲ့တယ်။ တကယ်လည်း ဘုရင်ကြီး ပြောခဲ့တဲ့အတိုင်း မြင်းကုန်သည်ကြီး အလွန် ပြန်လည်အောင်မြင်လာခဲ့ပါတော့တယ်။
××××× ××××× ××××× ××××× ×××××
ဒါကြောင့် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား မအောင်မြင်သေးဘူး၊ မအောင်မြင်ဘူး ဆိုသူတွေဟာ ကြိုးစားမှုကို ရပ်လိုက်စရာလည်း မလိုပါဘူး။ ကိုယ့်မှာ အောင်မြင်ဖို့ ကံကောင်းမှုလေး လိုအပ်နေလို့ပါ။ ဒါလေးကို ကိုယ်က ကြိုးစားမှုနဲ့သာ စောင့်ဆိုင်းပြီး လုပ်တတ်ကိုင်တတ်မယ်ဆိုရင် ဘယ်သူမဆို ထိပ်တန်းရောက်ရမှာပါ။
ကံမကောင်းသေးတဲ့ အချိန်မှာ ကမူးရှုးထိုး လျှောက်လုပ်ခြင်းကတော့ အရာရာ ဆုံးရှုံးမှု ဖြစ်စေတဲ့ အရာတစ်ခုခုပါပဲ။
ကံကောင်းမှုဆိုတာ ဘာမှ မလုပ်ပဲနဲ့ ထိုင်စောင့်နေသင့်တဲ့ အရာတစ်ခုတော့ မဟုတ်ပါ။ ကြီးကြီးမားမား မလုပ်ခင် အလုပ်သေးသေးလေးတွေ လုပ်ရင်း ကံကောင်းမှုကို ကြိုးစားရင်း အချိန်အခါ စောင့်သင့်ပါတယ်။
Credit: ကိုဇော်
Labels:
ပုံပြင်,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment