Wednesday, April 6, 2016
"ယောက်ျားနဲ့ မိန်းမ"
"ယောက်ျားနဲ့ မိန်းမ"
ကျွန်တော့်မှာ မလေး သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကျွန်တော့်ဘဝမှာ ဒီလို သူငယ်ချင်းတွေနဲ့ ဘဝတလျှောက်လုံး တွေ့ဆုံခွင့်ရတဲ့အတွက် ဝမ်းသာလို့ မဆုံးပါဘူး။ သူက မိန်းကလေးပါ။ ကျွန်တော့်ထက်လည်း ၂ နှစ်ငယ်တယ်။ ကိစ္စတစ်ခုခုကို ရှုမြင်သုံးသပ်ပုံ အရမ်းကောင်းမွန်သူ တစ်ယောက် ဖြစ်တယ်။
သူ့ဆီက လောကကြီးကို အမြင်ရှင်းစွာ ကြည့်တတ်ပြီး ထူးထူးဆန်းဆန်း စကားလုံးတွေကို ကျွန်တော် ကြားရတတ်တယ်။ ဥပမာ - သူက ကလေးတစ်ယောက်ရှိတယ်။ ကလေးနေမကောင်းလို့ သူ ခွင့်ယူတယ်ဆိုရင် ဘယ်တော့မှ MC ဆိုပြီး ခွင့်မယူဘူး။ တခြား မလေးမတွေက သူတို့ကလေး နေမကောင်တာတို့၊ သူတို့ လုပ်စရာ၊ သွားစရာ တစ်ခုခုရှိနေတယ်ဆိုရင် လစာဖြတ်မှာ စိုးလို့ MC ဆိုပြီး သူတို့ ခံစားပိုင်ခွင့်ကနေပြီး ခွင့်ယူလေ့ရှိကြတယ်။
သူကတော့ ဘယ်တော့မှ MC မယူဘူး။ အဲ..ပြောဖို့ မေ့နေတယ် သူ့ရဲ့နာမည်က “ Izar ” တဲ့။ ကျွန်တော်က သူ့ကို . . .
“သူများတွေ အလုပ်နားတာကို MC ယူကြတယ်။ ဒါကလည်း သူတို့ရဲ့ ခံစားပိုင်ခွင့်ထဲကပဲလေ။ နင်ကျတော့ အလုပ်နားတာ ဘာလို့ MC မယူတာလဲ” လို့ ကျွန်တော် မေးတော့ သူက လောကကို ခပ်ရှင်းရှင်းပဲ မြင်တတ်သူတို့ ထုံးစံအတိုင်း ကျွန်တော့်ကို ပြောတယ်။
“ငါက ဘာဖြစ်လို့လဲ။ ဘာမှ မဖြစ်ဘူးလေ။ ငါက နေကောင်းနေတာပဲ။ ငါ့ဖာသာ သွားစရာရှိလို့၊ ကလေးနေမကောင်းလို့ အလုပ်ပျက်တာလေ။ ကလေးနေမကောင်းတာ နေမကောင်းတာပေါ့။ ဘာလို့ ကိုယ် နေကောင်းနေတာကို နေမကောင်းဘူးဆိုပြီး လိမ်ပြောရမှာလဲ။
ကိုယ်နေကောင်းနေတာကို နေမကောင်းဘူး ဆိုပြီး လိမ်ပြောစရာမှ မလိုတာ။ ကိုယ့်ဖာသာ ပျက်ချင်ပျက်တာပေါ့ဟာ။ ဘာလို့ လိမ်နေရမှာလဲ။ သူများတွေ လိမ်ပြောလည်း ငါက လိမ်မှာမှ မဟုတ်တာ။ သူများတွေ ဆိုတာလည်း ငါမှ မဟုတ်တာ”
ဟုတ်ပါတယ်။ သူများတွေဆိုတာ သူ မဟုတ်ပါ။ ဒါကြောင့်လည်း အလုပ်ဝင်ပြီး ၇ လနဲ့ သူရဲ့ QA မှာ Leader တစ်ယောက် ဖြစ်လာခဲ့တယ်။ သူ့မှာ အလုပ်ပျက်ရက်လည်းမရှိ။ အလုပ်နဲ့ပတ်သတ်ရင်လည်း ကိုယ့်အလုပ်လို သဘောထားတယ်။ ဒီလိုလူကို ဘာလို့ အလုပ်က အလုပ်ရှင် သူဌေး၊ မန်နေဂျာက ရာထူး မတိုးပေးရတာလဲ။ အလုပ်ကျတော့ ခိုပြီး ရာထူးတိုးပေးပါလို့ အော်ဟစ်နေသူတွေကိုကျတော့ ဘယ်လို ပြောရပါ့မလဲ။
တစ်နေ့တော့ သူနဲ့ကျွန်တော် ဒီလိုပဲ ဟိုပြော ဒီပြော၊ ပြောရင်း ယောက်ျားနဲ့ မိန်းမအကြောင်းကို ပြောတော့ သူက ကျွန်တော့်ကို အောက်ပါအတိုင်း မရပ်မနား၊ ရှည်ရှည်လျားလျား ပြောသွားခဲ့ဖူးပါတယ်။
“ ဒီလိုဟ.. ။ ငါ့ယောက်ျား ငါ့ကို လိုက်တော့ ငါက ကြည့်လို့ရတာ မဟုတ်ဘူး။ ဆံပင်ကလည်း အရှည်ကြီး နားပေါက်ကလည်း ဖောက်ထားသေးတယ်။ နောက် ဆေးလိပ်ကလည်း ဖွာလိုက်တာမှ၊ ပြီးတော့ ငါ့နောက် တကောက်ကောက် လိုက်နေတယ်လေ။
ငါလည်း သိပ်ပြီး ကြည့်လို့မရတော့ သူ့ကို ခပ်ရှောင်ရှောင်နေတယ်။ နောက်တော့ သူက အတင်းလိုက်ပါများတော့ ငါက ငါ့ကိုကြိုက်ရင် ဆံပင်တွေ ညှပ်၊ နားကပ်တွေ ချွတ်၊ အဝတ်အစားလည်း သပ်သပ်ရပ်ရပ်ဝတ် ဆိုတော့ သူက ငါပြောသလို လိုက်လုပ်လာတယ်။
ဘယ်လိုမှ ကြိုက်မိမယ်မှန်း မသိတာကြီးကို နောက်တော့ ပြန်ကြိုက်မိသွားတယ် ဆိုပါတော့။ ဒါနဲ့ သူနဲ့ ကြိုက်တယ်ဆိုရင်ဖြင့် များလိုက်တဲ့ စကားတွေ ပြောမနေနဲ့။ တွေ့လိုက်တာနဲ့ ပြောလိုက်တာ ဟိုသွားမယ်၊ ဒီသွားမယ်၊ ဟိုဟာစားမယ်၊ ဒီဟာစားမယ် စုံနေတာပဲ။
ဘာပဲ ပြောပြောပါ။ သူက စကားတွေ အများကြီးနဲ့ ဆယ်ခွန်းလောက်ပြောမှ ငါက တစ်ခွန်းပဲ။ ဒီစကားကလည်း တစ်လုံးတည်း “အင်း”။ နောက်ကျတော့လည်း ညနေဘက်ဆိုရင် ဖုန်းဆက်လိုက်ရတာ ကုန်လိုက်တဲ့ ဖုန်းဖိုးပဲ။ ညပိုင်း ညဈေးရှိတယ်ဆိုရင် သူ့မှာ သွားချင်လိုက်ရတာ အမော။ ငါ့ကို ဖုန်းဆက်ပြီး ညဈေးကို လာခဲ့ပါလား၊ ဘာညာပေါ့။ ငါကလည်း “ဘာလုပ်ဖို့လဲ အိမ်မှာ အကုန်ရှိနေတာပဲ” ဆိုတော့ ဒီပြင်ဟာလေးတွေ ဘာညာ ကြည့်ရတာပေါ့တဲ့။ ဒါပေမဲ့ သူ ဆယ်ခါခေါ်မှ ငါ တစ်ခါပဲ သွားတယ်။ အဲ့ဒီတစ်ခါကလည်း “ခဏလေး” ပဲ။
ဒါနဲ့ သူနဲ့ငါလည်းယူပြီးရော ယောက်ျားနဲ့ မိန်းမဆိုတာ မယူခင်နဲ့ ယူပြီး ပြောင်းပြန်ဖြစ်တယ်ဆိုတာ တကယ်ကို ကြုံရတော့တာပဲ...ဟီး။ သူက ငါနဲ့ ယူပြီးကတည်းက ဆွံ့အ သွားတာလေ။ ငါကကျတော့ သူနဲ့ ယူလိုက်ကတည်းက များလာလိုက်တဲ့ စကား ငါ့ကိုယ်ငါလည်း သိတယ်။ သူ့ကို တွေ့တာနဲ့ ပြောချင်လိုက်တဲ့ စကားတွေ၊ ဟိုအကြောင်း ဒီအကြောင်း ဟိုဟာဖြစ်တာ ဒီဟာဖြစ်တာတွေ စုံနေတာပဲ။ သူကတော့ ငါ့ကို ဘာမှ မပြောတော့ဘူး။
လင်မယား တွေ့ပြီဆိုတာနဲ့ ယောက်ျားရေ ဟိုဟာဖြစ်တယ်၊ ဒီဟာပြုတယ် ဆိုပြီး ငါက ပြောလိုက်တဲ့စကားတွေ အများကြီး။ ဆယ်ခုလောက်မှ သူက တစ်ခွန်းပဲ ပြန်ပြောတော့တယ်။ အဲဒီတစ်ခွန်းကလည်း “အင်း”။ နောက်..ငါ့ဆီလည်း လုံးဝ ဖုန်းမဆက်တော့ဘူး။ ငါကသာ ယောကျာ်းရေ အလုပ်ထဲမှာ ဘယ်လိုနေလဲ၊ အဆင်ပြေလား ဘာညာပေါ့လေ ဒီလို ဆက်နေရတာ။ သူ့ကို မေးတော့ အိမ်ရောက်လည်း တွေ့ရမှာပဲကွာ တဲ့။
နောက်တော့ ငါတို့အိမ်နားမှာ ညဈေးရှိတယ်ဆိုရင် ယောက်ျားရေ ညဈေးသွားရင် ကောင်းမလားဆိုတော့ “ဘာလုပ်မှာလဲကွာတဲ့ အိမ်မှာလည်း အကုန်ရှိနေတာပဲ။ ရေခဲသေတ္တာထဲမှာလည်း အပြည့်ပဲလေ” လို့ ပြောတယ်။ နောက်ဆုံးပြောပါများလို့ ဆယ်ခါလောက်မှ တစ်ခါလောက်ပဲ သွားတော့တယ်။ သွားပြန်ရင်လည်း “ခဏလေး” ပဲ။
ဒါကြောင့် ငါလည်း မှတ်ထားတယ်။ နင်လည်း မှတ်ထား။ ယောကျာ်းနဲ့ မိန်းမဆိုတာ မယူခင်နဲ့ ယူပြီး ပြောင်းပြန်ဖြစ်အောင်ကို ပြောင်းလဲတတ်တယ်ဟ” လို့ ကျွန်တော့်ကို ပြောဖူးပါတယ်။
ဒါကြောင့် ကျွန်တော် စဉ်းစားမိတယ်။ တကယ်လို့ပေါ့။ မယူရခင်ကတောင်မှ စကားအရမ်းနည်းတဲ့ ယောက်ျားဆိုရင် ယူပြီးရင်တော့ အသံတောင်မှ ထွက်ပါတော့မလား။ အရမ်းစကားများနေတဲ့ မိန်းမသာဆိုရင် ဟီး.... မတွေးရဲဘူးဗျာ။
ဒါပေမဲ့လည်းပေါ့လေ။ ကိုယ်ချစ်တဲ့ သူဆိုတော့.....၊ အင်း... နောက်ဆိုလည်း ဒီလို စကားများလာတာလေးကိုက ပိုချစ်ဖို့ ကောင်းလာတာဗျာ...။ ဒီလို တိတ်ဆိတ်နေတာကိုက တည်ကြည်လို့ ပိုချစ်လာတယ် ဆိုပြီး ဖြစ်လာဦးမှာပေါ့လေ။
အင်း... ဒါနဲ့ သူငယ်ချင်းတို့ ချစ်သူတွေကရော စကားများလားဗျ....၊ စပ်စုကြည့်တာလေ။
Credit: ကိုဇော်
Labels:
အိမ်ထောင်ရေး,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment