Wednesday, April 6, 2016
"ဘယ်တော့မှ ရန်မဖြစ်တဲ့ စုံတွဲတွေရဲ့ အလေ့အကျင့်များ"
"ဘယ်တော့မှ ရန်မဖြစ်တဲ့ စုံတွဲတွေရဲ့ အလေ့အကျင့်များ"
စုံတွဲတစ်တွဲကိုကြည့်ပြီး တစ်ချိန်လုံး သူတို့ရန်မဖြစ်ဘဲ ဘယ်လိုများ ပျော်အောင်နေကြလဲ မသိဘူးဆိုပြီး တွေးမိဘူးပါသလား။ သူတို့ရဲ့ လျှို့ဝှက်ချက်ကိုရော သိချင်မိပါသလား။ ကိုယ်ကတော့ အမြဲ ချစ်သူနဲ့ ရန်ဖြစ်နေရတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေမယ်ဆိုရင်တော့ သူတို့လို အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး ရနိုင်ဖို့ သူတို့ရဲ့ လျှို့ဝှက်ချက်လေးတွေကို သိချင်နေမှာပါ။ ဒီအချက်လေးတွေကို သတိပြုမိပြီး သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးကို ပြန်ပြီး ဆင်ခြင်နိုင်အောင် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
သူတို့က အချင်းအချင်း ဦးစားပေးတယ်
ဘဝမှာ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ ရှိဖို့၊ ဒီရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်ဖို့ အရေးကြီးတာမှန်ပေမဲ့ ပျော်ရွှင်တဲ့စုံတွဲတွေက သူတို့ချစ်သူတွေကလည်း သူတို့ဘဝရဲ့ အရေးပါတဲ့ မျှော်လင့်ချက်တစ်ခုလို သဘောထားပြီး ဦးစားပေးကြလေ့ရှိပါတယ်။ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးဆိုတာကလည်း ဘဝရဲ့ တခြားအရာတွေလိုပဲ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ရတယ်ဆိုတာ နားလည်သူတိုင်းအတွက် ချစ်တဲ့သူအတွက် အချိန်ပေးဖို့ဆိုတာ အပိုအလုပ်တစ်ခုလို့ မယူဆကြပါဘူး။
အချင်းချင်း ချီးကျုးနှစ်သိမ့်တတ်ကြတယ်။
ချီးမွမ်းစကားဆိုတာကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူက အလေးပေး ချီးမွမ်းတာဆိုရင်တော့ ဘာနဲ့မှ မတူတဲ့ ခံစားချက်မျိုး ခံစားရတတ်ပါတယ်။ ကိုယ့်အပေါ် သူလုပ်ပေးလိုက်တဲ့ အလိုက်သိတတ်မှုလေးတွေ၊ ကိုယ်ချင်းစာနာမှုလေးတွေ၊ ချစ်ခင်ကြင်နာမှုလေးတွေ ပေးတဲ့အခါတိုင်း လေးလေးနက်နက် အသိအမှတ်ပြုလိုက်ပါ။
ခွင့်လွှတ်နိုင်ဖို့ကို အရင်စဉ်းစားကြတယ်။
ဘယ်စုံတွဲမှာမဆို ပြဿနာ အနည်းနဲ့အများ ဖြစ်လေ့ရှိပါတယ်။ ပြဿနာကို ကိုင်တွယ် ဖြေရှင်းပုံခြင်း မတူလို့ ပြဿနာတစ်ခုရဲ့ ပြင်းအား၊ ကြာချိန်နဲ့ အတိမ်အနက် ကွဲပြားသွားရတာ ဖြစ်ပါတယ်။ ဒေါသကို လက်ကိုင်ထားပြီး ဖြေရှင်းလေ့ရှိရင်တော့ ပိုပြီး ပြဿနာ ကြီးးထွားလာစေတတ်ပါတယ်။ ပျော်ရွှင်ရတဲ့ စုံတွဲတွေဆိုတာ အရင်ဆုံး ခွင့်လွှတ်ပေးလိုက်ပြီး စိတ်အေးအေးနဲ့ ဖြေရှင်းနိုင်အောင် အလေ့အကျင့် လုပ်ထားတဲ့သူတွေပဲ ဖြစ်ပါတယ်။
အချစ်ကို ပြဖို့ ဝန်မလေးကြဘူး
ပျော်ရွှင်နေရတဲ့သူတွေဆိုတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့အကြောင်း သူသိအောင် စိတ်ခံစားမှု အရရော၊ အမူအရာနဲ့ပါ ပြသတတ်တဲ့အတွက် ကိုယ့်ချစ်သူက အမြဲ ယုံကြည်စိတ်ချပြီး လုံခြုံနေသလို ခံစားရပါတယ်။ ယုံကြည်မှုဆိုတာ ပြဿနာ အတော်များများကို ကြိုတင်ကာကွယ်ပေးနိုင်တဲ့ ဆေးတစ်မျိုးနဲ့ တူပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကို စိတ်ရင်းအမှန်လေးနဲ့ ဂရုစိုက် ကြင်နာပြဖို့ဆိုတာ ချစ်တဲ့သူတိုင်းရဲ့ တာဝန် တစ်ခုဖြစ်ပါတယ်။
ပွင့်လင်း ရိုးသားကြတယ်
ချစ်တဲ့သူအပေါ်မှာ လိမ်ညာ ထိန်ချန်ထားမှု ဘာမှ မရှိတတ်ဘဲ အရိုးသားဆုံး ဆက်ဆံတတ်တာ ပျော်ရွှင်ခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ အချင်းချင်း ဝေဖန်အကြံပေးတတ်တယ်၊ ထိန်ချန်ထားတာ မရှိဘဲ ခံစားချက်တွေကို ဖလှယ်တတ်တယ်။ ဖြေရှင်းစရာရှိတာကို ပွင့်ပွင့်လင်းလင်း ရှင်းလေ့ရှိတဲ့အတွက် ပြဿနာက ကြာရှည်ဖြစ်မနေဘဲ ပျော်ရွှင်တဲ့ စုံတွဲတွေ ဖြစ်ကြခြင်း ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment