Wednesday, April 27, 2016
"အိမ်ခြေယာမဲ့ အမျိုးသမီးကြီးဆီက ဘ၀သင်ခန်းစာ (၅) ခု"
"အိမ်ခြေယာမဲ့ အမျိုးသမီးကြီးဆီက ဘ၀သင်ခန်းစာ (၅) ခု"
သူမဟာ အမေရိကန် နယူးယောခ်မြို့က (52) လမ်းမှာ နေတဲ့ အိမ်ယာမဲ့တစ်ယောက် ဖြစ်ပါတယ်။ အခြား အိမ်ယာမဲ့တွေလိုပဲ အများပြည်သူရဲ့ ပေးစာကမ်းစာနဲ့ ရပ်တည်နေရသူပါဘဲ။ ဒါပေမယ့် သူမမှာ ထူးခြားချက်ကလေးတစ်ခုကို ကျွန်တော်
မြင်လိုက်ရတော့ စူးစမ်းလိုစိတ်တွေ တဖွားဖွား ဖြစ်လာခဲ့ပါတယ်။ သူမ တောင်းရမ်း စားသောက်နေတဲ့ဘေးမှာ လက်ရေးနဲ့
ဖြစ်ကတတ်ဆန်း ရေးထားတဲ့ စာသားလေးက စောစောကပြောတဲ့ ထူးခြားချက်ပါဘဲ။ “If you can’t donate – gratitude, kindness and well-wishes are free!” ပါတဲ့။ အဓိပ္ပါယ်ကတော့ "သင် မလှူနိုင်လည်း ကျေးဇူးတရားကို သောမနဿဖြစ်နေမှု၊ လူအချင်းချင်းပေါ်မှာထားတဲ့ အကြင်နာတရား ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေကတော့ အခမဲ့ပါ" ဆိုတဲ့ စာသားလေးက ကျွန်တော့်ကို အတွေးတွေ အများကြီးပေးပါတယ်။ ဒီနောက် သူမကို ဆက်ပြီး စူးစမ်းမှုတွေ လုပ်တဲ့အခါမှာ သူမဟာ ကျွန်တော့်ကို အရေးကြီးတဲ့ ဘ၀သင်ခန်းစာ (၅) ခု မျှဝေပါတယ်။ အဲဒါလေကို တစ်ဆင့် ပြန်လည် မျှဝေပါရစေ။
(၁) ကိုယ့်ရဲ့အနီးစပ်ဆုံး အခြေအနေတိုင်းအတွက် တာဝန်ယူမှုရှိပါ
အချို့ချို့သော အတ္တကြီးမားသူတွေဟာ ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ခံစားစရာရှိတာ ခံစားပြီး မျှဝေစရာရှိရင် ခြိုးခြံတတ်ပါတယ်။ အဲဒီလိုပဲ အပြစ်တင်စရာရှိရင်တော့ ပတ်ဝန်းကျင်ကိုသာ အပြစ်တင်တာမျိုး လုပ်တတ်ပါတယ်။ လူကောင်း လူမွန် ဖြစ်ဖို့အတွက် ကိုယ်နဲ့ အနီးစပ်ဆုံး ပတ်ဝန်ကျင်ကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ လိုပါတယ်။
(၂) အကူအညီတောင်းဖို့ ၀န်မလေးပါနဲ့
အခက်အခဲတစ်စုံတစ်ရာ ရှိလာတဲ့အခါ ကိုယ်တိုင် မဖြေရှင်းနိုင်ရင် အကူအညီတောင်းဖို့ ၀န်လေးခြင်း မပြုပါနဲ့။ ဒီလိုပဲ တစ်စုံတစ်ယောက်က ကိုယ်တတ်နိုင်တဲ့ အကူအညီမျိုး တောင်းလာရင်လည်း ပျင်းရိဖင့်တွဲမနေပါနဲ့။ ချက်ချင်း ကူညီပေးပါ။ လူဆိုတာ အချင်းချင်း တန်ဖိုးထားတတ်မှ ကိုယ့်ကို တန်ဖိုးထားပါတယ်။
(၃) အကောင်းမြင်ဝါဒကို ထိန်းသိမ်းပါ
အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ၊ ဘာသာဝါဒအချင်းချင်း အားပြိုင်မှုတွေဟာ ငြိမ်းချမ်းရေးကို ပျက်ဆီးစေပါတယ်။ ဒီတော့ အပြစ်ကင်းဆုံးဝါဒကို ညွှန်းပါဆိုရင် အကောင်းမြင်ဝါဒသာ ဖြစ်ပါတယ်။ အကောင်းမြင်ဝါဒကသာ အရာရာကို ငြိမ်းချမ်းစေမှာပါ။
(၄) စနစ်ကျတဲ့ စီမံမှုရှိပါစေ
ကိစ္စအသေးအဖွဲဖြစ်စေ၊ ကြီးမားတဲ့ ကိစ္စဖြစ်စေ အားစိုက်ထုတ်မှု စေတနာအပြည့်နဲ့ စနစ်တကျ စီမံဆောင်ရွက်တတ်ဖို့ လိုပါတယ်။ ဒီလိုလူတွေ ခေါင်းဆောင်ဖြစ်သွားရင် တိုင်းပြည် ချမ်းသာဖို့အတွက် သေချာသလောက်ပါဘဲ။
(၅) ကျေးဇူးသိတတ်ပါ
ကျေးဇူးတရားဆိုတာ မဆပ်နိုင်ရင်တောင် မကန်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူးတရားတစ်ခုခုကို အမှတ်ရတိုင်း ကာယကံရှင်ကို လေးစားစိတ်မွေးပါ။ ဒါကလည်း သင့်တင်လျှောက်ပတ်ပြီး တတ်နိုင်တဲ့ ကျေးဇူးဆပ်နည်း တစ်ခုပါဘဲ။
နတ်စည်တော် (Shwemom)
Credit: Shwemom
Labels:
ဗဟုသုတ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment