Thursday, April 28, 2016

"ဘယ်အသက်အရွယ်မှာ မိတ်ဆွေ အပေါဆုံးလဲ"


"ဘယ်အသက်အရွယ်မှာ မိတ်ဆွေ အပေါဆုံးလဲ"

ဘ၀မှာ အသက် (၂၅) နှစ် အရွယ်လောက် မိတ်ဆွေပေါသည့်အရွယ် မရှိဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ ထိုအချိန်လောက် လူချင်း တကယ် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေရင်း ပေါများသည့် ကာလမရှိဟု Royal Society Open Science ဂျာနယ်တွင် ဖော်ပြထားသော စစ်တမ်းက ဆိုသည်။

ဥရောပ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုထံမှ ဖုန်းကတ်များဖြင့် အသုံးပြုသူ (၃ ဒသမ ၂) သန်း၏ ဖုန်းဆက်သွယ်မှုများကို တစ်နှစ်တိတိ စောင့်ကြည့် လေ့လာထားခြင်း ဖြစ်သည်။ လေ့လာမှု ကာလ တစ်နှစ်တာအတွင်း တစ်လ တစ်လလျှင် သုံးသူ တစ်ဦးချင်းစီ၏ ဖုန်းခေါ်နှုန်း၊ ဖုန်းဝင်နှုန်းများကို နှိုင်းယှဉ် ကြည့်သည့်အခါ အသက် (၂၅) နှစ် အရွယ်များသည် ဖုန်းခေါ်သည့်သူ အများဆုံး၊ တစ်ဖက်မှ ဖုန်းဝင်သည့်သူ အများဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ထို့နောက်ပိုင်းတွင်ကား အသက် (၄၅) နှစ်ရောက်သည့်တိုင် ဖုန်းဖြင့် ဆက်သွယ်သူ အရေအတွက်သည် ကျပြီးရင်း ကျသွားကြောင်း တွေ့ရသည်။

တစ်လအတွင်း တကယ်တမ်း ဖုန်းပြောဖြစ်သူ အရေအတွက်သည် ပျမ်းမျှအားဖြင့် (၁၅) ဦး ခန့်သာ ရှိကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။ ထိုအချက်ကို ကြည့်လျှင် ယနေ့ ဆိုရှယ် မီဒီယာခေတ်မှာပင် လူသားတို့သည် တကယ်တမ်း ဖုန်းဆက်ကာ စကားပြောရလောက်အောင် ရင်းနှီးသူ လက်တစ်ဆုပ်စာခန့်သာ ရှိကြောင်း တွေ့နိုင်သည်။

အသက် (၂၅) နှစ်နောက်ပိုင်း လုပ်ငန်းခွင်ဝင်၊ အိမ်ထောင်ကျ၊ လူမှုရေး ကိစ္စများကြား ဗျာများကြရသဖြင့် ဖုန်းဆက်ကာ စကားပြောရလောက်အောင် ရင်းနှီးကျွမ်းဝင်သူ ပမာဏလည်း ကျဆင်းသွားရခြင်းဖြစ်နိုင်ကြောင်း သုတေသီတို့က ဆိုသည်။

Credit: messenger

No comments:

Post a Comment