Thursday, April 7, 2016

"ယောက်ျားတွေဆီကနေ မိန်းမတွေ သင်ယူရမယ့် အချက်များ"


"ယောက်ျားတွေဆီကနေ မိန်းမတွေ သင်ယူရမယ့် အချက်များ"

ယောက်ျားနဲ့ မိန်းမဆိုတာ ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်လို အကောင်းဆုံး တွဲဖက်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လိင်နှစ်မျိုး ဆိုတာကြောင့် အရာရာမှာ မတူညီတာ များပါတယ်။ ဒါပေမဲ့ တစ်ယောက်ဆီကနေ တစ်ယောက်သင်ယူနိုင်မယ့် အရာတွေရှိပါတယ်။ ဒီလို အပြန်အလှန်သင်ယူနိုင်မယ်ဆိုရင် ဘဝတစ်ခု ဖြတ်သန်းဖို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

၁။ ယောက်ျားတွေရဲ့ အရာရာတိုင်းကို ယုတ္တိဗေဒနည်းအရ ဆုံးဖြတ်လုပ်ကိုင်တတ်တာကို အတုယူဖို့ လိုပါတယ်။ မိန်းကလေး အများစုက အလိုလိုသိစိတ်ကိုပဲ ယုံပြီး ကိုယ့်စိတ်အထင်နဲ့ ဆုံးဖြတ်တတ်ကြတာ များတာကြောင့် အမှားကြုံတာ များပါတယ်။

၂။ စိတ်ခံစားချက်ကို ဦးစားမပေးတတ်တဲ့ ယောက်ျားတွေရဲ့ စရိုက်က လက်တွေ့ကျပြီး ကြောင်းကျိုးဆင်ခြင်နိုင်စွမ်း များစေပါတယ်။ ဦးနှောက်ရှေ့မှာ နှလုံးသားက အရင်ရောက်နေတတ်တဲ့ မိန်းကလေးတွေအတွက် တခါတရံ အကြီးဆုံး အမှားတွေ ကျူးလွန်မိတတ်တာ သဘာဝပဲ ဖြစ်ပါတယ်။

၃။ အသေးအဖွဲလေးတွေတိုင်း အတွက်လည်း သောကမများတတ်သူ ယောက်ျားလေးတွေရဲ့ ဘဝက ပိုပြီး နေပျော်တဲ့ ဘဝမျိုးဖြစ်ပါတယ်။ မနက်စာစားတာမေ့တဲ့ ကိစ္စလောက်ကို ကိစ္စကြီးတစ်ခုလို ဖြစ်ပြီး အကြိမ်ကြိမ် မှာနေတတ်တဲ့ မိန်းကလေးတွေရဲ့ အကျင့်က သေးသေးလေးပေမဲ့ စိတ်ထဲမှာ ဖိအား အမြဲပေးခံနေရသလို ပေါ့ပါးလွတ်လပ်တဲ့ အရသာကို ခံစားရမှာ မဟုတ်ပါဘူး။

၎။ လိုအပ်တဲ့ အခါမှ အတင်းပြောတတ်တဲ့ ယောက်ျားတွေကို မိန်းကလေးတွေ အတုယူဖို့ လိုပါတယ်။ မိန်းကလေးတွေက သမိုင်းမတင်မီ ခေတ်ကတည်းက အတင်းပြောတတ်တဲ့ သတ္တဝါတွေ ဖြစ်ပါတယ်။ အတင်းလုံးဝ မပြောရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်တတ်တဲ့အတွက် အတင်းပြောတာကို ယောက်ျားလေးတွေလို လျှော့ပြီးပြောတာ အကောင်းဆုံး ဖြစ်ပါတယ်။

၅။ မြှောက်ပင့်ပြောတဲ့သဘောကို မကြိုက်ဘဲ အစစ်အမှန်ကိုပဲ အလေးထားတဲ့ ယောက်ျားလေးတွေက အမှန်ကို ဖုံးကွယ်ပြီး နားဝင်ချိုအောင် ပြောတတ်တဲ့ စကားတွေကိုပဲ သာယာတတ်တဲ့ မိန်းကလေးတွေထက် အလိမ်ခံရတဲ့ အရေအတွက် ပိုနည်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယောက်ျားလေးတွေလိုပဲ အစစ်အမှန်ကို ရင်ဆိုင်နိုင်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment