Wednesday, April 27, 2016

"လူငယ်တွေကို လူကြီးတွေသိစေချင်တဲ့ အချက် (၇) ချက်"


"လူငယ်တွေကို လူကြီးတွေသိစေချင်တဲ့ အချက် (၇) ချက်"
   
အသက်ဆိုတာ ဒီအရွယ်နဲ့ ရပ်တန့်မနေတာတော့ သေချာပါတယ်။ အသက်ငယ်လေ အတွေ့အကြုံက ငယ်လေ၊ အသက်ကြီးလေ  အတွေ့အကြုံက ရင့်ကျက်လေ ဖြစ်ပါတယ်။ ဒီတော့ ရင့်ကျက်တဲ့ လူကြီးတွေက အသက် (၂၀) အရွယ် လူငယ်တွေကို သိစေချင်တဲ့ အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပိုက်ဆံရှိတိုင်း လုပ်ချင်ရာမလုပ်နဲ့ဦး။

ဒီလိုအရွယ်မှာ ငွေရှိတယ်၊ အရွယ်ရှိတယ်၊ ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ငယ်မာန်နဲ့ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အဖွင့်မှာ ပြောခဲ့သလို အတွေ့အကြုံ နုနယ်လှသေးတဲ့အချိန်မို့ အရှုံးကြီးရှုံးတဲ့အခါ နလန်မထူတော့ဘဲ အညွန့်ကျိုးသွားတတ်ပါတယ်။

(၂) တစ်ခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ပါနဲ့

ဒါကတော့ နံပတ် (၁) အချက်နဲ့ ဆန့်ကျင်ဘက်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အကြောင်းအရာချင်း မတူပါဘူး။ ဥပမာအားဖြင့် ကောင်းတဲ့ကိစ္စတစ်ခုခုမှာ ကိုယ်က မှန်တယ်လို့ ယူစထားတဲ့အချက်မျိုးဆိုရင် သိပ်ဂရုမစိုက်ပါနဲ့။ ဒီနည်းနဲ့ သင့်ကို ရင်ကျက်သူတစ်ယောက် ဖြစ်စေမှာပါ။

(၃) တတ်နိုင်သလောက် သင်ယူလေ့လာပါ

ငယ်ရွယ်ချိန်မှာ ပညာရှာဖို့ တတ်နိုင်သလောက် ကြိုးစားတတ်ပါစေ။ ကြီးလာတဲ့အခါမှ ပညာဟာ အကောင်းဆုံး Source ဆိုတာ နားလည်ရင် နောက်ကျသွားပါပြီ။

(၄) မှားတာတွေလည်း မှားပါစေ

မှားတာတွေလည်း မှားပါစေ။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ဒါကြောင့်မို့ အမှားတစ်ခုကြောင့် ဘယ်တော့မှ နောင်တနဲ့ မကျဆုံးပါနဲ့။ အမှန်တရားတွေအတွက် ရှင်သန်နိုးထပါ။

(၅)  အနာဂတ်ရေးအတွက် ကြိုပြီး စိတ်မပူပါနဲ့

ငါကြီးလာရင် ဘာလုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပုံစံခွက်ထဲ အထည့်မခံပါနဲ့။ ကြီးလာတဲ့အခါ သင့်ရဲ့ ဘောင်ကျဉ်းလှတဲ့ ပုံစံခွက်ကြီးဟာ ရေရှည်အဆင်ပြေမှာ မဟုတ်ပါဘူး။

(၆) ကိုယ့်အရွယ်နဲ့လိုက်ဖက်တဲ့ အပျော်ကို ရှာတတ်ပါစေ

အသက် (၂၀) အရွယ်နဲ့ လိုက်ဖက်တဲ့ အပျော်ကို ရှာတတ်ပါစေ။ ဝေလေလေလုပ်လုပ်နေရတာကို ပျော်တဲ့ လူငယ်ဟာ ကြီးလာတဲ့အခါ တန်ပြန်သက်ရောက်မှုအဖြစ် ပေတေတေ နေရတတ်ပါတယ်။

(၇) အရာရာသိတယ်လို့ မထင်ပါနဲ့

အရာရာသိတယ်လို့ ထင်တဲ့စိတ်ဟာ အသိပညာရဲ့ ခလုတ်ကန်သင်း ဖြစ်ပါတယ်။ အတန်းထဲမှာ စွာကျယ်စွာကျယ်နဲ့ သူသိသူတတ် ဆရာကြီးလုပ်ခဲ့တဲ့သူတွေ အသက် (၃၀) အရွယ်လောက်မှာ ဘာဖြစ်နေတယ်ဆိုတာ သင့်ထက် အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment