Wednesday, April 6, 2016

"အသားဟင်းစားရင် ကင်ဆာ ဖြစ်မှာလား"


"အသားဟင်းစားရင် ကင်ဆာ ဖြစ်မှာလား"

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လေ့လာသုတေသန တစ်ရပ် အရကား အသားစိမ်းနှင့် ပြုပြင်စီမံထားသော အသားဟင်းလျာများကို များများစားလေ ကင်ဆာ ဖြစ်နိုင်ခြေ တိုးလာလေဟု သိရသည်။ သို့သော် ထိုသို့ အဖြေထွက်လာသဖြင့်  ဘာဂါတွေ၊ အသားချောင်းတွေနဲ့ အသားဆို ဘာအသားမှ မစားဟု ရှောင်လိုက်ဖို့တော့ မလို။

လေ့လာမှု စစ်တမ်းက ဘယ်လို သဘောလဲ။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ၏ တစ်စိတ်တစ်ဒေသဖြစ်သော နိုင်ငံတကာ ကင်ဆာ သုတေသန အေဂျင်စီ (IARC) သည် အသားစားခြင်းနှင့် ကင်ဆာဖြစ်ပွားခြင်းအကြား ဆက်စပ်မှုကို လေ့လာထားသော စစ်တမ်း (၈၀၀) ကျော်ကို ပြန်လည် လေ့လာသုံးသပ်ကာ ကောက်ချက် စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့သည်။ လေ့လာ သုတေသန(၈၀၀) ကျော်သည် ကမ္ဘာတစ်ဝန်းက လူမျိုးစုံ၊ စားသောက်မှု ပုံစံမျိုးစုံကို ခြုံငုံ မိကြောင်းလည်း သုတေသီတို့က ဆိုသည်။ တွေ့ရှိချက်ကား အသားချောင်း၊ အသားဘူး၊ ဟော့ဒေါ့၊ ဘာဂါ စသည်တို့တွင် ပါဝင်သော တစ်ဆင့်စီမံထားသည့် အသားများသည် လူသားခန္ဓာကိုယ်တွင် ကင်ဆာဆဲလ်များ ဖြစ်ပွားလာအောင် လှုံ့ဆော်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ရသည်။ ပြုပြင်စီမံထားသော အသားပမာဏ (၅၀) ဂရမ် စားပြီးတိုင်း အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ (၁၈) ရာခိုင်နှုန်း တိုးလာကြောင်း သုတေသီများက ဆိုသည်။ အမဲသား၊ နွားကလေးသား၊ ၀က်သား၊ သိုးသား၊ ဆိတ်သား စသော အသားစိမ်းများသည်လည်း လူသားတွင် ကင်ဆာဆဲလ်များ ဖြစ်ပွားလာအောင် လှုံ့ဆော်နိုင်ခြေရှိသော အစားအစာများ စာရင်းတွင် ပါဝင်သည်။ ကင်ဆာ ကျိန်းသေပေါက် ဖြစ်စေသည်ဟု ဆိုနိုင်လောက်အောင်ကား ခိုင်လုံသော သက်သေမျိုး မရှိသေးဟု သုတေသီတို့က ဆိုသည်။ အသားစိမ်း (၁၀၀) ဂရမ် စားပြီးတိုင်း ကင်ဆာ ဖြစ်နိုင်ခြေသည် (၁၇) ရာခိုင်နှုန်းခန့် တိုးလာသည်ဟု အကြမ်းဖျင်း တွက်ချက်နိုင်ကြောင်း သုတေသီတို့က ပြောသည်။

ဒါဆို အသားစားရင် ကင်ဆာ ဖြစ်နိုင်လား။

ကျွမ်းကျင်သူများ အလိုအရမူ အသားစားခြင်းကို ထူးထူးခြားခြား ရှောင်နေစရာမလို၊ သို့သော် သတ်မှတ် ပမာဏထက်တော့ ပိုမစားမိအောင် ထိန်းသိမ်းတာ အကောင်းဆုံး ဖြစ်သည်ဟု IARC ညွှန်ကြားရေးမှူး ဒေါက်တာ ခရစ္စတိုဖာဝိုင်းလ်ဒ် က ပြောသည်။

အသား လုံးဝမစားကြနဲ့ဟေ့ ဆိုပြီး လူတွေ ကြောက်လန့်အောင် အသံကောင်းဟစ်နေဖို့တော့ မလိုပါဘူးဟု စတန်းဖို့ဒ် တက္ကသိုလ်၏ ရောဂါကာကွယ်ရေးဌာန အကြီးအကဲ ဒေါက်တာဂျွန် အိုင်ယန်နီဒစ် ကလည်း ပြောသည်။

အသား မည်မျှထက်မပိုအောင် စားရမည်ဟု အတိအကျ ညွှန်းထားခြင်းမျိုး မရှိသော်လည်း အမေရိကန်နိုင်ငံ တက်ဖ်တက္ကသိုလ် အာဟာရ သိပ္ပံနှင့် မူဝါဒများဆိုင်ရာ သင်တန်းကျောင်းမှ ဒေါက်တာ ဒါရီယက်စ် မိုဇာဖာရီယန် ကမူ ပြုပြင်ထားတဲ့ အသားဟင်းလျာမျိုး တစ်လနှစ်ကြိမ်ထက် ပိုမစားသင့်ဘူး။ သဘာဝအတိုင်း အသားစိမ်းမျိုးကိုလည်း တစ်ပတ် နှစ်ကြိမ်ထက် ပိုမစားသင့်ဘူးဟု ဆိုထားသည်။

ဘယ်အသားက ပိုအန္တရာယ်ကင်းတယ် ဆိုတာမျိုး ရှိလား။

ယေဘုယျအားဖြင့် ပြောရလျှင် ကြက်သားပဲ စားစား အမဲသားပဲ စားစား ခပ်ပါးပါးလွှာ ထားသည့် အသားများသည် ပိုအန္တရာယ်ကင်းသည်ဟု ဆိုနိုင်သည်။ အသားတုံးကြီးလေ အဆီနှင့် ကိုလက်စထရော များလေ ဖြစ်သည်။ ထိုနှစ်မျိုးများလေ နှလုံး၊ ဆီးချို အပါအ၀င် နောက်ဆက်တွဲ ရောဂါများ ဖြစ်ပွားနိုင်ခြေလည်း များလာလေဖြစ်သည်။ ဟော့ဒေါ့၊ ဘာဂါ၊ စည်သွပ်ဘူး အသားဟင်း စသော ပြုပြင်ထားသည့် အသားများ စားသုံးရာတွင်လည်း အဆီများသည့် အသားမျိုး တတ်နိုင်သမျှ ရှောင်ခြင်းသည် ကျန်းမာသော စားသောက်မှုဆီသို့ ချဉ်းကပ်ရာ ရောက်သည်။

ချက်ပြုတ် ပြင်ဆင်ပုံပေါ် မူတည် ပါသလား။

သိပ်ကို မူတည်သည်ဟု ဆိုနိုင်သည်။ အသားများကို ဘာဘီကျူးလုပ်ကာ ကင်စားသောနည်းသည် အန္တရာယ်အများဆုံးနည်းဟု ကျန်းမာရေး ပညာရှင်များက တစ်ညီတစ်ညွတ်တည်း ဆိုထားကြသည်။ ထိုသို့ အလွတ်ကင်စားခြင်းကြောင့် မီးခိုးပြာမှုန်များထဲတွင် ပါသော ပြာများသည် လူ့ခန္ဓာကိုယ်ထဲတွင် ဆဲလ်များကို အနှောင့်အယှက်ပေးကာ ကင်ဆာ ဖြစ်စေမည့် အဆိပ်ဓာတ်များ ပိုဖြစ်စေနိုင်စွမ်း ရှိသည်။

ဒါဆို သက်သက်လွတ် စားလိုက်တာ အန္တရာယ် အကင်းဆုံးလား။

ကျန်းမာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင် ထိုသို့ လုပ်ရန်လည်း မလိုအပ်ပါ။ အသားသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတိန်း၊ ဗီတာမင်၊ သတ္တုဓာတ်များ ဖြည့်စွမ်းပေးသည့် အဓိက အာဟာရ ဖြစ်သည်။ အသားက ရရှိသော အာဟာရသည် ဦးနှောက်မှအစ ကြွက်သား အလယ် ခုခံအားစနစ် အဆုံး အကျိုးပြုသည်။ အသား လုံးဝရှောင်လိုက်ပါက ခန္ဓာကိုယ်အတွက် အဓိက အာဟာရများ လက်လွတ်သွားလိမ့်မည်။ အသား မစားဘဲ အခြား တစ်နည်းနည်းဖြင့် ထိုအာဟာရများ ဖြည့်စွမ်းနိုင်သည် ဆိုလျှင် ကိစ္စမရှိ။ မဖြည့်စွမ်း နိုင်လျှင် ကျန်းမာရေး အတွက်ပါ ဆိုးကျိုး ဖြစ်နိုင်သည်။

ကိုထိုက်

Credit: messenger

No comments:

Post a Comment