Thursday, April 28, 2016
"ချစ်သူနှစ်ဦးကြားက သံသယဟာ ချစ်ခြင်းကို ဖျက်စီးပစ်မယ့် နတ်ဆိုးသာဖြစ်"
"ချစ်သူနှစ်ဦးကြားက သံသယဟာ ချစ်ခြင်းကို ဖျက်စီးပစ်မယ့် နတ်ဆိုးသာဖြစ်"
အိမ်ထောင်သည် ဖြစ်စေ၊ ချစ်သူနှစ်ဦးပင်ဖြစ်စေ ငြိမ်းချမ်းပျော်ရွှင်တဲ့ အချစ်ရေးတည်ဆောက်ဖို့ အလိုအပ်ဆုံး ပါဝင်ပစ္စည်းက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ အချစ်ရေးအားလုံးက ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ အပေါ်မှာ အခြေတည်ထားတာ ဖြစ်ပါတယ်။ ချစ်ခြင်းက ဘဝကို သာယာပျော်ရွှင်စေဖို့နဲ့ အဓိပ္ပါယ်ရှိစေဖို့ တာဝန်ယူပါတယ်။ ယုံကြည်မှုကတော့ အဖိုးတန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို ဖြစ်စေမှာပါ။
အချစ်နဲ့ယုံကြည်မှုဆိုတာ အချင်းချင်း အပြန်အလှန် ချိတ်ဆက်နေပါတယ်။ သူတို့နှစ်ခု မပြည့်စုံဘဲနဲ့ ဘဝတစ်ခု စတင်ဖန်တီးဖို့ မဖြစ်နိုင်သလို ရေရှည်တည်တံ့တဲ့ ဘဝခရီးကိုလည်း လျှောက်လှမ်းနိုင်မှာလည်း မဟုတ်ပါဘူး။ ချစ်တဲ့သူပေမဲ့ ကိုယ်မယုံကြည်နိုင်လောက်တဲ့သူမျိုးကို ဘယ်သူမှ တစ်ဘဝလုံးစာ လက်တွဲဖို့ မဆုံးဖြတ်ကြပါဘူး။ ယုံကြည်မှုနဲ့ စတင်ခဲ့တဲ့ ဘဝတစ်ခုကို ခိုင်မြဲစေဖို့အတွက်ကလည်း ယုံကြည်မှုပဲ လိုအပ်ပါတယ်။
ချစ်သူနှစ်ဦးကြား သံသယစပြီး ဝင်လာတာနဲ့ ပျက်စီးဖို့ လမ်းကြောင်းပေါ်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ သံသယဆိုတာ အရမ်းကို ကြောက်စရာကောင်းတဲ့ ပူလောင်မှုတစ်ခုပါ။ သူ့ရဲ့အာနိသင်က သံသယအဝင်ခံရတဲ့သူသာ စိတ်ညစ်ရတာမဟုတ်ဘဲ သံသယဝင်တဲ့သူမှာလည်း ပူလောင်မှုတွေနဲ့ ပြည့်နှက်နေစေပါတယ်။ ဒါကြောင့် လူကြီးသူမတွေက သံသယဆိုတဲ့အရာ အိမ်ရှေ့တံခါးက ဝင်လာတာနဲ့ မိသားစုပျော်ရွှင်မှုက အိမ်နောက်ဖေးကနေ ထွက်သွားတတ်တယ်လို့ ဆိုခဲ့တာ ဖြစ်မှာပါ။ အရမ်းကို မှန်တဲ့စကားလေးပါ။ ဘယ်လောက်ပဲ ချစ်ကြတဲ့သူတွေဖြစ်ပါစေ သံသယဝင်သွားပြီဆိုတာနဲ့ အမုန်းစိတ်က မကြာခင် ရောက်လာပြီး ဘာလုပ်လုပ် အကောင်းမမြင်တတ်တော့ပါဘူး။
ဒါကြောင့် သံသယ ဝင်လာတော့မယ်ဆိုရင် သံသယဆိုတာ ကိုယ့်ချစ်သူရဲ့ သိက္ခာ၊ ရိုးသားမှုကို စော်ကားရာရောက်တယ်ဆိုတာကို အရင်ဆုံး စဉ်းစားပြီး ကိုယ်မသိနိုင်တဲ့ အခြားအကြောင်း ရှိသေးလားဆိုတာ အရင်ရှာဖွေပါ။ နောက်ပြီး သံသယကို မွေးထားပြီး အရာရာကို သံသယမျက်လုံးနဲ့ မကြည့်ပါနဲ့။ အရေးအကြီးဆုံးအချက်က သံသယဆိုတာ ချစ်သူတွေရဲ့ အချစ်ကို ဝါးမြိုမယ့် နတ်ဆိုးတစ်ကောင်ဆိုတာကို အမြဲသတိပြုပြီး အေးချမ်းပျော်ရွှင်တဲ့ အချစ်ကို တည်ဆောက်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ခင်သူဇာ
Credit: Trend Myanmar
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment