Tuesday, April 5, 2016
"အချစ်ဆုံးသူငယ်ချင်းအတွက်"
"အချစ်ဆုံးသူငယ်ချင်းအတွက်"
သင့်သူငယ်ချင်းရဲ့ ချစ်သူက သူငယ်ချင်းမသိအောင် နောက်တစ်ယောက်နဲ့ တိတ်တိတ်လေး တွဲနေခဲ့တာ သင်ကသိနေခဲ့မယ်ဆိုရင် ဘယ်လိုဆုံးဖြတ်မှာလဲ။ သူငယ်ချင်းကို ဖွင့်ပြောချင်ပေမယ့် သူငယ်ချင်း ခံစားရမှာ စိုးရိမ်လို့ မသိချင်ယောင် ဆောင်နေမှာလား၊ ဒါမှမဟုတ် ကိုယ်ပြောလိုက်လို့ ကိုယ့်ကို ပြန်ပြီး စိတ်ဆိုးမှာစိုးလို့ မပြောပဲ နေလိုက်မှာလား။ ဒီကိစ္စက တော်တော်လေး ခက်ခဲပါတယ်။ ကြား ၃ ကြားကို မ၀င်ကောင်းဘူး ဆိုတဲ့ အဆိုလေးအတိုင်း အခန့်မသင့်ရင် ကိုယ့်ရဲ့စေတနာက သူများအတွက် ဝေဒနာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် သင့်သူငယ်ချင်းကို အရမ်းချစ်လို့ သူ့အတွက် မခံနိုင်ဖြစ်ပြီး သူငယ်ချင်းကို ပြောမှဖြစ်မယ်လို့ သင် ဆုံးဖြတ်ထားရင်တော့ အောက်က အချက်လေးတွေအတိုင်း လုပ်တာ အားလုံးအတွက် အကောင်းဆုံးဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ ဘယ်လိုမျိုး အချက်တွေလဲဆိုတော့…..
မှန်ကန်တဲ့ သတင်းရပ်ဖြစ်စေပါ
အရင်းဆုံး ပြောချင်တာကတော့ ဒီလိုသတင်းအကြောင်း သူငယ်ချင်းကို ပြောတော့မယ်ဆိုရင် အရင်ဆုံး သူ့ရဲ့ချစ်သူက နောက်တစ်ယောက်နဲ့ တွဲနေတယ်ဆိုတာကို ကိုယ်ကိုယ်တိုင် မျက်စိနဲ့ မြင်ထား သိထားဖို့လိုပါတယ်။ ဘယ်တော့မှ တစ်ဆင့်ခံပြောတဲ့ စကားကို ကြားပြီး သူငယ်ချင်းကို သွားမပြောပါနဲ့။ ကိုယ်တိုင်ကိုယ်ကျ မသိဘူးဆိုရင်တော့ သူငယ်ချင်းအချင်းချင်း ဆက်ဆံရေးအတွက် မပြောပဲနေတာ အကောင်းဆုံးပါ။
သက်သေအထောက်အထားပြုလုပ်ပါ
သင့်သူငယ်ချင်းရဲ့ ရည်းစားဟာ နောက်တစ်ယောက်နဲ့ တွဲနေတာကို သင်ကိုယ်တိုင် သေချာတွေ့ပြီး မှန်ကန်နေမယ်ဆိုရင် အဲ့ဒီလိုတွေ့တဲ့ အခိုက်အတန့်အတွင်းမှာ သက်သေပြစရာ တစ်ခုခုရအောင် လုပ်ပါ။ ဥပမာအနေနဲ့ လက်ကိုင်ဖုန်းအသုံးပြုပြီး ဓာတ်ပုံရိုက်တာမျိုး ဗွီဒီယို ရိုက်ထားတာမျိုး အမိအရပြနိုင်အောင် လုပ်ပါ။ ဓာတ်ပုံ၊ ဗွီဒီယို ရိုက်ဖို့ အဆင်ပြေဘူးဆိုရင်တော့ အနည်းဆုံး ဖုန်း Recorder နဲ့ အသံသွင်းနိုင်အောင် ကြိုးစာပါ။ ဒီသက်သေတွေဟာ သင့်သူငယ်ချင်းကို ပြောပြတဲ့အခါမှာ အသုံးဝင်လာမယ့်အရာတွေ ဖြစ်ပါတယ်။
ကာယကံရှင်ကို အရင်ဆုံးအသိပေးပါ
နောက်တစ်ဆင့်အနေနဲ့ သင့်သူငယ်ချင်းကို မပြောပြခင် ကာယကံရှင်ဖြစ်တဲ့ သူငယ်ချင်းရဲ့ ချစ်သူကို အရင်ဆုံး သင့်အနေနဲ့ သူ နောက်တစ်ယောက်တွဲနေတာ သိထားပြီး သက်သေတွေပါရှိတယ် ဆိုတာကို သိအောင်ပြောပြပါ။ ဒီလိုပြောပြီးရင်တော့ သူ့ကို သူငယ်ချင်းဆီမှာ ကိုယ်တိုင်သွားဝန်ခံအောင် အချိန်တစ်ခု သတ်မှတ်ပေးပါ။ သမီးရည်းစား ဆက်ဆံရေးမှာ အရေးကြီးဆုံးက သူတို့ချင်း ရိုးသားပြီး ပွင့်လင်းဖို့ အရေးကြီးပါတယ်။ ကိုယ်လုပ်ထားတဲ့ အမှားကို ကိုယ်ကိုယ်တိုင် ၀န်ခံတာ တစ်ဖက်သားကို လေးစားရာ ရောက်သလို သူများပြောမှ သိရတာထက် အများကြီး ခံစားရတာ သက်သာစေပါတယ်။ ဒါကြောင့် ကိုယ်ဘယ်လောက်ပဲ ပြောချင်နေပါစေ သူတို့ကြားက ပြဿနာကို သူတို့ကိုယ်တိုင် ဖြေရှင်းခိုင်းပါ။
ကာယကံရှင်က ၀န်မခံခဲ့ရင်
ကာယကံရှင် ကိုယ်တိုင်က ၀န်မခံခဲ့ရင် ဒါမှမဟုတ် ၀န်ခံဖို့ သတ္တိမရှိခဲ့ဘူးဆိုရင်တော့ သင်ဝင်ပါရမယ့် အခန်းကို ရောက်လာပါပြီ။ အရင်ဆုံး သင့်သူငယ်ချင်းကို နှစ်ယောက်တည်း စကားပြောလို့ရမယ့် နေရာတစ်ခုကို ချိန်းဆိုလိုက်ပါ။ အသံတွေနဲ့ ဆူညံနေတဲ့ နေရာတွေထက်စာရင် ပန်းခြံ၊ ကျောင်းကစားကွင်း၊ ဒါမှမဟုတ် ကော်ဖီဆိုင် စတဲ့ နေရာတွေကို ချိန်းဆိုလိုက်ပါ။
လိုရင်းတိုရှင်းပြောပါ
သူငယ်ချင်းနဲ့ အတူတူ ချိန်းထားတဲ့နေရာကို ရောက်ပြီဆိုရင် ချိန်းရတဲ့ အကြောင်းအရင်းကို သွယ်ဝိုက်မနေပဲ ပွင့်ပွင့်လင်းလင်း ဖြစ်ကြောင်းကုန်စဉ်ကို တစ်ခုမကျန် ပြောပြပါ။ ဒီလိုပြောတဲ့ အခါမှာ သင့်သူငယ်ချင်းအတွက် ရှက်တာ ဒေါသထွက်တာ ၀မ်နည်းတာတွေ ဖြစ်နိုင်တဲ့အတွက် သင့်အနေနဲ့ သူငယ်ချင်းကို ဒါကိုပြောရရတာ သင့်အတွက်လည်း ဘယ်လောက် ခက်ခဲတယ်ဆိုတာကို နားလည်အောင် ရှင်းပြထားပါ။ ပြီးတဲ့အခါမှာ သူခံစားရသလောက် ကိုယ်လည်းခံစားရတယ် ဆိုတာကို သိအောင် ရှင်းပြထားပါ။ နောက်တစ်ခုအနေနဲ့ သင့်သူငယ်ချင်းရဲ့ ချစ်သူကို ကိုယ်တိုင်ကိုယ်ကျ ဒီကိစ္စကို ဖွင့်ပြောပြီးဝန်ခံဖို့ ပြောထားပေမယ့် မပြောတဲ့အတွက် ကိုယ်တိုင်ပြောရတာကို သင့်သူငယ်ချင်း နားလည်အောင် ရှင်းပြပါ။
သက်သေတွေကို ထုတ်ပြပါ
ရုတ်တရက် သိလိုက်ရတဲ့ သတင်းတစ်ခုကို လူတိုင်း ယုံရခက်တာ သဘာဝဖြစ်သလို သင့်သူငယ်ချင်းလဲ သင့်ကို ချက်ချင်းယုံနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သင် ရှာဖွေထားတဲ့ သက်သေတွေကို မျက်စိရှေ့ထုတ်ပြဖို့ အချိန်ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို သူ့ရဲ့ ချစ်သူလည်း တွေ့ပြီးသားဖြစ်ကြောင်း သိအောင်ပြောပြပါ။
ခံစားဖို့အချိန်ပေးပါ
အဖြစ်မှန်တွေကို သိရှိသွားပြီး ခံစားနေရတဲ့ သူငယ်ချင်းကို သူတစ်ယောက်တည်း အပြည့်အ၀ခံစားဖို့ အချိန်ပေးပါ။ မိုက်ရူးရဲဆန်တဲ့ အပြုအမူတွေကို မလုပ်မိစေဖို့ အားပေးပါ။ အကောင်းဆုံးကတော့ အိမ်ကို ပြန်ခိုင်းပြီး ဒီကိစ္စကို သူ့တို့ သမီးရည်းစား နှစ်ယောက်ကြားမှာ ကိုယ်တိုင် ဆွေနွေးဖြေရှင်းဖို့ အကြံပေးပါ။ အခန့်မသင့်လို့ ကိုယ့်အပေါ် ဒေါသထွက်ရင်တောင် ခဏလောက်တော့ သည်းခံနားလည်ပေးလိုက်ပါ။ လူတိုင်းဒီလို အချိန်က ပေါက်ကွဲနိုင်တဲ့အတွက် ဖြစ်ပါတယ်။
ကိုယ်မှန်တယ်ထင်တာကိုလုပ်ပါ
ဒါကတော့ နောက်ဆုံးတစ်ချက်ဖြစ်သလို သင့်အတွက် ဖြစ်ပါတယ်။ လောကမှာ ကိုယ့်ရဲ့ စေတနာနဲ့ မတန်တဲ့ လူတွေရှိပါတယ်။ ကိုယ်က ကိုယ့်သူငယ်ချင်းကို ကာကွယ်ဖို့ တာဝန်ရှိလို့ အသိပေးလိုက်ပေမယ့် ဒီလိုမျိုး အမှန်အတိုင်း ပြောလိုက်တဲ့အတွက်ကြောင့် သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းကွဲရတာတွေ အများကြီးပါ။ ဒါကြောင့် ကိုယ်ဘယ်လောက်ပြောပြော သူငယ်ချင်းက လက်မခံပဲ သူ့ချစ်သူကိုသာ ဆက်ပြီး လက်တွဲသွားချင်တယ်ဆိုရင်တော့ သတိပေးရမယ့် သင့်ရဲ့တာဝန် ကျေခဲ့ပြီမို့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပေးလိုက်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှ သင့်အတွက် မလိုအပ်တဲ့ ခံစားမှုတွေ ခံစားရခြင်းကနေ ကင်းဝေးစေမှာပဲ ဖြစ်ပါတယ်။
Credit: Yangon Life
Labels:
ချစ်မှုရေးရာ,
အတွေးအမြင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment